
စားအုန်းဆီဈေးကို စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းအလိုက် ပျမ်းမျှတစ်ပိဿာဈေး ကျပ် ၅,၀၀၀ ကျော်သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ၁၀,၀၀၀ ကျော်ရှိပြီး ၂ ဆ မြင့်တက်ကာ ပြည်သူများ တန်းစီဝယ်ယူနေရသည်။
စစ်ကောင်စီ၏ စားအုန်ဆီ ရည်ညွှန်းစျေးသတ်မှတ်မှုတွင် တိုင်းနှင့်ပြည်နယ်အလိုက် ကွဲပြားမှုရှိပြီး ရန်ကုန်တွင် တစ်ပိဿာလျှင် ၅,၇၇၀၊ မန္တလေးတွင် ၆,၂၀၀၊ နေပြည်တော်တွင် ၅,၇၀၀၊ ပဲခူးတွင် ၅,၈၀၀၊ လာရှိုးတွင် ၆,၃၂၅ သတ်မှတ်ထားသည်။
သို့သော် ထိုသတ်မှတ်ဈေးထက် ၂ ဆကျော်မြင့်တက်နေပြီး ဆီဝယ်ယူရန် တန်းစီရခြင်း၊ လိုသလောက်ဝယ်ယူခွင့်မရရှိခြင်းတို့ ကြုံနေရသည်ဟု ရန်ကုန်၊ နေပြည်တော်၊ ပဲခူး ဒေသခံများက ပြောသည်။
“ငါးထောင်ကျော်နဲ့ ရဖို့ဆိုရင် အချိန်ပေးတန်းစီကြရတာ၊ ဒါတောင် လူတစ်ယောက်ကို တစ်ပိဿာ၊ ၅၀ သား၊ ၂၅ ကျပ်သားပဲရတာ ပြီးတော့ ဆီလည်းမပြည့်ဘူး လျော့တယ်” ဟု ပဲခူးတိုင်းမှ အသက် ၆၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
နေပြည်တော်တွင်လည်း စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်ဈေးထက် ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် ၁၁,၀၀၀ နှင့် ၁၃,၀၀၀ ကြားထိရှိနေပြီး လိုသလောက်ဝယ်မရဟုလည်း ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။
“သူတို့ရတဲ့ဆီပမာဏပေါ် မူတည်ပြီးတော့ပဲ ခွဲတမ်းနဲ့ ရောင်းပေးတာ၊ တစ်ယောက်ကို သုံးပိဿာတောင် မရောင်းပေးဘူး ဆီကုန်သွားပြီရင် ဈေးက အဲထက်ပိုများသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး ကျပ် ၅၇၀၀ ဖြင့် ဝယ်ယူရန် ရပ်ကွက်ထောက်ခံချက်နှင့် မှတ်ပုံတင်ပါရှိမှသာ ရောင်းချပေးသည်ဟုလည်း သူက ပြောသည်။
ရန်ကုန်မြို့ သင်္ကျွန်းမြို့နယ်နေ ကုန်သည်တစ်ဦးကလည်း စားသုံးဆီကို စစ်ကောင်စီ သတ်မှတ်ဈေးဖြင့် ဝယ်ယူရန် အခက်အခဲရှိသည်၊ လူတစ်ဦးလျှင် ၂၅ ကျပ်သားသာ ရောင်းပေးနိုင်သည်ဟု သူက ဆိုသည်။
နေပြည်တော်နှင့် ရန်ကုန်တိုင်းရှိ စားသုံးဆီရောင်းချသည့် ၅ ဆိုင်ထက်မနည်းကို Myanmar Now ကဆက်သွယ်မေးမြန်းကြည့်ရာ စားအုန်းဆီဝယ်ယူရန် ခက်ခဲမှုကြောင့် ပဲဆီနှင့် နှမ်းဆီကိုသာ ရောင်းချကြကြောင်း ဆိုသည်။
“ဘယ်လိုလုပ်ရောင်းလို့ရမလဲ သူတို့ပေးတာတောင် ၅,၀၀၀ ကျော်နဲ့၊ ဘယ်လိုမှလည်း ရောင်းမရဘူး၊ ဝယ်လို့လည်းမရဘူး၊ ဈေးပိုရောင်းရင်လည်း တိုင်ရင် အဖမ်းခံရမှာဆိုတော့ မရောင်းဘဲ နေလိုက်တာ” ဟု နေပြည်တော်မှ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စားသုံးဆီကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ရောင်းချပေးနေသည်၊ ဈေးနှုန်းတည်ငြိမ်ရန် လုပ်နေသည်ဟု ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဥက္ကဋ္ဌ ဦးဝင်းရှိန်က ဇူလိုင် ၂၀ ရက်နေ့တွင် ပြောသည်။
နိုင်ငံအတွင်း တစ်လလျှင် စားအုံးဆီ တန်ချိန် ၇၅,၀၀၀ ခန့် လိုအပ်ပြီး ပြည်ပမှ ထက်ဝက် တင်သွင်းနေရပြီး ကျန်လိုအပ်ချက်ကို ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းနေသည်ဟုလည်း သူက ဆိုသည်။
သို့သော် လက်တွေ့တွင် ရန်ကုန်ကဲ့သို့သော မြို့ကြီးရှိ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များအပါအဝင် မြို့နေရာအနှံ့အပြားတွင် စားအုန်းဆီရရန် ပြည်သူများတန်းစီဝယ်နေရသည်။