ကယ်ဆယ်ရေးသမား ဆုံးရှုံးသွားသည့် ပရဟိတ ကမ္ဘာ
စစ်တပ်က ပစ်မှတ်ထားရန်ပြုခံရသည့် ကူညီရေးအဖွဲ့များအနက် ပြည်မြို့အခြေစိုက် မိုးမေတ္တာပရဟိတ အသင်းကို တည်ထောင်သူ ဦးမိုးကြီးသည် ပြည်ပထွက်တိမ်းရှောင်နေရစဉ် အနာဂတ်မြန်မာပြည်အတွက် ပြင်ဆင် လေ့လာနေသည်။
၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း စစ်တပ် အာဏာမသိမ်းမီအထိ ပြည်မြို့သား အသက် ၅၆ နှစ် အရွယ် ဦးမိုးကြီး၏ နေ့စဉ်ဘဝသည် ဝါသနာနှင့်ဘဝ ထပ်တူကျသည့် နေ့ရက်များ ဖြစ်ခဲ့သည်။ ပရဟိတလုပ်ငန်းများ၊ အခမဲ့ဆေးခန်း တခန်း၊ လူနာတင်ယာဉ်များနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများထဲတွင်သာ ဘဝကို မြှုပ်နှံထား ခဲ့သည်။
သို့သော် သူချစ်သော အဆိုပါလုပ်ငန်းများကို လုံးဝကျောခိုင်းကာ ဒုက္ခရောက်နေသော မိမိနိုင်ငံသားများကို ကူညီချင်ပါလျက် မကူညီနိုင်ဘဲ အိမ်နီးချင်းထိုင်းနိုင်ငံမှသာ သတင်းများ နားစွင့်နေရသည့် ဘဝကို ဖြတ်သန်းရတော့မည်ဟု ထိုစဉ်က ဦးမိုးကြီး မထင်ထားခဲ့ပါ။
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းလာချိန်တွင် ၎င်းဦးဆောင် ဖွင့်လှစ်ထားသည့် မိုးမေတ္တာအသင်း အခမဲ့ဆေးခန်းတွင် ဒဏ်ရာရဆန္ဒပြသူများကို လက်ခံကုသပေးခဲ့သည်၊ ထိုအထဲတွင် ဦးခေါင်းကျည်ဆန် ထိမှန်သူများ၊ မျက်စိဒဏ်ရာရသူများ ပါဝင်သည်ဟု ဦးမိုးကြီးက ဆိုသည်။
စစ်တပ်၏ ဖြိုခွင်းမှု ပြင်းထန်လာသည်နှင့်အမျှ ကုသမှုပေးနေသည့် ဆရာဝန်များ၏ လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်လာသည်။ ဆေးခန်းတွင် ပုံမှန်လာရောက်ကုသနေသည့် လူနာများကို ကုသပေးရန်လည်း ခက်ခဲလာသည်။
ထိုနှစ် ဧပြီလ ၄ ရက်တွင် စစ်တပ်က မိုးမေတ္တာပရဟိတအသင်း ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုနေ့တွင် ဦးမိုးကြီးကိုယ်တိုင် ရုံးခန်း၌ ရှိနေခဲ့သည်။
အသင်း၏ လုပ်ငန်းလိုအပ်ချက်များကို စီမံဆောင်ရွက်နေစဉ် ရုံးအပြင်ဘက်မှ ဓာတ်ပုံရိုက်သွားသူများ ရှိသည်ကို သိလိုက်ရသဖြင့် အသင်းဝင်အချို့ကို တိမ်းရှောင်ကြရန် သူသတိပေးခဲ့သည်။ သို့သော် မွန်းလွဲ ၂ နာရီတွင် နာရေးတခုအတွက် ကူညီရမည်ဖြစ်သောကြောင့် အသင်းဝင်အချို့က မတိမ်းရှောင်လိုကြပေ။
မကြာမီ စစ်သားများ အသင်းရုံးခန်းထဲ ရောက်လာကာ ရုံးတွင်ရှိနေသည့် အသင်းဝင် ရှစ်ဦးခန့်ကို ဒူးထောက်ခိုင်းပြီး သေနတ်ဒင်များဖြင့် ထုရိုက်ခဲ့သည်ဟု ဦးမိုးကြီးက ပြန်ပြောပြသည်။
ထို့နောက် စစ်သားများက အသင်းရုံးခန်းနှင့် ခြံဝင်းအတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဓားများကိုလည်း စစ်ဆေးခဲ့ပြီး အသင်း၏ ကယ်ဆယ်ရေး ပစ္စည်းများ၊ စက်ကိရိယာများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းအချို့ကို သိမ်းဆည်း၍ အချို့ကို ဖျက်ဆီးခဲ့သည်ဟု ဦးမိုးကြီးက ဆိုသည်။
