သတင်း

အကူအညီလိုနေသော ရခိုင်တွင် ပစ္စည်းများ ဈေးနှစ်ဆတက်

မိုခါမုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပျက်စီးမှုများပြားသည့် ရခိုင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းဈေးများ နှစ်ဆထိုးတက်သွားပြီး အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု ရခိုင်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မေ ၁၄ ရက်က တိုက်ခိုက်ခဲ့သည့် တစ်နာရီ လေတိုက်နှုန်း ၁၃၀ မိုင်ကျော်ရှိ မိုခါကြောင့် ပြည်နယ်မြို့တော် စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် အခြားမြို့နယ်များမှ မုန်တိုင်းဒဏ်ခံရသူများသည် နေအိမ်အပျက်အစီးကြား ဖြစ်သလိုနေထိုင်ကာ စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေကြရသည်။

နေအိမ်ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ခန့်မှန်းရသည့် စစ်တွေတွင် အပျက်အစီးများကို ကိုယ်ထူကိုယ်ထရှင်းလင်းနေရပြီး အရေးပေါ်လိုအပ်သည့် သွပ်အမိုး၊ ဆန်နှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်သွားကြောင်း မုန်တိုင်းဒဏ်သင့်ခဲ့သည့် စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

“စျေးတွေက မတရားတက်တယ်ဗျ။ အဲဒါတောင် ဝယ်လို့မရတော့ဘူး။ တချို့ကတော့ ကိုယ်ချင်းစာစိတ်နဲ့ ရောင်းတဲ့သူရှိသလို တချို့ကလည်း နှစ်ဆတင်ပြီး ရောင်းနေတာ။ အဲဒါက အချိန်နဲ့တစ်ပြေးညီ ပြောင်းနေတာ” ဟု ၎င်းက ဆိုသည်။ 

မုန်တိုင်းမဝင်မီက ဆန်အမျိုးအစားအလိုက် ၂၄ ပြည်ဝင်တစ်အိတ် ကျပ် ၆၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင် ဈေးရှိသော်လည်း ယခုအခါ တစ်သိန်းမှ တစ်သိန်းခွဲအထိ ဈေးတက်သွားကြောင်း၊ ဓာတ်ဆီတစ်လီတာ ၂၈၀၀ မှ ၄၅၀၀ ထိ၊ ကြက်ဥတစ်လုံး ၃၅၀ ဝန်းကျင်မှ ၁၀၀၀ အထိ ဈေးတက်သွားကြောင်း စစ်တွေနှင့် အခြားမြို့နယ် ဒေသခံများက ပြောသည်။

ယာယီတဲပြုလုပ်နိုင်သည့် မိုးကာတစ်ချပ်လျှင် အရွယ်အစားအလိုက် ကျပ် ၃၅,၀၀၀ မှ ကျပ် ၁၀၀,၀၀၀၊ တစ်ပေလျှင် ၁၈၀၀ တန်သွပ်ပြားမှာ ကျပ် ၃,၅၀၀၊ အိမ်ခေါင်မိုးရိုက်သည့် သံမှိုတစ်ပိဿာ ၁၈,၀၀၀ မှ ၄၀,၀၀၀ အထိ ဈေးတက်သွားကြောင်း၊ ငွေပေးလျှင်ပင် ဝယ်မရသည့်အခြေအနေဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

https://www.facebook.com/myanmarnownews/videos/2953550874779127

ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် အိမ်ခြေ ၃၀၀ ကျော်ရှိ ရုပ်ချောင်းရွာတွင် မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားပြီး ယာယီခိုလှုံရန် အမိုးအကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်ကြောင်း ရုပ်ချောင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

မုန်တိုင်းဝင်ပြီး သုံးရက်ကြာသည်အထိ အကူအညီပေးရေးအဖွဲ့အစည်းများ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ ရောက်မလာသလို နေအိမ်အပျက်များကြား ခိုကပ်နေရကာ စားဝတ်နေရေးကိုလည်း ကိုယ်ထူကိုယ်ထဖြေရှင်းနေရကြောင်း ၎င်းက ဆိုသည်။

“ဆန်ကတော့ ရွာမှာရှိတဲ့ဟာတွေနဲ့ ခိုကပ်ပြီးတော့ စားနေကြတာပဲ။ တစ်ယောက်မှာ ရှိတာကို တစ်ယောက် မျှဝေပြီးတော့ စားနေကြတာပဲ” ဟု ၎င်းက ဆိုသည်။

“အဓိကအရေးကြီးတာက သောက်ရေအခက်အခဲပေါ့။ သောက်ရေက လုံးဝ ရှားသွားပြီးတော့ ကန်မှာ ရှိတဲ့ရေတွေကလည်း ဗွက်နွံတွေထပြီးတော့ လုံးဝနောက်နေတာ။ လုံးဝသောက်လို့မရတဲ့အခြေအနေပါ။ အခုက ကျောက်ချဉ်ဆိုတာကို ထည့်ပြီး ရေကို အနယ်ခံပြီး အဲဒီရေကို သောက်ရတာပဲ”

