
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် ရပ်တန့်သွားခြင်းနှင့် စစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ရက်စက်နေခြင်းတို့ကို လက်မခံနိုင်သော နိုင်ငံတကာအသိုက်အဝန်းက သံတမန်ရေးနှင့်စီးပွားရေး ပိတ်ဆို့အရေးယူမှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။
သို့သော် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အာဏာသိမ်းစစ်တပ်ကို မိတ်ဝတ်မပျက် အသိအမှတ်ပြု ဆက်ဆံလျက်ရှိပြီး၊ မြန်မာ့ပြဿနာကို “ပြည်တွင်းရေး” ဟု သတ်မှတ်ကာ ပဋိပက္ခကြားမှ မြန်မာနှင့် ကုန်သွယ်ရေးအကျိုးအမြတ်များ တိုးမြှင့်ရှာဖွေ ရယူလျက်ရှိကြသည်။
သို့သော် နိုင်ငံ၏အရှေ့မြောက် တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုးကန့်ဒေသမှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို မထင်မှတ်ဘဲ ကြီးမားစွာ ရိုက်ခတ်ပြောင်းလဲစေခဲ့သည်။
သမိုင်းတွင် မကြုံစဖူး စစ်တပ်စစ်ရှုံးနိမ့်ခြင်းကို အိမ်နီးချင်း တရုတ်နိုင်ငံ မအံ့ဩဘဲ နေမည်မဟုတ်ပါ။ ထို့အတူ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်သွယ်နေသော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရုတ်ချည်းပြောင်းလဲသွားမှုအပေါ် တရုတ်တို့ မည်သို့မျှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရသည်။
စစ်တပ်၏ စစ်ရှုံးနိမ့်မှုက ထိုမှာတင် ရပ်မသွားပါ။ နိုင်ငံ၏ အခြားနယ်စပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကလည်း “၁၀၂၇ စစ်ဆင်ရေး” နှင့်ဟန်ချက်ညီ စစ်ကောင်စီကို ဝိုင်းဝန်းထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပါ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထိုသို့ဆုံးရှုံးလိုက်ရသဖြင့် ကုန်သွယ်ရေးမှ အခွန်ဘဏ္ဍာငွေ ရရှိမှု လျော့နည်းကျဆင်းသွားမှုကို ကြိုးပမ်းကာကွယ်ရန် လက်ကျန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ရေလမ်းကြောင်းကုန်သွယ်ရေးပိုင်းကို စစ်ကောင်စီက အပြောင်းအလဲလုပ်လာသည်။
ထို့အခြေအနေတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ကုန်သွယ်ရေး သိသာစွာ ကျဆင်းနေပြီဟု ယေဘုယျ ခန့်မှန်းပြောဆိုမှုများ ရှိလာခဲ့သည်။ ထို့ကြောင့် မြန်မာ့အိမ်နီးချင်းများ၏ စစ်ကောင်စီနှင့် ကုန်သွယ်ရေး အကျိုးစီးပွားကို သိရှိနိုင်ရန် အချက်အလက်အခြေပြု လေ့လာဆန်းစစ် တင်ပြသွားပါမည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအခြေအနေ လေ့လာတွေ့ရှိချက်များ
တရုတ်သည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ပုံမှန်ကုန်သွယ်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးကို နယ်စပ်ဂိတ်စခန်း ၅ ခု ဖွင့်လှစ် လုပ်ကိုင်လျက်ရှိပါသည်။ ၎င်းစခန်းများမှာ ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူဆယ်နှင့် ချင်းရွှေဟော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ကုန်သွယ်ရေးကို ကျိုင်းတုံအကောက်ခွန်ဂိတ်စခန်းဖွင့်၍ ကုန်သွယ်လျက်ရှိသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှ ယနေ့အထိ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ခုအနက် စစ်ကောင်စီ လုံးဝ လက်လွှတ် ဆုံးရှုံးခဲ့ရသည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ချင်းရွှေဟော်၊ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် လွယ်ဂျယ် နှင့် ဇွန်လ ၁၁ ရက်နေ့တွင် ကန်ပိုင်တည် နယ်စပ်ဂိတ်များ ဖြစ်သည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်များထဲတွင် အကြီးဆုံးဖြစ်သော မူဆယ်နယ်စပ်ဂိတ်ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သော်လည်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ပေါင်းစုက မူဆယ်မြို့အထွက် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် မူဆယ်-လားရှိုး ကုန်သွယ်လမ်းမကြီးကို ထိန်းချုပ်လိုက်သဖြင့် မူဆယ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှုလည်း သိသာစွာကျဆင်းခဲ့ရသည်။