ဖျက်ဆီးခံရသည့်အထဲတွင် ယာဉ်မတော်တဆမှုတွင် ကားအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ရန် အသုံးပြုသည့် ဟိုက်ဒရောလစ်ဖြတ်စက်၊ ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ၊ အခြားကယ်ဆယ်ရေး ပစ္စည်းများလည်း ပါဝင်သည်။
ဦးမိုးကြီး၏ ပြောပြချက်အရ ထိုနေ့က အသင်းပိုင်ယာဉ် ၁၈ စီးခန့် သိမ်းဆည်းခံခဲ့ရသည်။
ရုံးခန်းနှင့် ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးခံရစဉ် ဦးမိုးကြီးမှာ အသင်းရုံး၌ပင် တနေ့လုံး ရှိနေခဲ့သည်။ သို့သော် စစ်တပ်အရာရှိက ထိုနေ့တွင် သူ့ကို ချက်ချင်းခေါ်မသွားသေးဘဲ မိသားစုကို နှုတ်ဆက်ပြီးမှ ကိုယ်တိုင်လာရောက် အဖမ်းခံရန် ပြောဆိုခဲ့ကြောင်း ဦးမိုးကြီးက ဆိုသည်။
အဖမ်းခံရန် ကနဦးစဉ်းစားခဲ့သော်လည်း ဖမ်းဆီးခံရသူတိုင်းလိုလို နှိပ်စက်ညှဉ်းပန်းခံရတတ်ပြီး အချို့မှာ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြချိန်ဖြစ်ရာ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များက အဖမ်းမခံရန်ဟန့်တားကြသည်။ သူလည်း တိမ်းရှောင်ခဲ့သည်။

ဦးမိုးကြီး ဖွင့်လှစ်ထားသည့် ကုသိုလ်ဖြစ်ဆေးခန်းကို အားကိုးကြသူ အများအပြားမှာ နွမ်းပါးလူနာများ ဖြစ်ကြသည်။ (ဓာတ်ပုံ- ပေးပို့)
ပရဟိတသမားဘဝ၏အစ
ဦးမိုးကြီး၏ ပရဟိတလုပ်ငန်းများမှာ ဆေးရုံတက်နေသည့် လူနာများကို ကူညီရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်ဝန်းကျင်တွင် ဒုလ္လဘရဟန်းဝတ်နေစဉ် ဆေးရုံတက်နေသည့် လူနာများအတွက် သွေးအလှူရှင် လိုက်ရှာနေသည့် နွမ်းပါးသူများကို တွေ့ခဲ့ရသည်။ ထိုအချိန်က သွေးအလှူရှင်အသင်းများ နည်းပါးသဖြင့် လူနာရှင်များသည် ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များအထိ သွေးအလှူရှင် လိုက်လံရှာဖွေရလေ့ရှိသည်။
ကိုယ်တိုင်သွေးမလှူနိုင်သော်လည်း သွေးလှူနိုင်သူများကို စုစည်းပေးရန် သူဆုံးဖြတ်ခဲ့သည်။ ထိုမှတဆင့် ၂၀၁၀ ပြည့်နှစ်တွင် ပရဟိတလုပ်ငန်းကို သွေးအလှူရှင် ၂၈ ဦးနှင့် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ပြည်မြို့အခြေစိုက် မိုးမေတ္တာပရဟိတအသင်း အမည်ဖြင့် တိုးချဲ့လုပ်ကိုင်လာခဲ့သည်။
ပရဟိတလုပ်ငန်းနယ်ပယ်သို့ ဦးမိုးကြီး ခြေချမိသည့်နောက် ဆေးကုသစရိတ် မတတ်နိုင်သူများ၊ ဆေးရုံသို့ သွားလာရန် ခက်ခဲနေသူများ၊ နာရေးကိစ္စအတွက် အကူအညီလိုအပ်သူများကို ပိုမိုသတိထားမိလာသည်။
ထို့ကြောင့် အသင်း၏ လုပ်ငန်းများမှာ မတော်တဆ ထိခိုက်သူများကို အရေးပေါ်ကယ်ဆယ်ခြင်း၊ နာရေးကူညီခြင်း၊ အခမဲ့ဆေးကုခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်သည့် လုပ်ငန်းများအထိ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
