ဆောင်းပါး

ဗိုလ်ချုပ်ကြီးများလက်ထက် ဆန်၊ ဆီ ရှားပါးကပ်ဆိုက်လာ

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များကို နေရာကွက်ကျားတွင် ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချနေသည့် အစီအမံများသည် လက်တွေ့မြေပြင်တွင် ပြဿနာကို မဖြေရှင်းနိုင်ဘဲ ကမောက်ကမဖြစ်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် ယခင်က အချိန်မရွေးဝယ်ယူနိုင်သည့် ဆန်နှင့် စားအုန်းဆီ စသည့် အခြေခံကုန်စည်များကိုပင် ပြည်သူလူထုက တိုးဝှေ့ကာ စီတန်းဝယ်ယူနေရသည့် အဖြစ်သို့ ဆိုက်ရောက်နေသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများ ချမှတ်နေသဖြင့် အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေသည့် စစ်ကောင်စီက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကို မထိန်းချုပ်နိုင်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းသည်လည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲဖြစ်သည်။

စစ်ကောင်စီက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင်လ ၂၇ ရက်တွင် ဖွဲ့စည်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးစားနေသည်ဆိုသော်လည်း အနာနှင့် ဆေး လွဲနေသည့် ဟန်ပြလုပ်ရပ်သာဖြစ်နေသည်။

ထိုကော်မတီက ဆန်စပါးအသင်းချုပ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စသည့် အသင်းအဖွဲ့များမှတစ်ဆင့် ကုန်သည်များကို ဖိအားပေးကာ ဆန်နှင့် ဆီ ခွဲတမ်းစနစ်ဖြင့် ဈေးလျှော့ရောင်းခိုင်းသည်။

လက်တွေ့တွင်မူ ခွဲတမ်းစနစ်သည် တန်းမစီနိုင်သူများ မရခြင်း၊ လိုအပ်သလောက်ဝယ်၍ မရခြင်း၊ ပစ္စည်းပြတ်လပ်ပြီး မှောင်ခိုဈေးကွက်ဖြင့် ရောင်းချနေခြင်း၊ ခွဲတမ်းချပေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ လာဘ်ရွှင်ခြင်းမှအပ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိပေ။

ရန်ကုန်မြို့၊ ဒညင်းကုန်းဈေးတွင် စားအုန်းဆီဝယ်ခွင့်ရရန် တန်းစီနေကြသည့် လူတန်းကြီးကို ဩဂုတ် ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ဆီအိုး ဆန်အိုး

လက်ရှိ ပြင်ပပေါက်ဈေး တစ်ပိဿာ ကျပ် ၁၀,၀၀၀ ခန့်ရှိသည့် စားအုန်းဆီကို ပြင်ပဆိုင်များတွင် ဝယ်ရခက်နေချိန်တွင် ၄၄၀၀ မှ ၄၈၀၀၊ ပြင်ပပေါက်ဈေး တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ ကျော်သာ ရှိသည့် အညံ့စားဆန်ကို ထူးမခြားနားနှုန်းထား တစ်ပြည် ၂,၅၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီက ရောင်းပေးနေခြင်းဖြစ်သည်။

စီးပွားရေးမြို့တော် ရန်ကုန် သာကေတမြို့နယ်တွင် ဩဂုတ်လကုန်ပိုင်းမှစ၍ စားအုန်းဆီများကို နံနက် ၁၁ နာရီခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ အချို့ဆိုင်များက တစ်ဦးလျှင် ၂၅ ကျပ်သား၊ ၅၀ သား၊ တစ်ပိဿာ စသည်ဖြင့် ခွဲတမ်းဖြင့် ရောင်းချပေးနေသည်။ သို့သော်လည်း အိမ်မှ ဆီပုလင်းတွင် ဆီလက်နှစ်လုံးသာ ကျန်တော့သည့် ကိုကျော်*က စားဝတ်နေရေးအတွက် အလုပ်လုပ်ရချိန်ဖြစ်သောကြောင့် တန်းမစီနိုင်ဘဲ အပိုငွေပေးကာ သူတစ်ပါးထံမှတစ်ဆင့် ပြန်ဝယ်နေရသည်ဟု ပြောသည်။

