စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံကို ၃ နှစ်ကျော် အုပ်ချုပ်လိုက်ရာ အခြေခံလူတန်းစားများ ဆင်းရဲတွင်း နက်သည်ထက်နက် လာခဲ့ပြီး စျေးအပေါဆုံး စားအုန်းဆီကိုပါ တန်းစီဝယ်ယူနေရပြီ ဖြစ်သည်။
မြို့ကြီးများတွင် စားအုန်းဆီကို သက်သာသည့်စျေးဖြင့် ဝယ်ယူခွင့်ရရန် ပလတ်စတစ်ဘူးခွံ ကိုယ်စီ ကိုင်ကာ တန်းစီနေသူများကို ရေဘေးမတိုင်ခင်ကပင် မြင်တွေ့ခဲ့ရသည်။ စစ်ဗိုလ်ချုပ်များ၏ဌာနချုပ် နေပြည်တော်တွင်လည်း အလားတူပင်။
စားအုန်းဆီ ဝယ်ယူရန် လိုအပ်သည့်အထောက်အထားမှာ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွား၍ ဆီထုတ်ယူခွင့်စာအုပ် ပြုလုပ်ရသည်၊ စာအုပ်တွင် ဆီထုတ်ယူမည့်သူမှာ အဆိုပါရပ်ကွက်အတွင်း နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံချက် ပါရှိသည်။
ထိုအစီအစဉ်သည် ယခင်လလယ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင် ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ် ရနိုင်မည်၊ ထိုစာအုပ် ပြနိုင်လျှင် အိမ်ထောင်စုတွင် ပါဝင်သူအရေအတွက်ပေါ် မူတည်၍ စားအုန်းဆီ ၅၀ ကျပ်သားမှ တစ်ပိဿာအထိ ဝယ်ယူနိုင်မည်ဟု နားလည်ရသည်။
စက်တင်ဘာ ပထမပတ်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ထိုစာအုပ်ပြပြီး စားအုန်းဆီ ဝယ်ယူခဲ့သော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက တစ်လတစ်ခါ ထုတ်ယူခွင့်ရမည်ဖြစ်ကြောင်းပြောသည်။
“ဆီက အိမ်ထောင်စုတစ်စုကို တစ်ယောက်ကို ၇၀ သားနှုန်းနဲ့ပေးတာ။ ဥပမာ.. အိမ်ထောင်စုထဲမှာ ၅ ယောက်ရှိရင် သုံးပိသာခွဲ ရတာ။ အိမ်ထောင်စု (လူဦးရေ) ပေါ် မူတည်တယ်” ဟု သူက ဆိုသည်။
ဆီထုတ်ရမည့်ရက်တွင် မွန်းလွဲ ၃ နာရီမတိုင်ခင် သတ်မှတ်ဆိုင်သို့ သွားရောက် ထုတ်ယူရမည် ဖြစ်ကြောင်း ပြောသည်။
“စာအုပ်မှာ ကိုယ်ဝယ်ရမယ့်ဆီဆိုင်တံဆိပ် ရိုက်ပေးပြီးသား။ တစ်လ တစ်ခါ ပေးမယ် ပြောတယ်။ ကိုယ်တန်း (စီ) ရမဲ့ရက် ရပ်ကွက်ရုံးမှာ တံဆိပ်တုံးသွားရိုက်ရမှာ …ရက်ကျော်ရင် မရတော့ဘူး တဲ့” ဟု သူက ဆိုသည်။
မန္တလေးမြို့တွင် စားအုန်းဆီ တစ်ပိသာလျှင် ပြင်ပပေါက်ဈေး ကျပ် ၁၇,၀၀၀ အထိ ရှိနေပြီး စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချသည့်ဆိုင်များတွင် တစ်ပိသာ ကျပ် ၇,၅၀၀ ခန့်ဖြင့် ရောင်းချကြောင်း ၎င်းက ဆိုသည်။
တန်းစီဝယ်ယူသူ အများစုသည် စားဝတ်နေရေးမပြေလည်ကြသူများဖြစ်သည်၊ ပြန်ရောင်းရန် တန်းစီသူလည်း ရှိသည်ဟု အထက်ပါ အမျိုးသမီးက ပြောပြသည်။
“တချို့ဆို ဆီတန်းဖို့ကို (ငွေကြေး) မရှိဘူးရယ်။ အပြင်မှာဝယ်ရင် အဆင်မပြေကြတော့ ချေးငှား ဝယ်ကြရပြန်ရော” ဟု သူက ဆိုသည်။
ဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူးရုံးတွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ် လုပ်ခဲ့ရသည်ဟု နေပြည်တော်ရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ မကြာသေးခင်က ဆီတန်းစီခဲ့ရာတွင် အပူရှိန်ကြောင့် အခက်တွေ့ခဲ့ရသည်ဟု သူက ပြောသည်။