ထို့ကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်ကို ပြောင်းလဲ အသုံးပြုလာသည်။ ထိုအခြေအနေတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး မည်မျှ ထိခိုက်ခဲ့သည်ကို ကိန်းဂဏန်းအချက်အလက်များအရ သိရှိနိုင်ရန် အဆင့် ၂ ဆင့်ခွဲ၍ လေ့လာပါမည်။
ကိန်းဂဏန်းများက ပြောသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေ
ပထမအဆင့်တွင် စစ်ကောင်စီ ထုတ်ပြန်ထားသော ၂၀၂၃-၂၄ ဘဏ္ဍာနှစ် နှင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်များ၏ အစ ဧပြီလ တစ်လတည်း၏ ကာလတူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများကို ဦးစွာ နှိုင်းယှဉ်လေ့လာခဲ့ပါသည်။
ဇယား (၁) တွင် ဖော်ပြထားသော စစ်ကောင်စီ ထုတ်ပြန်ထားသော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် ဧပြီလတွင် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅.၅၆ သန်း ရှိခဲ့သည်။ ထိုအခြေအနေသည် ၂၀၂၃ ခုနှစ် ဧပြီလ ကာလတူ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၉၉.၃၉ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၇၃.၈၃ သန်း လျော့နည်းသွားသည်ကို တွေ့ရပါသည်။

တစ်ဖန် နယ်စပ်ဂိတ်တစ်ခုချင်း၏ ကုန်သွယ်မှုကိန်းဂဏန်းများကို အသေးစိတ်လေ့လာကြည့်လျှင် ချင်းရွှေဟော်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ကုန်သွယ်မှု လုံးဝမရှိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုနယ်စပ်ဂိတ် နှစ်ခုမှ ၂၀၂၃ ခုနှစ် ဧပြီလ ကာလတူ ကုန်သွယ်မှုအခြေအနေသည် အမေရိကန်ဒေါ်လာ ၅၀ သန်းခန့်နှင့် ၁၀ သန်းကျော် အသီးသီးရှိခဲ့သည်။
ချင်းရွှေဟော်နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်များမှ အခွန်ဘဏ္ဍာဆုံးရှုံးမှုကို ကာကွယ်ရန် ကန်ပိုက်တည်နှင့် ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းများမှ ဧပြီလအတွင်း ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကို ကိန်းဂဏန်းများက ဖော်ပြနေပါသည်။ ထိုဂိတ်နှစ်ခုမှ ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ် ဧပြီလထက် ဒေါ်လာ ၈၀ သန်းကျော် ပိုမိုကုန်သွယ်ခဲ့ကြောင်းတွေ့ရှိရသည်။ အထူးသဖြင့် မိုင်းလား-ကျိုင်းတုံလမ်းကြောင်းမှ ယခင်နှစ်က ကုန်သွယ်မှုမရှိသလောက် နည်းပါးခဲ့သော်လည်း၊ ယခုနှစ် ဧပြီလတွင် ဒေါ်လာ ၅၅ သန်းကျော် ကုန်သွယ်ခဲ့သည်။
ဇွန်လထဲတွင် ကန်ပိုက်တည် နယ်စပ်ဂိတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်၍ လာမည့်လများတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းမှသာ ကုန်သွယ်နိုင်တော့မည် ဖြစ်ပြီး ကုန်သွယ်မှုတန်ဖိုး ထပ်မံကျဆင်းနိုင်ပါသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အဓိက နယ်စပ်ဂိတ်ဖြစ်သော မူဆယ်မြို့မှ ကုန်သွယ်မှုများ ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး၊ ယင်းသည် တရုတ်နိုင်ငံက ကြားဝင်ဖိအားပေးညှိနှိုင်းခဲ့သော “ဟိုင်ဂင်” သဘောတူညီချက်ကြောင့် ဖြစ်နိုင်ပါသည်။ သို့သော် ယခင်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ထက်ဝက်နီးပါး ကျဆင်းသွားပြီဖြစ်သည်။