“(တန်း) မစီနိုင်တော့ ဈေးထဲမှာ ကိုယ်သိတဲ့လူတစ်ယောက်ကို လက်ဖက်ရည်ဖိုး ၂၅၀၀၊ ၃၀၀၀ ပေးပြီးတော့ အနည်းဆုံးတော့ ၅၀ သား တစ်ဘူးလောက်ရအောင် လုပ်ခိုင်းတယ်” ဟု​ ၎င်းက ဆက်ပြောသည်။

“လောလောဆယ်တော့ ကျွန်တော့်အိမ်မှာ ဆိုလို့ရှိရင် လက်နှစ်လုံးပဲ ရှိတော့တယ်။ ဒီနေ့ဆို လက်ဖက်ရည်ဖိုး ၃၀၀၀ ပေးပြီး စျေးသည်တစ်ယောက်ကို စီခိုင်းလိုက်တယ်”

မန္တလေးတွင်လည်း ထိုနည်းလည်းကောင်းဖြစ်ပြီး ဆီဆိုင်များက လာရောက်တန်းစီသူများကို ကတ်ပြားထုတ်ပေးကြောင်း၊ တန်းစီသူနည်းလျှင် တစ်ဦးကို တစ်ပိဿာ၊ လူနည်းပါက တစ်ဦးလျှင် ၅၀ သား စသည်ဖြင့် ခွဲတမ်းဖြင့် ရောင်းပေးနေကြောင်း အောင်မြေသာစံမြို့နယ် စတိုးဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းအလုပ် လုပ်ကိုင်သူ  မနီ*ထံမှ သိရသည်။

“တစ်နေ့လုပ် တစ်နေ့စားတွေအတွက်တော့ ခက်ခဲတာပေါ့”။

မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်း ကိုမျိုး*ကလည်း စက်တင်ဘာ ၄ ရက်နေ့က ဆီရောင်းပေးမည်ဆိုသော စစ်ကောင်စီ၏ ကြေညာချက်ကို တွေ့ရှိသဖြင့် နောက်တစ်နေ့ နံနက် ၇ နာရီခန့် သွားရောက်တန်းစီရာ ပစ္စည်းကုန်ပြီ ဆိုသဖြင့် လှည့်ပြန်လာရကြောင်း ပြောသည်။

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင်လည်း ဆီကုန်သည်အသင်းက စားအုန်းဆီ တစ်ပိဿာ ကျပ် ၅၅၀၀ နှုန်းဖြင့် ရပ်ကွက်အတွင်း ကားဖြင့် လိုက်လံရောင်းချနေကြောင်း၊ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တစ်ပြည် ၂၅၀၀ နှုန်းဖြင့် ရောင်းပေးသည့် မနောသုခဆန်ကြမ်း တန်းစီဝယ်ယူခွင့်ရရန် ကြိုးပမ်းနေရကြောင်း မြို့ခံ ကိုဦး*ထံမှ သိရသည်။

“ရပ်ကွက်တစ်ခုမှာ လူတိုင်းမရတာ များတယ်။ ဘယ်ကမှန်းမသိတဲ့လူတွေ အခေါက်ခေါက် အလီလီ လာတိုးနေကြတာ။ လူတစ်ယောက်ကို တစ်ခါပဲ ပေးတာ။ ဒါပေမဲ့ အလီလီလာတိုးတဲ့ လူတွေကျ ကားပေါ်ကလူတွေက ဘာမှမပြောကြဘူး”။

ဆန်ရရှိရန် တန်းစီဝယ်ယူနေကြသူများကို ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်

ဝိသမလောဘသားဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးနေသည့် စစ်ကောင်စီ၏ ဖိအားကြောင့် ဆီကုန်သည်များက ပြင်ပတွင် ပေါက်ဈေးအတိုင်း မရောင်းရဲသဖြင့် ဆန်၊ ဆီ အခြေခံစားကုန်များရရှိရေးမှာ ပြည်သူလူထုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ ခွဲတမ်းဖြင့် ရောင်းသည့် စားအုန်းဆီမှာလည်း ကုန်သည်များက သတ်မှတ်ထားသည့် တစ်ပီပါကုန်လျှင် ဆက်မရောင်းသဖြင့် လူတိုင်းစေ့ မရကြောင်း ပုသိမ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစစ်ရန်ရှင်းက ပြောသည်။

