စီးပွားရေး

ပြည်ပကုန်သွယ်မှုတွင် ကုန်ဖလှယ်သည့်စနစ်သုံးမည်ဟုဆို

သွင်းကုန်လိုင်စင် ကန့်သတ်ထားချိန်၊ ကုန်ထုတ်လုပ်မှုကျဆင်းပြီး ပို့ကုန် မဆိုစလောက်သာ ရှိနေချိန်တွင် စစ်ဗိုလ်ချုပ်များ၏ အစီအစဉ်သစ်မှာ ပြည်ပနှင့် ကုန်ပစ္စည်းဖလှယ်သည့်စနစ် ဖြစ်သည်။

နိုင်ငံခြားသုံးငွေ ပြတ်လပ်လာခြင်း၊ ကုန်သွယ်ရေးလိုငွေမြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး  ဒေါ်လာနှင့်ရွှေဈေးနှုန်း တဟုန်ထိုးမြင့်တက်လာခြင်းတို့ကို  ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီက ပြည်ပ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင်နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်မည့် ကုန်ဖလှယ်သည့်စနစ်ကို  ကျင့်သုံးရန်   စီစဉ်နေသည်။

ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့်စနစ် (Barter Transaction Arrangement- BAT) ကျင့်သုံးခြင်းသည် ပြည်ပနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်ရေးလိုငွေ လုံးဝမရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။

“(စစ်ကောင်စီက) ကုန်သွယ်ရေးလိုငွေ များနေတဲ့အတွက် ကုန်သွယ်ရေးလိုငွေကို သုညဖြစ်သွားအောင် လုပ်လိုက်တဲ့ သဘောပါပဲ။ နိုင်ငံခြားငွေ အတက်အကျ နည်းအောင်လုပ်တာပေါ့။   ဈေးကွက်ထဲ ဝင်ဝယ်စရာ မလိုတော့ဘူး၊ ပို့ကုန်ပို့ပြီး (အဲဒီပို့ကုန်ရငွေနဲ့) သွင်းကုန်ပြန်သွင်းရမယ်” ဟု ၎င်းက ပြောသည်။ 

 “ဒါကတော့ ကျောက်ခေတ်ကတည်းက လုပ်တဲ့စနစ်ပဲ” 

ထိုစနစ်ကျင့်သုံးနိုင်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်၏ ညွှန်ကြားထားမှုနှင့်ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)က မေ ၂၈ ရက်စွဲဖြင့် ကုန်သည်အသင်း အဖွဲ့များထံသို့ အကြောင်းကြားစာပို့ခဲ့ကြောင်း သိရသည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီများသည် ပြည်ပကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုကာ ကုန်ဖလှယ်ရမည်ဖြစ်သည်၊ ပို့ကုန်ရငွေနှင့် သွင်းကုန်အတွက် နိုင်ငံခြားငွေပေးချေမှုအပေါ် ဗဟိုဘဏ်၏ ကြားဝင်ထိန်းချုပ်မှုများမှ  ကင်းလွတ်ခွင့်ရမည်ဟု မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုန်သည်က ဆိုသည်။

လက်ရှိတွင် ကုမ္ပဏီများ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ဖြတ်ယူသည်။ ကျန် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ အွန်လိုင်းငွေဈေးကွက်တွင် ပြန်လည်ရောင်းချရသည်။  အွန်လိုင်းငွေဈေးကွက်ဆိုသည်မှာ ဘဏ်နှင့် ကုမ္ပဏီများ နိုင်ငံခြားငွေရောင်းဝယ်ရန် စီစဉ်ထားသည့် ဈေးကွက်တစ်ခုဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်က သပ်သပ်ထပ်ရှိနေသည်။

 ထို့အတူပြည်ပသွင်းကုန်အတွက် လိုအပ်သည့်နိုင်ငံခြားငွေကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် အသုံးပြုရခြင်းဖြစ်သည်။ 

ယခုစနစ်တွင် ပါဝင်သောကုမ္ပဏီများ ကုန်သွယ်ကြရာတွင် စစ်ကောင်စီ၏ ထိုနိုင်ငံခြားငွေထိန်းချုပ်မှုမှ ကင်းလွတ်ခွင့်ရမည်ဟု နားလည်ရသည်။ 

စစ်အာဏာသိမ်းပြီးနောက် ကုန်ထုတ်လုပ်မှုကျဆင်းပြီး ပို့ကုန် မဆိုစလောက်သာ ရှိနေချိန်တွင် ကုန်ပစ္စည်းဖလှယ်သည့်စနစ် ကျင့်သုံးရေး ဆိုသည်မှာ အဓိပ္ပာယ် မရှိကြောင်း စားသောက်ကုန် ထုတ်လုပ်ရောင်းချနေသည့် နောက်ထပ်ကုန်သည်တစ်ဦးက ပြောသည်။ 

“သွေးရူးသွေးတန်းနဲ့ ထထုတ်တဲ့ Statement တစ်ခုပါ။ တကယ်လုပ်လို့က ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒါမျိုးလုပ်တယ်ဆိုတာကကျွန်တော်တို့နိုင်ငံကလည်းထွက်၊ တစ်ဖက်နိုင်ငံကလည်းထွက်တော့မှ Barter စနစ်က သွားလို့ရတာ” ဟု သူက သုံးသပ်သည်။