ပြည်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှာလည်း ဆေးကုသစရိတ် မတတ်နိုင်သူများ အားထားရာ ဖြစ်လာသည်။ နေ့စဉ် လူနာ ၁၀၀ မှ ၁၂၀ ဝန်းကျင် ကုသပေးခဲ့ရာ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါရှိသူများလည်း ပါဝင်သည်၊။ ဝင်ငွေနည်းပါးပြီး ဆေးဝါးပုံမှန်ဝယ်ယူရန် မတတ်နိုင်သူအချို့မှာ ဆေးခန်းက ပေးသည့် ဆေးဝါးများကို အားကိုးခဲ့ရသည်ဟု ဦးမိုးကြီးက ဆိုသည်။
ထိုအခမဲ့ဆေးခန်း၏ လုပ်ငန်းများ ရပ်တန့်သွားခြင်းမှာ ဆေးခန်းတခု ပိတ်သွားခြင်းထက် ပိုမိုကြီးမားသည့် အကျိုးဆက်များ ပေါ်ပေါက်လာခဲ့ပြီး ဆေးဝါး ပုံမှန်လိုအပ်နေသူများအတွက် အားထားရာတခု ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာဆရာဝန်တဦးက သီလရှင်တပါးကို ကျန်းမာရေး စစ်ဆေးပေးခဲ့စဉ်။ (ဓာတ်ပုံ- ပေးပို့)
တရွာပြောင်း၍စိတ်မကောင်းဖြစ်ရသူ
ဧရာဝတီမြစ်ကြောင်းအတိုင်း ပဲ့ထောင်ဖြင့် ဆန်တက်ပြီးနောက် ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်စပ် ကျေးရွာတို့ တွင် ခိုလှုံခဲ့သည်။ သို့သော် တနေရာတွင် တရက်၊ နှစ်ရက်မျှ နေထိုင်ပြီးတိုင်း သိကျွမ်းသူများ သူ့ထံ ရောက်လာ တတ်သည်။
သူဒုက္ခရောက်နေကြောင်း သိရှိသည့် ရွာသားများက အစားအသောက်များ ယူဆောင်လာပေးကြသည်။ ညဘက် တောထဲထွက်၍ ရှာဖွေစားသောက်နေသူများကလည်း သူ့ကို လာရောက်တွေ့ဆုံခဲ့ကြသည်။
“ကိုယ်ကူညီပေးခဲ့တဲ့ ရွာတွေဆိုတော့ဗျာ၊ သူတို့က ကိုယ်ဒုက္ခရောက်လာလို့ အဲဒီလိုပြေးလာတယ်ဆိုတော့ သူတို့က ပြန်ပြီး ကျေးဇူးပြုချင်တာ” ဟု ဦးမိုးကြီးက ပြောသည်။
သို့သော် လာရောက် တွေ့ဆုံသူများ များပြားလာသည့်အခါ သူပုန်းရှောင်နေသည့်နေရာကို လူသိသွားနိုင်သဖြင့် တရွာပြီးတရွာ ထပ်မံပြောင်းရွှေ့ခဲ့ရပြန်သည်။ နေရာ ပြောင်းရွှေ့နေခြင်းသည် ရေရှည်မလုံခြုံနိုင်ဟု သိလာသည့်နောက် ယုံကြည်စိတ်ချရသူများ၏ အကူအညီဖြင့် ပဲခူးတိုင်းအတွင်း ပြန်လည်ရွှေ့ပြောင်းခဲ့ရသည်။
ထိုခရီးတွင်လည်း ပရဟိတလုပ်ငန်းကြောင့် သိကျွမ်းခဲ့သူများ၏ အကူအညီကို ရရှိခဲ့သည်။ ဘုန်းကြီးတပါးနှင့် ဒေသခံများက သူ့ကို ကားဖြင့် ခေါ်ဆောင်ပေးသလို၊ ခေတ္တနေထိုင်ရန်လည်း စီစဉ်ပေးခဲ့ကြသည်။
ပဲခူးတိုင်းအတွင်း တနေရာမှတနေရာသို့ ဆက်လက် တိမ်းရှောင်နေရာမှ ၂၀၂၂ ခုနှစ်တွင် ဦးမိုးကြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်သွားခဲ့သည်။
ပြည်ပရောက်ပရဟိတသမား၏အိမ်အလွမ်း
ဦးမိုးကြီးသည် ထိုင်းနိုင်ငံတွင် နေထိုင်ရင်း မြန်မာနိုင်ငံအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း တို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် လူအများ ဒုက္ခရောက်နေသည့် သတင်းများကို ကြားသိရသည့်အခါ ယခင်ကကဲ့သို့ ကိုယ်တိုင်သွားရောက် ကူညီလိုသည်။
“ကိုယ်မှ ဘာမှလုပ်မပေးနိုင်တာ။ လုပ်ပေးလို့လည်း ရမှမရတာ။ ကိုယ့်နိုင်ငံထဲလည်း ပြန်ဝင်လို့မှ မရတာ”ဟု ဦးမိုးကြီးက ပြောသည်။