“မြို့ပေါ်မှာနေတဲ့ ပြည်သူတော်တော်များများက နေ့စဉ်မှာ ဆီတစ်ခုရဖို့အတွက်ကို ဘယ်မှာ ရောင်းချပေးနေလဲ သတင်းစုံစမ်းပြီးတော့ လိုက်လံတန်းစီပြီးတော့ ဆီကို တစ်ဘူးရရ၊ နှစ်ဘူးရရ ယူဆောင်နေရတဲ့ ဘဝတွေဖြစ်ပါတယ်”

“ဆန်ဆိုလည်း လူတစ်ယောက်မှ နှစ်ပြည်နှုန်းလောက်ပဲ ပေးတယ်။ မရတဲ့သူလည်း များပါတယ်။ တစ်နေကုန် တချို့ သွားတန်းစီပြီးတော့ တစ်ပြည်မှ မရဘဲ ပြန်ရသူတွေရှိသလို ဆီလည်း ဒီအတိုင်းပါပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၌ပင် ပြည်သူတို့ အခြေခံစားကုန်ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း၊ ၎င်းတို့ကိုယ်တိုင်ပင်လျှင် သတ်မှတ်ဈေးဖြင့် မရောင်းလျှင် ရန်ရှာခံရမည်စိုး၍ အရှုံးခံ၍ ပမာဏကို ကန့်သတ်ရောင်းချပေးနေရကြောင်း တပ်ကုန်းမြို့နယ်မှ ဆန်လုပ်ငန်းရှင် ဒေါ်ဇင်မာ *က ပြောသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ဩဂုတ်လလယ်မှစ၍ ဆန်စက်များက (၁၀၅ ပေါင်) ဆန်တစ်အိတ်လျှင် ၆ သောင်းနှုန်းဖြင့် ဆန်စပါးအသင်းမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ သွင်းပေးရပြီး ရပ်ကွက်ရုံးက တစ်ပြည် ၂၅၀၀ ဖြင့် တစ်အိမ်ထောင်လျှင် လေးပြည်နှုန်း ပြန်လည်ရောင်းချသည်ဟု ၎င်းက ဆိုသည်။

“တစ်ရပ်ကွက်ကို အိတ် ၂၀၀ ဆို ၂၀၀ ပေါ့။ ကြိတ်ခတော့ ရှုံးတာပေါ့၊ အခုလက်ရှိ စပါးဈေးနဲ့ဆိုတော့လေ။ ၆ သောင်းအရင်းကျတာ၊ အရင်းအတိုင်း ပေးရတာပေါ့”

ဆန်များကို ၎င်းတို့သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမရောင်းရန်၊ သတ်မှတ်ထားသည့် ပမာဏထက်ပိုပြီး သိုလှောင်မထားရန် စစ်ကောင်စီက အမိန့်ထုတ်ထားသည်ဟု ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ဆန်ဆိုင်များက ဆန်အိတ်တစ်ထောင်နှင့်အထက် သိုလှောင်လိုပါက ဆန်စပါးအသင်းမှတစ်ဆင့် စစ်ကောင်စီထံ လျှောက်လွှာတင်ရကြောင်း ဒေါ်ဇင်မာထံမှ သိရသည်။

“စစ်မယ်ပြုမယ်နဲ့ သတင်းတော့ ထွက်တယ်။ တစ်ခါမှတော့ လာမစစ်သေးဘူး။ ကိုယ်လည်း ချိန်ပြီးတော့ လုပ်နေတာပေါ့။ အများကြီး မဝယ်ထားရဲဘူး”

ပုသိမ်မြို့နယ်တွင်လည်း ထိုနည်းလည်းကောင်းဖြစ်ပြီး ပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်သိန်းထက် ပိုမရောင်းရဟု ဆန်စပါးအသင်းချုပ်က ဆန်ဆိုင်များကို စာဖြင့် ညွှန်ကြားထားသည်ဟု သိရကြောင်း ပုသိမ်မြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ရှုံးတာပေါ့ ကျမတို့ ဝယ်ထားတာ (ဈေး) အမြင့်တွေနဲ့ တောက်လျှောက် လိုက်ဝယ်ထားရတာ။ အစကတည်းက စပါးဈေးက မြင့်ခဲ့တာ။ အခုက စပါးမဝယ်ရဲတော့ဘူး”