မူဆယ်နယ်စပ်ဂိတ်တစ်ခုတည်းမှ ကုန်သွယ်မှုပမာဏသည် ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှု ဘေးနှစ်ခုစလုံး ကြုံခဲ့ရသော ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဘီလီယံကျော် ရှိရာမှ၊ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂-၂၃ ခုနှစ်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်များတွင် ဒေါ်လာ ၂.၅ ဘီလီယံခန့်နှင့် ၂ ဘီလီယံကျော် အသီးသီးကျဆင်းခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်အားလုံး၏ နယ်စပ်ကုန်သွယ်ရေးအခြေအနေကို ခြုံ၍ကြည့်လျှင် ကျဆင်းလာသည့်အချက်ကို စစ်ကောင်စီ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အထင်အရှား တွေ့ရှိနေရပြီး၊ ထိုအခြေအနေသည် တရုတ်၏ ကုန်သွယ်ရေးအကျိုးစီးပွားကိုလည်း အကြီးအကျယ်ထိခိုက်စေသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့၏ ကုန်သွယ်မှုအကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ (ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နှင့် အာရက္ခတပ် AA) တို့ကို နယ်စပ်ကုန်သွယ်ရေး ပုံမှန် ပြန်လည်ဖွင့်လှစ်ရန် ဖိအားပေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
တရုတ်နိုင်ငံထုတ်ပြန်ထားသော ကုန်သွယ်ရေးကိန်းဂဏန်းများဖြင့် နှိုင်းယှဉ်လေ့လာခြင်း
ဒုတိယအဆင့် လေ့လာမှုအနေဖြင့် မြန်မာ-တရုတ် ကုန်သွယ်ရေးတစ်ခုလုံး (နယ်စပ်ကုန်သွယ်ရေးအပါအဝင်) ကို တရုတ်အစိုးရ၏ နိုင်ငံတော်စာရင်းအင်းဗျူရိုက ထုတ်ပြန်သော ကုန်သွယ်မှုကိန်းဂဏန်းများနှင့် စစ်ကောင်စီထုတ်ပြန်သော ကိန်းဂဏန်းများအကြား နှိုင်းယှဉ်လေ့လာခဲ့ပါသည်။
ဤနေရာတွင် သတိချပ်စရာအချက်မှာ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဘဏ္ဍာရေးနှစ် မတူညီကြပါ။ တရုတ်၏ ဘဏ္ဍာရေးနှစ်သည် ပြက္ခဒိန်နှစ်အတိုင်း ဇန်နဝါရီမှ ဒီဇင်ဘာအထိ ဖြစ်ပြီး၊ မြန်မာ၏ အရပ်သားအစိုးရလက်ထက် ဘဏ္ဍာရေးနှစ်မှာ အောက်တိုဘာမှ စက်တင်ဘာအထိ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ယခုအခါ ဧပြီလမှ မတ်လအထိ ဖြစ်သည်။
ဘဏ္ဍာနှစ်မတူသော်လည်း တစ်နှစ်တာ (၁၂ လ ကာလ) ကုန်သွယ်မှုတန်ဖိုးများကို အဓိကထား နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ ဤနှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ချက်မှာ မြန်မာနှင့် တရုတ်အစိုးရတို့၏ ကုန်သွယ်မှုကိန်းဂဏန်းများမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှု ပကတိအခြေအနေမှန်ကို ခန့်မှန်းတွက်ဆနိုင်ရန် ဖြစ်ပါသည်။

အထက်ပါ ဇယား (၂) ကို လေ့လာမည်ဆိုလျှင် တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို၏ ၃ နှစ်ဆက်တိုက် မြန်မာနှင့် ကုန်သွယ်မှုတန်ဖိုး ထုတ်ပြန်ချက်များအရ ကုန်သွယ်မှုတိုးတက်မြင့်မားလာသည့် လက္ခဏာ ပြသလျက်ရှိသည်။ ယင်းသည် နယ်စပ်ကုန်သွယ်ရေးအခြေအနေနှင့် လားရာ ပြောင်းပြန်ဖြစ်နေသည်ကို တွေ့ရှိရသည်။ သို့သော် စစ်ကောင်စီ ထုတ်ပြန်ထားသော ဘဏ္ဍာနှစ် ၃ နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးများမှာ ကျဆင်းသည့် လက္ခဏာ ပြသလျက်ရှိသည်။ ယင်းသည် နှစ်နိုင်ငံကုန်သွယ်ရေးအကြား တွေ့ရှိရသော ပထမဆုံးကွာခြားချက် ဖြစ်သည်။
ဒုတိယကွာခြားချက်မှာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကွာခြားချက် ဖြစ်သည်။ တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများအရ ၃ နှစ်ဆက်တိုက် ဒေါ်လာ သန်းပေါင်း ၁၈,၈၉၄.၃၂ ၊ ၁၈,၆၄၆.၀၃ နှင့် ၂၄,၇၈၂.၃၉ အထိရှိခဲ့ပြီး၊ စစ်ကောင်စီ၏ ကိန်းဂဏန်းများအရ ၃ နှစ်ဆက်တိုက် ဒေါ်လာ သန်းပေါင်း ၉,၈၂၅.၉၄၊ ၉,၂၈၀.၁၅ နှင့် ၈,၁၈၃.၁၈ အသီးသီး ဖြစ်သည်။