“နေတွေပူ၊ စိတ်တွေညစ်၊ ခေါင်းတွေလည်း ကိုက်တယ်” ဟု သူက ပြောသည်။
ဆီတန်းစီသူအများစုသည် ရရာအလုပ်လုပ်သူ နေ့စားအလုပ်ကြမ်းသမားများဖြစ်သည်၊ ကလေးများကို အခကြေးငွေ သုံးရာမှ ငါးရာကြားပေး၍ ကိုယ်စား တန်းစီခိုင်းသူလည်း ရှိသည်ဟု ဆိုသည်။
သုံးနာရီခန့် တန်းစီရပြီးနောက် ဆိုင်တွင် ဆီပြတ်လပ်သွားသဖြင့် လှည့်ပြန်ခဲ့ရသည့် ဖြစ်စဉ်များ လည်း ရှိကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
နေပြည်တော်တွင် စက်တင်ဘာ ၉ ရက်နေ့ထိ စစ်ကောင်စီ သတ်မှတ်ဈေးမှာ စားသုံးဆီ တစ်ပိဿာ ၇၄၆၅ ကျပ် ဖြစ်ပြီး ပဲဆီမှာ ကျပ် ၁၉၀၀၀ နှုန်းဖြစ်သည်။ စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အကြား ဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်ကျော်ခန့်အချိန်တွင် အဆမတန်ကြီးမြင့်လာသည့် ကုန်ဈေးနှုန်း၊ အလွယ် တကူ ဝယ်ယူခွင့် မရတော့သည့် အခြေခံစားသောက်ကုန် ပြတ်လပ်မှုတို့ကို ပြည်သူများ ရင်ဆိုင်နေကြရသည်။
ဆန်၊ စားသုံးဆီ၊ စက်သုံးဆီတို့ရရှိရန် တန်းစီရသည့် မြင်ကွင်းသည် အာဏာသိမ်းပြီးနောက် ပြည်သူတို့၏ လူမှုဘဝကျပ်တည်းမှုကို မြင်သာစေသည့်အချက် ဖြစ်သည်။
နေပူပူတွင် တန်းစီမဝယ်လိုပါက ပြင်ပတွင် နှစ်ဆကျော် စျေးနှုန်းဖြင့် ရှာဖွေ ဝယ်ယူနိုင်သည်၊ ဆိုင်တချို့က လူတိုင်းကို ရောင်းပေးမည်မဟုတ်ဟု နေပြည်တော်မှ အသက် ၄၀ ကျော်အရွယ် အထက်ပါအမျိုးသမီးက ဆိုသည်။
“မှောင်ခိုဈေးနဲ့ဆိုရင်လည်း လူရင်းမဟုတ်ရင် မရောင်းပေးဘူး။ တိုင်ရင် အဖမ်းခံရမှာတွေ ရှိတော့ ဆိုင်ရှင်တွေက မရောင်းဘူး၊ ပိုက်ဆံရှိတောင် ဆီဝယ်မရတဲ့ခေတ်” ဟု ၎င်းက ပြောသည်။
သတ်မှတ်စျေးထက် ပိုရောင်းမှု စွဲချက်ဖြင့် ကုန်စုံဆိုင် တာဝန်ရှိသူတချို့ကို ဇွန်လကုန်ပိုင်းတွင် ဖမ်းဆီးခဲ့ဖူးသည်။ တစ်လကျော် အကြာတွင် စစ်ကောင်စီက သူ့ကို ထောင်ဒဏ် ၁ နှစ် ချမှတ်ကာ ပြန်လွှတ်ပေးလိုက်သည်။ မြန်မာပြည်သား ကုန်စုံဆိုင်လုပ်ငန်း လုပ်ကိုင်သူတို့၏ အခြေအနေကို မသိရသေးပေ။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သော စစ်ကောင်စီ ကို ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့ခဲ့ရာ အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်လာပြီးနောက် မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းလာသည်။
စစ်ကောင်စီသည် ထိုအခြေအနေကို မထိန်းချုပ်နိုင်သောကြောင့် ကုန်ဈေးနှုန်းလည်း ကျွဲကူးရေပါ တက်လာခဲ့ရာ အခြေခံလိုအပ်ချက်ဖြစ်သော စက်သုံးဆီ၊ စားအုန်းဆီသည်လည်း ပစ္စည်းနှင့်ဝယ်လိုအား မမျှကာ တန်းစီဝယ်ယူရသည့် အခြေအနေအထိ ဆိုက်ရောက်လာသည်။
မိသားစုဝင် သုံးဦးရှိပြီး အခြေခံ နေ့စားအလုပ်ကြမ်း လုပ်ကိုင်သော အသက် ၅၀ ကျော်အရွယ် ဒေါ်အေးက တန်းစီ၍ ဝယ်လာသော စားသုံးဆီများကို ပြန်ရောင်းချလိုက်သည်ဟု ဆိုသည်။