ဘုရားကျောင်းကန်များနှင့် သီးပင်စားပင်များပါမကျန် မြို့ပျက်ကြီးသဖွယ် ပျက်စီးဆုံးရှုံးသွားသည့် ရသေ့တောင်မြို့ပေါ်တွင်လည်း အလားတူအကူအညီများ လိုလျက်ရှိကြောင်း အမည်မဖော်ပြလိုသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“အခုက‌ နေ့ခင်းပိုင်းဆိုရင် နေကပူတယ်။ ညကျရင် မိုးကရွာတယ်။ ဆိုတော့ တော်တော်ကို အခက်အခဲဖြစ်တယ်။ မီးကလည်း မရှိဘူး။ မီးကမရှိ‌တော့ မည်းမည်းသည်းသည်းနဲ့ တော်တော်ကို အခက်အခဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် ရသေ့တောင်မြို့တွင် ကျေးရွာများမှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များစွာရှိပြီး ၎င်းတို့နေထိုင်သည့် စစ်ရှောင်တဲများနှင့် မြို့ခံနေအိမ်အများအပြား ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။ 

ယနေ့ (မေ ၁၈) တွင် ရသေ့တောင်မြို့ပေါ်ကို အပျက်အစီးများရှင်းလင်းရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အကူအညီပေးရေးအဖွဲ့အစည်း ရောက်နေပြီး ဆန်အချို့ ထောက်ပံ့မှုရှိသော်လည်း အကူအညီများစွာ လိုအပ်ဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စားနပ်ရိက္ခာ အဓိကထားပြီး ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ လူတွေက အမိုးအကာမရှိတောင်မှ သူတို့တစ်ကိုယ်လောက် နေလို့ရတဲ့နေရာမှာ အဆင်ပြေသေးတယ်။ စားနပ်ရိက္ခာမရှိတော့ဘူးဆိုရင် အကုန် ငတ်ပြတ်ပြီး သေကုန်တော့မှာ” ဟု ၎င်းက ဆိုသည်။ 

ရသေ့တောင်မြို့ပေါ်အပြင် ကျေးရွာများ၌ ပျက်စီးဆုံးရှုံးမှုများပြားပြီး အိမ်ဆောက်ပစ္စည်းဝယ်ရရန် မရေရာသလို အားလုံးပျက်စီးနေ၍ ဝိုင်းဝန်းဆောင်လုပ်ရန် ခက်ခဲကြောင်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာသားတစ်ဦးက ပြောသည်။

စားရေးသောက်ရေးအဆင်ပြေရန် ဖန်တီးနိုင်သော်လည်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပါမကျန် ပျက်စီးခြင်းကြောင့်နေထိုင်ရန် ဒုက္ခရောက်ကြောင်း ကျောက်တော်မြို့ခံတစ်ဦးကလည်း ပြောသည်။

“စာရေးသောက်ရေးကတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး နေကြတာပဲ။ အမိုးလန်ပြီးတော့ နေစရာနေရာ မရှိတော့ ဒုက္ခရောက်တယ်။ ညဆို လေနဲ့ မိုးနဲ့ တအားရွာတယ်လေ။ ဒီမှာဆို ဘုန်းကြီးကျောင်းတွေရော စာသင်ကျောင်းတွေရော အကုန်လန်ကုန်တာ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့တို့ကို သဘာဝဘေးကျရောက်သောဒေသအဖြစ် သတ်မှတ်ကြောင်း မေ ၁၅ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ရခိုင်ပြည်နယ်ကို ဆန်၊ ဆီနှင့် အသင့်စားအစားအသောက်များအပါအဝင် အကူအညီပေးရေးပစ္စည်းများကို စစ်တပ်ရေယာဉ်ဖြင့် ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ဖော်ပြသည်။

မေ ၁၄ မုန်တိုင်းဝင်ပြီးနောက် မေ ၁၅ စစ်တွေမြို့အခြေအနေ (ဓာတ်ပုံ – ပိုးဥ/Myanmar)

ကုလသမဂ္ဂပြင်ဆင်မှု

မုန်တိုင်း အပြင်းအထန်ကျော်ဖြတ်မည်ဟု ခန့်မှန်းထားကြသည့် ရခိုင်ပြည်နယ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့များ ကူညီကယ်ဆယ်ရေးလုပ်ငန်း နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသော ဒေသဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် အနီးဝန်းကျင်မှ လူဦးရေ ၄၀၀,၀၀၀ စာ စားနပ်ရိက္ခာအသင့်ရှိနေသည်ဟု ရန်ကုန်ကုလသမဂ္ဂရုံးက မေ ၁၃ တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း မုန်တိုင်းသင့်ဒေသခံများထံ “သွားရောက်ကူညီခွင့်” လိုအပ်ဦးမည် ဖြစ်သည်။

“အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလောအကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ဟု မုန်တိုင်းမလာမီ ၁ ရက်အလို ထွက်ပေါ်လာသည့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းလွန်သွားသည်မှာ ရက်အတန်ကြာသွားပြီဖြစ်သော်လည်း အသင့်ဖြစ်နေပြီဆိုသော ထိုရိက္ခာများကို ဖြန့်ဝေသည့်သတင်း မထွက်လာသေးပေ။

Show More

Related Articles

Back to top button