ယခုအတိုင်း ဆန်ဈေးများကို သတ်မှတ်ထားပါက လာမည့် စပါးပေါ်ချိန်တွင် လယ်သမားများ ဈေးအနှိမ်ခံရမည်ဖြစ်ကြောင်း သူက ထောက်ပြသည်။

ရန်ကုန်မြို့တွင် စားအုန်းဆီဝယ်ခွင့်ရရန် တန်းစီနေသူများကို ၂၀၂၂ က တွေ့ရစဉ်။ ဓာတ်ပုံ – AFP

ထို့အတူ ရန်ကုန်မြို့မှ စားသုံးဆီ လက်ကားရောင်းချနေသူ ဒေါ်သီတာ*ကလည်း အာဏာသိမ်း စစ်ကောင်စီလက်ထက် စီးပွားရေး လုပ်ရကိုင်ရခက်၊ လူနေမှုဘဝ ကျပ်တည်းသလို အချိန်မရွေး စွပ်စွဲမှုမျိုးစုံဖြင့် ဖမ်းဆီးခံရနိုင်ခြေလည်း ရှိနေသည်ဟု ညည်းတွားသည်။

လက်ရှိ ဘုရင့်နောင်ဆီဈေးကွက်တွင် ကုမ္မဏီများထံမှ ကျပ် ၄၁၆၀ ဖြင့် တင်သွင်းပြီး ၄၃၀၀ ဖြင့် ပြန်လည်ရောင်းချပေးကြောင်း၊ လက်ခွဲများကလည်း ၂ ရာခိုင်နှုန်း အမြတ်ဖြင့် ၄၅၀၀ ဖြင့် ရောင်းချပေးနေရကြောင်း စက်တင်ဘာ ၅ ရက်နေ့က ၎င်းက ပြောပြသည်။

“ပြန်ရောင်းတဲ့ အစ်မတို့တောင် ဒိုင်တွေဆီမှာ ဝယ်မရလို့ ရောင်းစရာ ဆီမရှိဘူး။ သတ်မှတ်ဈေးနဲ့ ပြန်ရောင်းမယ်ဆိုရင်တောင် မြတ်တယ်လေ၊ မြတ်တော့ ရောင်းမယ်ဆိုတော့လည်း ဆီကို မပေးနိုင်ဘူး။ ခုရောင်းပေးနေတဲ့ သူတွေကလည်း သူတို့နဲ့ နီးစပ်တဲ့ ဆိုင်တွေကိုပဲ ပေးတာ” ဟု ဒေါ်သီတာက ပြောသည်။

အောက်တိုဘာ ပထမပတ်အတွင်း ပြင်ပတွင် တစ်ပိဿာလျှင် ၁၂၀၀၀၊ ပဲဆီတစ်ပိဿာလျှင် ၁၆၅၀၀ ထိ ပေါက်ဈေးရှိနေသော်လည်း စစ်ကောင်စီ၏ ဈေးကွက်နှင့် မလျော်ညီသော နှုန်းထားသတ်မှတ်ချက်များအတိုင်း အခြေအနေကြည့်၍ ရောင်းပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။

စားအုန်းဆီဈေးကို လျှော့နိုင်ရန် ဆီကုန်သည်များနှင့် လုပ်ငန်းရှင်ကြီးများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ စားသုံးဆီလုပ်ငန်းရှင် မည်မျှဖမ်းခံရသည်ကို အတည်မပြုနိုင်သော်လည်း ယခုလဆန်းတွင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၈၀၀ ထက် ပိုမရောင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း စစ်ကောင်စီထံမှ နေ့စဉ် စားအုန်းဆီခွဲတမ်း ပီပါ ၃၀ ဝန်းကျင်ရရှိနေသည့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ လုပ်ငန်းရှင် ကိုသိန်းတိုး*က ပြောသည်။

မန္တလေးမြို့မှ ဆီစက်ပိုင်ရှင် ဦးစိုး*ကလည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ခွဲတမ်းချ ရောင်းပေးသည့် စားအုန်းဆီကို တစ်ပိဿာ ၄၅၀၀ နှုန်းဖြင့် ဝယ်ယူကာ ၄၈၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချနေကြောင်း ပြောသည်။