“မိသားစုနည်းတော့ တစ်ပတ်ကို ဆီ ၅၀ သား မကုန်ဘူးလေ။ အဲတော့ ပိုတဲ့ဟာကို ပြင်ပပေါက်ဈေး တစ်သောင်းကျော်နဲ့ အကြော်သည်တွေကို ပြန်ရောင်းလိုက်တာ” ဟု သူက ဆိုသည်။
သမဝါယမခေတ် ပြန်သွားနေသလား
ဆီဝယ်ခွင့်စာအုပ်လုပ်လာရခြင်းသည် လွန်ခဲ့သည့် နှစ် ၄၀ က သမဝါယမစာအုပ်ဖြင့် ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်များ ဝယ်ယူခဲ့ရပုံကို ပြန်သတိရစေသည်ဟု အသက် ၅၀ ကျော်အရွယ် ဒေါ်ချို (အမည်လွှဲ) ဆိုသည့် အမျိုးသမီးက ပြောသည်။
၎င်း ၁၂နှစ်အရွယ်က ရန်ကုန်မြို့တွင် မိသားစုဝင် ၉ ဦးရှိသော အိမ်ထောင်စုအတွက် ဆန်၊ဆီ၊ ရေနံဆီ၊ ဖယောင်းဆိုင်၊ သစ်သားမီးခြစ်တို့ကို သမဝါယမစာအုပ်ဖြင့် ဝယ်ယူခဲ့ကြရသည်။
နိုင်ငံကို နိုင်ငံတကာနှင့် အဆက်ဖြတ် အုပ်ချုပ်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကြီးစိုးသော ထိုခေတ်က သမဆိုင်တွင် ရောင်းသော ငစိန်ဆန်မှာ အရည်အသွေး မကောင်းဟု ဒေါ်ချိုက ပြန်ပြောပြသည်။
“ဆန်က ဆန်နီနဲ့၊ ကြွက်ချေးပါတယ်။ စပါးလုံး၊ ဆန်ကွဲကလည်း ပါသေးတယ်၊ အဲဒါတွေပါလာလို့ အိမ် ရောက်ရင် ရွေးရသေးတာ” ဟု သူက ပြောသည်။
အများစိတ်ဝင်စား၊ အသုံးလိုသည့် ပစ္စည်းမည်သည့်နေ့တွင် ရောင်းမည်ကို ဆိုင်းဘုတ်တွင် ရေးသား ကြော်ငြာထားတတ်ကြောင်း ဒေါ်ချိုက ပြောသည်။
အခြေခံ စားကုန်တချို့ကို အကန့်သတ်ဖြင့် ဝယ်ယူနိုင်သည့် သမဆိုင်များ ရပ်ကွက်ကျေးရွာ အသီးသီးတွင် ဖွင့်ပေးခဲ့သည်။ လူထု ဖူလုံမှုမရှိခဲ့သည့် ထိုစနစ်ကို စစ်ကောင်စီက ယခု ပြန်လည်အသက်သွင်းနေခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ စီးပွားရေးတိုးတက်ရန် လတ်တလောအခြေနေများအရ သမဝါယမစနစ်သည် အကောင်းဆုံးဖြစ်သည်ဟု ဇူလိုင် ၂၉ ရက် အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ပြောဆိုဖူးသည်။
စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်က ၎င်းရေးသားထားသည့် ‘’Best Laid Plans’’ စာအုပ် နှင့် ပတ်သက်၍ BBC သတင်းဌာနနှင့် ယခုရက်ပိုင်း မေးမြန်းခန်းတစ်ခုတွင် စစ်ခေါင်းဆောင်က ၁၉၆၀ ပြည့်နှစ်ကာလများမှ ဦးနေဝင်း၏ မူဝါဒများကို ပြန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောထားသည်။
“ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပတ်သက်ပြီး ယုတ္တိမရှိတာ ပြောရမယ်ဆိုရင် သူက မြန်မာပြည်ရဲ့ သမိုင်းကိုတောင် သိရဲ့လားလို့ မေးခွန်းထုတ်စရာပါပဲ။ အဲဒီအတွက် အကောင်းဆုံးနမူနာကတော့ သမဝါယမကိစ္စပါ” ဟု မစ္စတာရှောင်တာနယ်က မှတ်ချက် ပြုသည်။
“သီအိုရီအရ ဆိုရင်တော့ သမဝါယမစနစ်က သိပ်ကောင်းတဲ့စိတ်ကူးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အထူးသဖြင့် မြန်မာမှာဆိုရင် မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုရင်နိုင်ငံတော်အတွက်ပဲ ဖြစ်နေလို့ပါ”