ကုန်သွယ်မှုကိန်းဂဏန်းများ၏ ကွာခြားချက်မှာ ဒေါ်လာဘီလီယံနှင့်ချီရှိပြီး၊ အနည်းငယ်ကွာခြားခြင်းမဟုတ်ဘဲ ထက်ဝက်ကျော် သို့မဟုတ် သုံးပုံနှစ်ပုံ ကွာခြားနေခြင်းကို လေ့လာတွေ့ရှိရသည်။ နှစ်နိုင်ငံ၏ ဘဏ္ဍာနှစ်များ မတူညီသော်လည်း ၁၂ လတာအတွင်း ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ဤမျှ ကြီးကြီးမားမား ကွာခြားမနေသင့်ပါ။ အဘယ်ကြောင့် ကွာခြားနေရသနည်း၊ အကြောင်းရင်းများရှိပါလိမ့်မည်။
ဖြစ်တန်ခြေရှိသော အကြောင်းရင်းတစ်ခုမှာ စစ်ကောင်စီနှင့် ကုန်သွယ်မှုအပြင်၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများနှင့် ကုန်သွယ်မှုအားလုံး တရုတ်တို့၏ အကောက်ခွန်စနစ်ကို ဖြတ်သန်းရပြီး၊ တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရိုက မှတ်တမ်းပြုစုထားနိုင်ပါသည်။
သို့သော် စစ်ကောင်စီသည် ၎င်းတို့ တရားဝင်သတ်မှတ်ထားသော နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ကုန်သွယ်မှုတန်ဖိုးကိုသာ သိရှိမှတ်တမ်းယူနိုင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေမှ ကုန်သွယ်မှုများနှင့် တရားမဝင်ကုန်သွယ်ရေးများကို လွှမ်းခြုံနိုင်သော အကောက်ခွန်စနစ် မရှိခြင်း၊ သို့မဟုတ် ထိုဒေသများတွင် အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားမရှိခြင်းကြောင့် ဖြစ်ပါသည်။
အထူးသဖြင့် တရုတ်နယ်စပ်အနီးရှိ မြန်မာနိုင်ငံထဲတွင် အများဆုံးထွက်ရှိပြီး ကမ္ဘာဈေးကွက်ကို လွှမ်းမိုးထားနိုင်သော အဖိုးတန် သတ္တုသယံဇာတများဖြစ်သည့် ကျွန်းသစ်၊ ကျောက်စိမ်း၊ မြေရှားသတ္တုနှင့် သံဖြူ မိုင်းတွင်းများသည် မြန်မာအစိုးရအဆက်ဆက် မြန်မာ့အကောက်ခွန်စနစ်ပြင်ပမှ တရုတ်ဈေးကွက်သို့ တင်ပို့နေသော တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ဖြစ်ပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုမှတ်တမ်းများတွင် ကုန်သွယ်မှုတန်ဖိုးများ ကွာခြားနေခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။
သို့သော် အဆိုပါ ကုန်သွယ်မှုတန်ဖိုး ကွာခြားချက်များက ဖော်ပြနေသည်မှာ စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ-တရုတ် ကုန်သွယ်ရေးပမာဏသည် ၎င်းတို့မထိန်းချုပ်ထားသော ကုန်သွယ်ရေးပမာဏနှင့် ဆတူ သို့မဟုတ် ပို၍လျော့နည်းနေကြောင်း တွေ့ရှိရသည်။ ထိုအချက်က တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အင်အားတောင့်တင်းလာခြင်းနှင့် နယ်စပ်ဒေသတစ်လျှောက် စစ်တပ်ကို ချေမှုန်း အနိုင်ယူခဲ့သော စစ်ပွဲများနောက်ကွယ်မှ ဓနအင်အားကို လှစ်ဟပြသနေပါသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေ လေ့လာတွေ့ရှိချက်များ
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာ၏ ဒုတိယမြောက် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။ မြန်မာ-တရုတ်နယ်စပ်ကဲ့သို့ မြန်မာ-ထိုင်းနယ်စပ်သည် ကီလိုမီတာ ထောင်နှင့်ချီပြီး ရှည်လျားသည့်အလျောက် နှစ်နိုင်ငံအကြား နယ်စပ်မြို့ ၇ ခုတွင် ကုန်သွယ်ရေးဂိတ်စခန်းများဖွင့်လှစ်၍ ကုန်သွယ်လျက်ရှိပါသည်။ ထိုနယ်စပ်မြို့များမှာ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နှင့် မယ်စဲ့ တို့ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကယားပြည်နယ် (ကရင်နီပြည်နယ်) မှ မယ်စဲ့မြို့သည် ကရင်နီတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက် ရောက်သွားသည်။ မယ်စဲ့မြို့သည် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအချက်အချာမြို့ မဟုတ်ဘဲ၊ အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ သန်းခန့်သာ ရှိခဲ့သည်။
ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သော်လည်း၊ ထိုနယ်စပ်ဂိတ်များနှင့် ဆက်သွယ်ထားသော ကုန်သွယ်လမ်းကြောင်းများကို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက ပို၍ ထိန်းချုပ်လာနိုင်သော အခြေအနေကို တွေ့မြင်နေရသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးကို လေ့လာခဲ့သည့်နည်းတူ ထိုင်းနယ်စပ်ကုန်သွယ်ရေးကိုလည်း အဆင့် ၂ ဆင့် ခွဲ၍ လေ့လာခဲ့ပါသည်။ ဇယား (၃) ပါ စစ်ကောင်စီ၏ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် ဧပြီလတွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၂၄.၆၆ သန်း ရှိခဲ့သည်။ ကာလတူ ၂၀၂၃ ခုနှစ် ဧပြီလ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၈၇.၄၈ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၆၂.၈၂ သန်း လျော့နည်းသွားကြောင်း တွေ့ရှိရသည်။
နယ်စပ်ဂိတ်တစ်ခုချင်း၏ ကုန်သွယ်မှုကိန်းဂဏန်းများကို အသေးစိတ်လေ့လာလျှင် အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သော မြဝတီနယ်စပ်ဂိတ်မှ ၂၀၂၄ ခုနှစ် ဧပြီလ ကုန်သွယ်မှုသည် ကာလတူ ၂၀၂၃ ခုနှစ် ဧပြီလ ကုန်သွယ်မှုထက် ဒေါ်လာ ၈၈ သန်းကျော် လျော့နည်း ကျဆင်းသွားသည်။ မြဝတီမြို့၏ အဓိက ကုန်သွယ်လမ်းကြောင်းဖြစ်သော အာရှအဝေးပြေးလမ်းမကြီးကို စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းမရှိခြင်းက ကုန်သွယ်မှုကျဆင်းခြင်း၏ အကြောင်းရင်း ဖြစ်နိုင်ပါသည်။
ထိုင်းအကောက်ခွန်ဌာန၏ ကုန်သွယ်ရေးကိန်းဂဏန်းများဖြင့် နှိုင်းယှဉ်လေ့လာခြင်း
တစ်ဖန် နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာ-ထိုင်း ကုန်သွယ်ရေးတစ်ခုလုံးကို ထိုင်းအစိုးရ၏ အကောက်ခွန်ဌာနမှ ထုတ်ပြန်သော ကုန်သွယ်မှုကိန်းဂဏန်းများနှင့် စစ်ကောင်စီထုတ်ပြန်သော ကိန်းဂဏန်းများအကြား ယှဉ်ထိုးနှိုင်းယှဉ်လေ့လာခဲ့ပါသည်။
မြန်မာ-ထိုင်း ကုန်သွယ်ရေးကိန်းဂဏန်းများ နှိုင်းယှဉ်လေ့လာရာတွင် ထိုင်းအကောက်ခွန်ဌာန၏ ကုန်သွယ်ရေးကိန်းဂဏန်းများသည် ထိုင်းဘတ်ငွေဖြင့် ဖော်ပြထားခြင်းဖြစ်သောကြောင့် ဘတ်ငွေမှ အမေရိကန်ဒေါ်လာသို့ ပြောင်းလဲတန်ဖိုးသင့်ရာတွင် ထိုင်းဗဟိုဘဏ်၏ သက်ဆိုင်ရာနှစ်အလိုက် ရည်ညွှန်းငွေလဲနှုန်းအပေါ် အခြေခံထား တွက်ချက်ထားခြင်းဖြစ်ပြီး၊ ကုန်သွယ်မှုတစ်နှစ်ကာလ (၁၂ လ) ကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။

ဇယား (၄) ပါ ထိုင်းအကောက်ခွန်ဌာန၏ ၃ နှစ်ဆက်တိုက် မြန်မာနှင့် ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကုန်သွယ်မှု တိုးတက်မြင့်မားလာသည့် လက္ခဏာ ပြသလျက်ရှိပြီး၊ ၂၀၂၃ ခုနှစ်တွင် ကျဆင်းသည့်ဘက်သို့ ဦးတည်လျက်ရှိသည်။ အလားတူ စစ်ကောင်စီ ထုတ်ပြန်ထားသော ဘဏ္ဍာနှစ် ၃ နှစ်အတွင်း ထိုင်းနှင့် ကုန်သွယ်မှုတန်ဖိုးများအရ ကုန်သွယ်မှု ကျဆင်းလာသည့် လက္ခဏာ ပြသလျက်ရှိသည်။ ထို့ကြောင့် ကုန်သွယ်မှုအကျဘက်သို့ ဦးတည်နေပုံခြင်း တူညီနေသည်။
သို့သော် မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် တွေ့ရှိခဲ့ရသော လက္ခဏာအတိုင်း၊ မြန်မာ-ထိုင်း ကုန်သွယ်ရေးတွင်လည်း စုစုပေါင်းကုန်သွယ်မှုတန်ဖိုးများ ကွာခြားချက်ကို တွေ့ရှိရသည်။ ထိုင်းအကောက်ခွန်ဌာန၏ မြန်မာနှင့်ကုန်သွယ်မှုတန်ဖိုးမှာ ၂ ဘီလီယံနှင့် ၃ ဘီလီယံအကြား ပိုမိုများပြားနေကြောင်း တွေ့ရှိရသည်။