“ခွဲတမ်းက ဟိုနေ့က ငါးလုံး (ပီပါ) ရတယ်။ တစ်ရက်ကို တစ်လုံး (ပီပါ) နှုန်းနဲ့ ရောင်းပေးတယ်ဗျ။ ကျွန်တော် (တန်းစီတဲ့) လူတန်းကို ကြည့်လိုက်တာပေါ့။ လူတန်း ၂၀၀ လောက်ရှိတယ်ဆိုရင် တစ်ယောက်ကို ၅၀ သားလောက် ရ (ရောင်းပေး) တယ်။ လူတန်း ၁၀၀ လောက်ရှိရင် တစ်ယောက်ကို တစ်ပိဿာလောက် ရတယ်”။

“၄၈၀၀ ထက် ပိုရောင်းရင်ကို ကျွန်တော်တို့က အဖမ်းခံရမှာဗျ။ လက်မှတ်ခံဝန်လေး ထိုးခဲ့ရတယ်” ဟု ဦးစိုးက ဆက်ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ စစ်မီးတောက်နေချိန်၊ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ငွေရေးကြေးရေး၊ စီးပွားရေး အခက်တွေ့နေချိန်၊ ကျပ်ငွေတန်ဖိုး ထိုးကျနေချိန်တွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာအသုံးပြု၍ ပြည်ပမှ တင်သွင်းရသည့် စားသုံးဆီ၊ စက်သုံးဆီ ကဲ့သို့ လူထုနေ့စဉ်ဘဝအတွက် အခြေခံကျသော ကုန်စည်ဈေးနှုန်းထိန်းမရသည့် ဝဲဂယက်ကို အကြောက်တရားဖြင့် ထိန်းချုပ်ရန်သာ ကြိုးပမ်းနေသည်။

ဩဂုတ် ၂၂ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ကိုယ့်မျက်ချေး ကိုယ်မမြင်နိုင်သည့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကုန်ဈေးနှုန်းတက်နေခြင်းမှာ ဝိသမလောဘသမားများကြောင့်ဟု ခြိမ်းခြောက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်မည်ဟု ဆိုခဲ့သည်။

နေပြည်တော်တွင် စားအုန်းဆီရရှိရန် တန်းစီဝယ်ယူနေကြသူများကို စက်တင်ဘာ ပထမပတ်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

စစ်ကောင်စီ၏ လေလုံး မည်သို့ပင်ရှိစေကာမူ လက်တွေ့မြေပြင်တွင် လူတိုင်းလက်လှမ်းမမီသည့် ကုန်တိုက်ကြီးများတွင်သာ ဆန်နှင့် ဆီကို ဈေးကွက်ပေါက်စျေး ကျပ်သောင်းဂဏန်း၊ သိန်းဂဏန်း ပေး၍ ဝယ်နိုင်သူများသာ လွတ်လွတ်လပ်လပ် ဝယ်ခွင့်ရနေသည်။

အများစုသော အခြေခံလူတန်းစား ပြည်သူလူထုကြီးမှာမူ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှုတို့ကို အခြေခံ၍ ဈေးကွက်သဘောအရ တက်မြဲတက်နေသည့် ကုန်ဈေးနှုန်းဝဲဩဃအတွင်း နေ့စဉ် မဖြစ်မနေ စားသုံးကြရသည့် ဆန်နှင့် ဆီ ပုံမှန်ဝယ်ယူခွင့်ရရန်ကိုပင် စိုးရိမ်ပူပန်နေကြရသည်။

ဗိုလ်ချုပ်ကြီးများ နေထိုင်ရာ နေပြည်တော်မှ အိမ်ရှင်မ ဒေါ်ဝေနှင်း*က ဆန်၊ ဆီ ရရေး ဒို့အရေးဖြစ်လာသည့် အာဏာသိမ်းစစ်ကောင်စီလက်ထက် ကြုံနေရသည့် အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။

“တန်းစီနိုင်တဲ့သူ၊ ရန်ဖြစ်နိုင်တဲ့သူတွေက သတ်မှတ်ဈေးနဲ့ ရတာပေါ့၊ ပိုက်ဆံရှိတဲ့သူ တန်းမစီနိုင်တဲ့သူတွေကတော့ တစ်သောင်းကျော် ဝယ်စားကြတာပေါ့” ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button