စစ်ခေါင်းဆောင်က ထိုကဲ့သို့ ခေတ်နောက်ပြန်သွားနေသည့် စနစ်ကို အကောင်အထည်ဖော်နေခြင်းသည် ယုံကြည်နိုင် စရာမရှိကြောင်း သူက ထည့်သွင်းပြောထားသည်။
“ တကယ့်စစ်စစ်မှန်မှန် သမဝါယမစနစ် မဟုတ်ဘူး။ တခါတလေမှာ သမဝါယမနဲ့ပတ်သက်ပြီး စိတ်ကူး ယဉ် စကားတွေ ပြောမှာပါပဲ။ အဆုံးမှာတော့ ထိန်းချုပ်အမိန့်ပေးဖို့ပဲ ရည်ရွယ်တာပါပဲ” ဟု အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး ရက်ပေါင်း ၆၅၀ ကျော် ချုပ်နှောင်ခံခဲ့ရသည့် ရှောင်တာနယ်က ပြောသည်။
“ဒါကြောင့် သမဝါယမစနစ်က မြန်မာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ နှစ်ပေါင်း ၅၀ လည်း ကျော်သွားပြီဖြစ်တဲ့ ဒီစနစ်ကို သူက အခုလို ပြန်ဖော်ဆောင်ဖို့ စိတ်ကူးတာဟာ တကယ်ကို မယုံနိုင်စရာပဲ”
ယခုနှစ်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ရှောင်တာနယ်သည် ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ နိုင်ငံ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
မြန်မာပြည်မှ ရှေ့မီနောက်မီပုဂ္ဂိုလ်များကလည်း စနစ်ဟောင်း အလုပ်မဖြစ်ကြောင်းကို ပိုသိကြသည်။
သမဝါယမစနစ်ကို အကောင်အထည်ဖော်နေခြင်းသည် စစ်ခေါင်းဆောင် ၏ ခေါင်းဆောင်မှု ညံ့ဖျင်းမှုကို ပေါ်လွင်စေသည်ဟု နေပြည်တော်မှ တပ်မိသားစုဝင်တစ်ဦးက ဝေဖန်သည်။
“အသက်ကြီးမှ တန်းလည်း မစီချင်တော့ဘူး၊ ခုက ပိုက်ဆံရှိပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်မရတဲ့ အခြေအနေ ရောက်နေပြီ” ဟု မဆလခေတ်တွင် အသက် ၂၀ ကျော်အရွယ်ရှိခဲ့သူ ဒေါ်ဝင်း (အမည်လွှဲ) က ပြောသည်။
“ခုက ဆီစာအုပ်ပေါ့၊ နောက်ဆိုရင်၊ ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေလည်း စာအုပ်တွေ လုပ်ရမယ် ထင်ပါတယ်၊ အရင် နှစ်၄၀အချိန်ကို ပြန်ရောက်သွားတာပေါ့”
ဝယ်ယူခွင့်စာအုပ်များ ပြုလုပ်စေသည့် အစီအစဉ်သည် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို အများပြည်သူ အားကိုးလာရသည့် အခြေအနေသို့ တွန်းပို့နေသည်။
ထိုကဲ့သို့ အိမ်ထောင်စုစာရင်း ပြသနိုင်သူကို ဆီပေးနေခြင်းသည် စစ်သားစုဆောင်းမှုနှင့် ဆက်စပ်နိုင်သည်ဟု တချို့က ယူဆသည်။
အိမ်ထောင်စုစာရင်းပါ မိသားစုဝင်များ၏ အချက်အလက် အသေးစိတ်မှာ စစ်သားစုဆောင်းရေး၊ ရပ်ကွက်လုံခြုံရေး စသည့် စီမံချက်များအတွက် အသက် ၁၈ နှစ်နှင့် ၆၅ နှစ်ကြားရှိသူ စာရင်းကို ပြုစုထားရမည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးပိုင်းအတွက် အသုံးတည့်လိမ့်မည်ဟုလည်း ယူဆကြသည်။
အသက် ၆၀ ကျော်အရွယ်ရောက်နေသူ တပ်မိသားစုဝင် ဒေါ်ဝင်းက အာဏာသိမ်းခေါင်းဆောင်သည် စားအုန်းဆီ အနည်းငယ်ရရန် နေပူမိုးရွာမရှောင် အချိန်ယူ တန်းစီဝယ်ယူရသည့် ဒုက္ခကို ခံစားဖူးသူမဟုတ်ဟု ပြောသည်။
“သူမှ တန်းမစီဖူးတာ၊ ဘယ် ကိုယ်ချင်းစာတတ်မလဲ။ သမဝါယမစနစ် ကောင်းတယ် ဆိုရင် ကိုယ်တိုင်တန်းစီပြီး ပစ္စည်းတစ်ခုခု ဝယ်ကြည့်” ဟု ဒေါ်ဝင်းက ပြောလိုက်သည်။