ဒုတိယကွာခြားချက်မှာ ကုန်သွယ်မှုပိုငွေ ဖြစ်သည်။ စစ်ကောင်စီ၏ ကိန်းဂဏန်းများအရ ထိုင်းနှင့်ကုန်သွယ်ရေးတွင် စစ်ကောင်စီဘက်မှ ပိုငွေပြနေပြီး၊ ထိုင်းအကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ မြန်မာနှင့်ကုန်သွယ်ရေးတွင် ထိုင်းဘက်က ပိုငွေပြနေသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် စစ်ကောင်စီ၏ တရားဝင်နယ်စပ်ဂိတ်များမှ ဖြတ်သန်းခြင်းမရှိသော ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂ ဘီလီယံနှင့် ၃ ဘီလီယံအကြား ရှိနေခြင်း သို့မဟုတ် တရားဝင်ကုန်သွယ်မှုပမာဏ၏ ထက်ဝက်ခန့် ရှိနေကြောင်း တွေ့ရှိရသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအခြေအနေ လေ့လာတွေ့ရှိချက်များ
အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသည် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများကုန်သွယ်ရေးတွင် တတိယနေရာတွင် ရှိပြီး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း ၂ ခု ဖွင့်လှစ်ကုန်သွယ်နေသည်။ ၎င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီးထဲမှ တမူးမြို့နှင့် ချင်းပြည်နယ်မှ ရိဒ်ခေါဒါရ်မြို့တို့ဖြစ်သည်။
အခြားနယ်စပ်ကုန်သွယ်ရေးများကို လေ့လာခဲ့သည့်နည်းတူ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကို အဆင့် ၂ ဆင့် ခွဲ၍ လေ့လာခဲ့ပါသည်။ ဇယား (၅) ပါ စစ်ကောင်စီ၏ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် ဧပြီလတွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၀.၀၅ သန်း ရှိခဲ့ပြီး၊ ကာလတူ ၂၀၂၃ ခုနှစ် ဧပြီလ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၀.၅၉ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၀.၅၄ သန်း လျော့နည်းသွားသည်။

အထက်ပါ ဇယားတွင် ဖော်ပြချက်အရ ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်မှ ကုန်သွယ်မှု မရှိခြင်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ချိန် မတိုင်မီကတည်းက ကုန်သွယ်ရေး ရပ်တန့်နေခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
သို့သော် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်တော်လှန်ရေး အားအကောင်းဆုံးဒေသများဖြစ်ပြီး၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးသည် ယခုအခါ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းလျက်ရှိသည်။
အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ရိဒ်ခေါဒါရ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှု ဒေါ်လာ ၁၆၅.၂၉ သန်းနှင့် တမူးနယ်စပ်ဂိတ်မှ ဒေါ်လာ ၃၅.၃၆ သန်းရှိခဲ့ရာမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တမူးနယ်စပ်ဂိတ်တစ်ခုတည်းကသာ ကုန်သွယ်မှုရှိခဲ့ပြီး၊ ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၂.၈၇ သန်းအထိ ထိုး၍ ကျဆင်းသွားခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။
အိန္ဒိယကုန်သွယ်ရေးဌာန၏ မြန်မာနှင့်ကုန်သွယ်ရေးကိန်းဂဏန်းများဖြင့် နှိုင်းယှဉ်လေ့လာခြင်း
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးတစ်ခုလုံးကို နယ်စပ်ကုန်သွယ်ရေးအပါအဝင် အိန္ဒိယကုန်သွယ်ရေးဌာနမှ ထုတ်ပြန်သော ၃ နှစ်တာ ကုန်သွယ်မှုကိန်းဂဏန်းများနှင့် စစ်ကောင်စီ ထုတ်ပြန်ထားသော ကိန်းဂဏန်းများအကြား နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ ဤနေရာတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ဘဏ္ဍာနှစ်ကာလ သတ်မှတ်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ဘဏ္ဍာနှစ်ပြောင်းလဲခဲ့ခြင်းကလွဲလျှင် တူညီမှုရှိသည်။