ဦးမိုးကြီး ဆယ်စုနှစ်တခုကျော် အချိန်ယူတည်ဆောက်ခဲ့သည့် ပရဟိတအသင်း၊ အခမဲ့ဆေးခန်း၊ လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ပျက်စီးခဲ့ရသည်။
သို့သော် လူနာတင်ယာဉ်များနှင့် အဆောက်အအုံများထက် ထိုလုပ်ငန်းများကို လည်ပတ်နိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ခဲ့သည့် လူအင်အားနှင့် ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံများကို ဆုံးရှုံးခဲ့ရခြင်းက အစားပြန်မရနိုင်သော ဆုံးရှုံးမှု ဖြစ်သည်ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်နေစဉ် ယာဉ်မတော်တဆမှုတခုကို သူကြုံတွေ့ခဲ့ဖူးသည်။ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်မည်ကို စိုးရိမ်ရသလို ဘာသာစကားအခက်အခဲလည်းရှိသဖြင့် ဝင်မကူနိုင်ခဲ့ပေ။
“ကိုယ် ပြေးသွားပြီးတော့ ကူပေးချင်တယ်၊ ကူပေးချင်တယ်။ ဘာသာစကားလည်း ပြောမရဘူး၊ ဆက်နွှယ်လို့လည်း မရဘူး။ ကြိတ်မှိတ်နေလိုက်ရတာ။ ကိုယ့်ဟာကိုယ် ‘ဪ… ငါ ဘာမှလုပ်ပေးလို့မှ မရတာ’ ဆိုတာနဲ့ ကြိတ်မှိတ်လိုက်ရတယ်။ စိတ်ထဲတော့ ဘယ်လိုမှကို နေလို့မရဘူးပေါ့”ဟု သူက ပြောသည်။

စစ်တပ်က သိမ်းယူသွားသည့် မိုးမေတ္တာ ပရဟိတအသင်း၏ မော်တော်ယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)
စစ်တပ်အငြိုးထားခံခဲ့ရသည့်ပရဟိတသမားများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ ရန်ငြိုးထားမှု၊ ကယ်ဆယ်ရေးသမားများနှင့် ဆေးဘက် ဆိုင်ရာ စေတနာ့ဝန်ထမ်းများကို ဖမ်းဆီး၊ ရိုက်နှက်၊ ထောင်ချ၊ အသင်းရုံးများ ဝင်ရောက်စီးနင်းခံရမှုတို့ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ဖရိုဖရဲ တကွဲတပြားဖြစ်ခဲ့ရသည်မှာ မိုးမေတ္တာပရဟိတအသင်း တခုတည်း မဟုတ်ပါ။
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၌ ဒဏ်ရာရသူများကို ကူညီနေသည့် မွန်မြတ်စိတ်ထား ပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းလေးဦးကို ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ပေါ်မှ ဆွဲချကာ ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုနေ့တွင်ပင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)ရုံးလည်း ဝင်ရောက်စီးနင်းခံခဲ့ရပြီး အသင်းဝန်ထမ်းများ ရိုက်နှက်ခံရသလို ရုံးသုံးပစ္စည်းနှင့် ယာဉ်များလည်း ဖျက်ဆီးခံခဲ့ရသည်။
ထို့နောက် စက်တင်ဘာလတွင် စစ်တပ်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ မြို့မမေတ္တာ လူမှုကူညီရေးအသင်းကို ဝင်ရောက်စီးနင်းပြီး လူလေးဦးကို ဖမ်းဆီးကာ လူနာတင်ယာဉ်နှစ်စီးကို သိမ်းဆည်းခဲ့သည်။ ရက်ပိုင်းအတွင်း ယင်းမြို့နယ်ရှိ လူငယ့်မေတ္တာအသင်းကိုလည်း ဝင်ရောက် စီးနင်းကာ အသင်းဝင်များ၊ အသင်းနှင့် ဆက်စပ်နေသူများ စုစုပေါင်း ငါးဦးကို ဖမ်းဆီးသွားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်လည်း တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ပရဟိတဆေးခန်းတခုကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အသက် ၂၀ ကျော်အရွယ် စေတနာ့ဝန်ထမ်း ခုနစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဆေးခန်းရှိ လူနာတင်ယာဉ်၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့သည်။