ရွှေနှင့် ဒေါ်လာဈေးနှုန်း အကြီးအကျယ်မြင့်တက်လာမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ယခုအစီစဉ်ဆောင်ရွက်ခြင်းဖြစ်လိမ့်မည်ဟုလည်း သူက ဆိုသည်။

လျှပ်စစ်ဓာတ်အား မရရှိမှု၊ နယ်မြေ မတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု စသည့် အခြေအနေများကြောင့် ထုတ်ကုန်နှင့် ထွက်ကုန် နှစ်မျိုးလုံးကျသွားသည်ဟု သူက ဆက်ပြောသည်။ 

“စိုက်ပျိုးရေးထွက်ကုန်တွေက အကုန်လျော့ကျသွားပြီ။ စစ်ကိုင်းတို့၊ မကွေးတို့က ပဲနှမ်းစိုက်ဧကတွေ အရမ်းလျော့သွားပြီ။ ဆန်လည်းဒီလိုပဲ။ အရမ်းလျော့သွားပြီ။ ကျွန်တော့် စိတ်အထင် (ဒီစနစ်လုပ်နိုင်ဖို့) မလွယ်ဘူးပေါ့” ဟု သူက ဆိုသည်။

အခြားတစ်ဖက်တွင်မူ စားသောက်ကုန်၊ လူသုံးကုန်နှင့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပကိုမီခိုရသဖြင့် ပို့ကုန်ရှိသလောက်သာ သွင်းကုန်တင်သွင်းခွင့်ရမည့် ယခုအစီအစဉ်ကြောင့် ကုန်ပစ္စည်းပြတ်လပ်နိုင်သလို မှောင်ခိုဈေးကွက် ကြီးထွားလာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး ကျဆင်းလာချိန်တွင် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အာဏာသိမ်း အုပ်ချုပ်နေရာ  နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အခြေအနေဆိုးများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

သွင်းကုန်လိုင်စင် ကန့်သတ်ထားချိန်  အသစ်ပေါ်ပေါက်လာမည့် အစီအစဉ်သစ်ကြောင့် ကုန်သည်များ အခက်တွေ့နေသည်ဟု ထိုင်းနယ်စပ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

“ဒီမှာ ရွာလည်နေပြီ။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခုနောက်တစ်ခါ ပုံစံတစ်ခု ထပ်လာပြန်ပြီဆိုတော့ ဘာကြီးမှန်းလဲ မသိဘူးပေါ့” ဟု သူက ဆိုသည်။

မူဝါဒအမျိုးမျိုးကြောင့် အခက်တွေ့နေသလို အတက်ကြမ်းနေသည့် ငွေလဲနှုန်းကြောင့်  အရှုံးပေါ်နေကြသည်ဟုလည်း ၎င်းက ဆိုသည်။ 

ဧပြီလ သင်္ကြန်အပြီးတွင် နိုင်ငံခြားငွေဈေးဆက်တိုက်လာကာ မေလကုန်ပိုင်းတွင် အမြင့်ဆုံးထိ ထိုးတက်နေသည်။ မေလဆန်းပိုင်းက ပြင်ပငွေဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃,၉၀၀ ကျပ် ဝန်းကျင်သာရှိရာမှာ မေလကုန်ပိုင်းတွင် ၄,၆၀၀ အထိ ဖြစ်လာသည်။ ထို့အတူ ထိုင်းတစ်ဘတ်လျှင် ၁၀၅ ကျပ်ဝန်းကျင်မှ ၁၂၀ ကျပ်ခန့်၊ တရုတ်တစ်ယွမ် ၅၃၀ ဝန်းကျင်မှ ၆၃၀ ဝန်းကျင်ရှိလာသည်။

ရွှေဈေးသည်လည်း မေလဆန်းတွင် တစ်ကျပ်သား ၄၇ သိန်းကျော်ရှိပြီး ယခုအခါ ၅၇ သိန်းကျော် ဖြစ်လာသည်။

 ထိုအခြေအနေများကြောင့် တစ်လအတွင်း ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းသွားသည်။ ထို့အတူ နိုင်ငံခြားဝင်ငွေရလမ်းဖြစ်သည့် ပို့ကုန်တင်ပို့မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းသွားသည်။

 နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ကုန်သွယ်မှုရပ်ဆိုင်းခြင်း၊ စစ်ရေးအသုံးစရိတ် မြင့်တက်လာခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် ဘက်ဂျက်လိုငွေအတွက် ငွေစက္ကူအသစ်များ ရိုက်ထုတ်သဖြင့် ကျပ်ငွေတန်ဖိုးအကြီးကျယ်ကျဆင်းခြင်းဖြစ်သည်ဟု ကုန်သည်များက သုံးသပ်သည်။ 

“ပြိုတာအရမ်းမြန်တယ်။ အရင်တုန်းကဆိုရင် လေးငါးရက်တစ်ပတ်နေရင် ကျလာပြီး ပြန်တန့်တယ်။ အခု သင်္ကြန်ပြီးကတည်းက တောက်လျှောက်ဆင်းနေတာ။ ဘယ်လိုမှကို မမှန်းနိုင်ဘူး။ ကုန်သည်တွေ အကုန်လုံးက ရှုံးနေတယ်” ဟု ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်လုပ်ငန်းရှင် တစ်ဦးက ပြောလိုက်သည်။

Show More

Related Articles

Back to top button