
မူဆယ် ၁၀၅ မိုင်ရှိ ဗျူဟာကုန်းစခန်းကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီးနောက် ထိုစခန်းမှ ဆုတ်ခွာသွားသော စစ်သားများက မူဆယ်မြို့တွင်းရှိ အခြားတပ်များနှင့် သွားရောက်ပူးပေါင်းကာ ခံစစ်ပြင်နေသည်ဟု သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ အဆိုပါ စခန်းကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တပ်များမှာ မြို့တွင်းရှိ ဘောလုံးကွင်းတွင် တပ်စွဲထားကြသည်ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။
“၁၀၅ မိုင်က ပြေးလာတဲ့ သံချပ်ကာကားရော တပ်တွေကရောက (မြို့တွင်း) ဘောလုံးကွင်းထဲမှာပဲ အခြေချနေကြတော့၊ မူဆယ်က ကွက်ကွက်လေးပဲ ကျန်နေတယ်၊ ဒါပေမဲ့ အခုငြိမ်နေတော့ စိုးတော့ စိုးရိမ်နေကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
၁၀၅ မိုင်မှ ဆုတ်သွားသည့် စစ်ကောင်စီတပ်သားအရေအတွက်နှင့် မူဆယ်မြို့တွင်း ရှိနေသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မသိရသေးပေ။
မူဆယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများ ရှိနေသေးသည်ဟု TNLA ၏ ပြန်ကြားရေးရုံးမှ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စခန်းတွေ ကျန်ပါသေးတယ်၊ ဒီအနီးအနားမှာ သူတို့ရဲ့ စခန်းတွေလည်း ကျန်ပါသေးတယ်။ သုံးလေးခုလောက်ပေါ့။ မြို့အဝင်ပေါက်တွေလည်း ကျန်ပါသေးတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

မူဆယ်မြို့တွင်းရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရွှေလီမြစ်နှင့် နီးသည့် ဟိုမွန်ရပ်ကွက်နှင့် နန့်လိုင်ရပ်ကွက်တို့ဘက်မှ ဝင်ရောက်မည်ဆိုသည့် သတင်းများ ထွက်နေကြောင်း၊ ယမန်နေ့ (ဒီဇင်ဘာ ၁၇) တွင် စစ်ကောင်စီတပ်က ဟိုမွန်ရပ်ကွက်အတွင်း ရဟတ်ယာဉ်နှင့် လာရောက်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လခွဲကျော် ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ခန့်နှင့် မြို့၆ မြို့ကို မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA), ကိုးကန့်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့က သိမ်းပိုက်ထားနိုင်ခဲ့သည်။
ယနေ့အထိ သိမ်းပိုက်ခံရသည့် စခန်းနှင့် မြို့များသို့ လေကြောင်းနှင့် အင်အားအနည်းငယ်ပေးပို့သည်က လွဲပြီး စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကူပို့ပေးနိုင်ခြင်းမရှိဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ထိုးစစ်ကို လက်ကျန်တပ်များဖြင့် ခုခံနေရသည် TNLA က ဆိုသည်။
နမ့်ဆန်မြို့ကို TNLA တို့ ထိန်းချုပ်ထား
မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းသိမ်းပိုက်သည့်နေ့တွင်ပင် မူဆယ်နှင့် မိုင် ၁၇၀ အကွာရှိ (ကားလမ်းခရီးဖြင့် ၆ နာရီခန့် သွားရသည့်) နမ့်ဆန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို TNLA က သိမ်းပိုက်ပြီး မြို့ကို အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ကြေညာထားသည်။
နမ့်ဆန်မြို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့အနောက်ဘက်ရှိ ကဒိုင်းဖူးတောင်စခန်း၊ ပတ္တမြားကုန်းစခန်း၊ ရဲစခန်းနှင့် လက်ဖက်ခြောက်စက်ရုံတို့ကို သိမ်းပိုက်နိုင်ပြီးနောက် ဗျူဟာကုန်းကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာလက်နက်ကြီး ၄ လက်၊ လေယာဉ်ပစ်လက်နက်၊ လက်နက်ငယ်များနှင့် ခဲယမ်းပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အလောင်း ၆၀ ကျော် တွေ့ရသည်၊ စစ်တပ်၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

မြို့သိမ်းနိုင်ပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့အထိ သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ရာတွင် ၁၄ အိမ်မှာ မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံ ၅ ဦး သေဆုံးသည်။
TNLA ၏ စာရင်းများအရ ဒီဇင်ဘာ ၁၇ ရက်တစ်ရက်တည်း ရှမ်းမြောက်ရှိ နမ့်ခမ်း၊ မူဆယ်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ လားရှိုး၊ ကျောက်မဲ စသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်များက နေရာအနှံ့ကို လက်နက်ကြီးဖြင့် အကြိမ် ၅၀ ကျော်၊ ဂျက်တိုက်လေယာဉ်ဖြင့် ၁၈ ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၄ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီက စခန်းပေါင်း ရာဂဏန်း လက်လွှတ်လိုက်ရပြီး တပ်ရင်းလိုက်လက်နက်ချမှုတချို့ ပေါ်ပေါက်လာရာ လက်နက်ကိုင်တော်လှန်ရေး၏ ထူးခြားသည့် အလှည့်အပြောင်းဖြစ်လာသည်။
ကိုးကန့်တပ်မတော် (MNDAA) က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်၊ နမ့်ဆန်မြို့ကိုလည်း TNLA က အပြည့်အဝ ထိန်းချုပ်ထားသည်ဟု သိရသည်။