အထက်ပါ ဇယား (၆) ပါ အိန္ဒိယကုန်သွယ်ရေးဌာနမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံနှင့် ၃ နှစ်တာ ကုန်သွယ်မှု ကိန်းဂဏန်းများအရ ပျမ်းမျှကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁.၇ နှင့် ၁.၈ ဘီလီယံကျော်ရှိပြီး၊ စစ်ကောင်စီ၏ ကုန်သွယ်ရေးကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၄၀၀ ခန့် ကွာခြားမှုရှိသည်ကို တွေ့ရသည်။
ထိုပမာဏသည် မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း ကုန်သွယ်မှုကိန်းဂဏန်းများလောက် ကွာခြားချက်မကြီးမားသော်လည်း၊ စစ်ကောင်စီ၏ ကုန်သွယ်ရေးစနစ်ပြင်ပ ကုန်သွယ်မှုများ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးတွင်လည်း ရှိနေသည်ကို တွေ့ရှိရသည်။ သိုရာတွင် နှစ်နိုင်ငံကုန်သွယ်မှုတွင် အိန္ဒိယဘက်က ကုန်သွယ်မှုလိုငွေပြပြီး၊ စစ်ကောင်စီဘက်က ကုန်သွယ်မှု ပိုငွေပြသည်၊ အခြေအနေမှာ နှစ်ဖက်ကိန်းဂဏန်းများ၏ ကုန်သွယ်ရေးလားရာ တူညီသည်ဟု ဆိုရပေလိမ့်မည်။
ခြုံငုံသုံးသပ်ရလျှင် ၂၀၂၄ ခုနှစ် ဧပြီလ ကုန်သွယ်မှုကိန်းဂဏန်းများအရ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအခြေအနေသည် ဆက်လက်ကျဆင်းနေမည်ဆိုပါက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ကုန်တွင် အနိမ့်ဆုံးသို့ ရောက်ရှိသွားနိုင်ပါသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအခြေအနေ လေ့လာတွေ့ရှိချက်များ
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနှင့် အိမ်နီးချင်း ၄ နိုင်ငံများအကြား ကုန်သွယ်ရေးတွင် စတုတ္ထနေရာမှ အနည်းဆုံးပမာဏဖြင့် ရပ်တည်လျက်ရှိပြီး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း ၂ ခု ဖွင့်လှစ် ကုန်သွယ်လျက်ရှိသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် မောင်တော နယ်စပ်မြို့တို့ ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုလည်း အဆင့် ၂ ဆင့် ခွဲ၍ လေ့လာခဲ့ရာ ဇယား (၇) ပါ စစ်ကောင်စီ ထုတ်ပြန်သောကိန်းဂဏန်းများအရ ၂၀၂၄-၂၅ ခုနှစ် ဘဏ္ဍာနှစ်အစ ဧပြီလတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု လုံးဝမရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ကာလတူ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁.၆၅ သန်းရှိခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်နေပြီး၊ မောင်တောနယ်စပ်မြို့သည် ယခုအခါ AA တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရကာ မကြာမီ AA ထိန်းချုပ်မှုအောက် ရောက်ရှိသွားနိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းနှင့်ရေ နယ်နိမိတ်ထိစပ်နေသော ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်တို့မှာ AA ၏ သိမ်းပိုက်ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။
ယခုအခါ မြို့တော်စစ်တွေ ပတ်ပတ်လည်ရှိ မြို့များအားလုံးသည် AA က သိမ်းပိုက်ထားပြီးဖြစ်၍ စစ်တွေသည် ထီးတည်းကျန်ရှိနေပြီး၊ စစ်ကောင်စီသည် စစ်တွေမြို့သို့ စစ်မီးကူးဆက်လာပါက မြို့တော် AA လက်ထဲ ကျမသွားစေရန် စစ်တွေမြို့ ပတ်ပတ်လည်ရှိ လမ်းပန်းဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားပြီဖြစ်သည်။ ထို့ကြောင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အစ ဧပြီလတွင် စစ်တွေနှင့် မောင်တော ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု မရှိတော့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဌာန၏ မြန်မာနှင့်ကုန်သွယ်ရေးကိန်းဂဏန်းများဖြင့် နှိုင်းယှဉ်လေ့လာခြင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးအခြေအနေကို နယ်စပ်ကုန်သွယ်ရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ၃ နှစ်တာ ကုန်သွယ်မှုကိန်းဂဏန်းများနှင့် စစ်ကောင်စီ ထုတ်ပြန်ထားသော ကိန်းဂဏန်းများအကြား နှိုင်းယှဉ်လေ့လာမှုကိုလည်း ပြုလုပ်ခဲ့သည်။

ဤနေရာတွင် သတိချပ်သင့်သည်မှာ ဘင်္ဂလားဒေ့ရှ်၏ ဘဏ္ဍာရေးနှစ်သည် ဇူလိုင်မှ ဇွန်လအထိ သတ်မှတ်ထားသဖြင့် မြန်မာနှင့် ကုန်သွယ်မှုကိန်းဂဏန်းများကိုလည်း အဆိုပါ ဘဏ္ဍာနှစ်အတိုင်း ဒေါ်လာဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဘဏ္ဍာနှစ်ကာလ မတူသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးများကို နှိုင်းယှဉ်လေ့လာရာ၌ တစ်နှစ်တာ (၁၂ လ ကာလ) ကုန်သွယ်မှုတန်ဖိုးများကို အဓိကထား နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်ပါသည်။
ဇယား (၈) ပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံထုတ်ပြန်ထားသော ကုန်သွယ်မှုကိန်းဂဏန်းများကို ၃ နှစ်တာ နှိုင်းယှဉ်လေ့လာချက်အရ ပျှမ်းမျှ ဒေါ်လာ ၂၀၀ သန်းအောက် ကုန်သွယ်ရေးပမာဏသာ ရှိခဲ့ပြီး၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ ဒေါ်လာဘီလီယံနှင့်ချီသော ကုန်သွယ်ရေးမျိုး မဟုတ်ပါ။ ကုန်သွယ်မှုအခြေအနေမှာ နှစ်နိုင်ငံစာရင်းများအရ မြန်မာဘက်က ကုန်သွယ်မှုပိုငွေပြနေသည့်အချက်မှာ တူညီမှုရှိပါသည်။
သို့သော် စစ်ကောင်စီ ထုတ်ပြန်ထားသော ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် တန်ဖိုးထက် သုံးပုံနှစ်ပုံခန့် ထိုးကျသွားသည်ကို တွေ့ရှိရပြီး၊ ယင်းသည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယနေ့အချိန်ထိ ပြင်းထန်နေဆဲဖြစ်သော စစ်ကောင်စီနှင့် အာရက္ခတပ်တော်အကြား တိုက်ပွဲများက အဓိက အကြောင်းရင်းခံ ဖြစ်ပါသည်။
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်ရေးအခြေအနေ ခြုံငုံသုံးသပ်ချက်
မြန်မာ့အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအားလုံးသည် စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံနေကြပြီး၊ ထိုသို့ ဆက်ဆံနေရခြင်းကို ခုခံပြောဆိုရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် မြန်မာ့ပဋိပက္ခသည် ၎င်းတို့နိုင်ငံများကိုပါ နယ်စပ်ဖြတ်ကျော်ရိုက်ခတ်လာသဖြင့် ထိုပြဿနာများကို ဖြေရှင်းရန် ဆက်ဆံနေရကြောင်း ဆင်ခြေပေးကြသည်။ ထိုဆင်ခြေက မမှားသော်လည်း မပြည့်စုံပါ။
စင်စစ် ထိုအိမ်နီးချင်းနိုင်ငံများသည် မြန်မာပဋိပက္ခကြားမှ ဒေါ်လာဘီလီယံချီသော ကုန်သွယ်ရေးအကျိုးစီးပွားများ အကျိုးဖြစ်ထွန်းလျက် တိတ်ဆိတ်စွာ တိုးမြှင့်ခံစားရယူနေကြခြင်းကိုမူ ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ ထိုအချက်ကို သက်သေထူရန် ဤဆောင်းပါးတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနှင့် အိမ်နီးချင်း ၄ နိုင်ငံ၏ ကုန်သွယ်ရေးကိန်းဂဏန်းများကို ဖော်ထုတ်ဆန်းစစ်လေ့လာ တင်ပြရခြင်း ဖြစ်ပါသည်။
နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းနေသော လူဦးရေ သန်း ၆၀ နီးပါးရှိသည့် ဈေးကွက်ကြီးမှ ဒေါ်လာဘီလီယံချီသော ကုန်သွယ်ရေးအကျိုးအမြတ်များ အလွယ်တကူရရှိနိုင်သော အနီးဆုံး အိမ်နီးချင်းနိုင်ငံများက အဘယ်ကြောင့် မြန်မာ့ဈေးကွက်ကို လက်လွှတ်ဆုံးရှုံးခံမည်နည်း။
ထိုအချက်သည်ပင် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရများက မြန်မာပြည်သူတွေ မည်မျှဒုက္ခရောက်နေပါစေ၊ စစ်ကောင်စီက ကိုယ့်ပြည်သူအပေါ် မည်မျှပင် အကြမ်းဖက်သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်နေပါစေ၊ ပဋိပက္ခကြားမှ အကျိုးအမြတ်ကြီးကြီး ရနိုင်သော အခွင့်အလမ်းကို လက်မလွှတ်နိုင်ခြင်းက အိမ်နီးချင်းနိုင်ငံများ၏ စစ်ကောင်စီနှင့် ဆက်ဆံနေသော အဓိကအကြောင်းတရားဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။