ထိုသို့စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် ပရဟိတအသင်းဝင်အများအပြား တိမ်းရှောင်ရပြီး မြို့ကြီးအချို့ရှိ လူမှုကူညီရေးအသင်းများလည်း လုပ်ငန်းရပ်နားခဲ့ရသည်။ အလှူငွေ လျော့နည်းလာခြင်း၊ ဘဏ်မှ ငွေထုတ်ယူရန် ခက်ခဲခြင်းတို့ကလည်း အသင်းများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုကို ထိခိုက်စေသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်မှုများ ကြုံတွေ့ခဲ့ရသည့် ပရဟိတအသင်းများသည် ယခင်က အရေးပေါ်အခြေအနေများတွင် ဒေသအလိုက် အချင်းချင်း ချိတ်ဆက်ကူညီခဲ့ကြသည်။
မိုးမေတ္တာအသင်းသည်လည်း ဒေသတွင်းသာမက နိုင်ငံအနှံ့ရှိ ပရဟိတအသင်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။
နိုင်ငံအထက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်တခု ဖြစ်ပါက မန္တလေးမြို့ရှိ ပရဟိတအသင်းတခုနှင့် ဆက်သွယ်ရုံဖြင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင်လည်း အခြား ပရဟိတအသင်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သည်ဟု ဦးမိုးကြီးက ပြောသည်။
သို့သော် ယခုအခါ ပရဟိတအသင်းများ အပြန်အလှန်ယုံကြည်မှုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့မှာ ယခင်ကလောက် ကောင်းမွန်ချင်မှ ကောင်းမွန်တော့မည်ဟု ဦးမိုးကြီးက သုံးသပ်သည်။ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် အသင်းအချင်းချင်း ဆက်သွယ် လုပ်ကိုင်ရာတွင်လည်း ခက်ခဲလာနိုင်သည်ဟု သူက ယူဆသည်။
ထိုင်းနိုင်ငံတွင် ရောက်နေသည့် ဦးမိုးကြီးသည် ယခင်ကကဲ့သို့ ကယ်ဆယ်ရေး လုပ်ငန်းများကို ကိုယ်တိုင်ဦးမဆောင်နိုင်တော့သော်လည်း လူမှုကူညီရေးလုပ်ငန်းများနှင့် အဆက်အသွယ် မပြတ်လိုပေ။
“ဘာမှလုပ်ပေးလို့ မရတဲ့အတူတူတော့ ကျွန်တော် ဒီမှာအခုရှိနေတဲ့အချိန်မှာ ပြင်ဆင်သင့်တာကို ပြင်ဆင်နေတယ်” ဟု ဦးမိုးကြီးက ဆိုသည်။
ယခင်က ကျန်းမာရေးစောင့်ရှောက်မှု၊ နာရေးကူညီမှု၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ခဲ့သော်လည်း နောင်တချိန်တွင် လုပ်ငန်းအသစ်များ လုပ်ကိုင်ရန် စိတ်ဝင်စားသူဖြစ်သည်။ နိုင်ငံ၏ အခြေအနေနှင့် ပြည်သူများ၏ လိုအပ်ချက်အပေါ် မူတည်၍ မိမိတတ်ကျွမ်းသည့် ပညာဖြင့် အကျိုးပြုနိုင်မည့် နည်းလမ်းများကို စဉ်းစား၊ ပြင်ဆင်နေသည်။
ထိုသို့ ပြင်ဆင်ရာတွင် ပန်းချီပညာနှင့် လက်မှုပညာများ လေ့လာခြင်းလည်း ပါဝင်သည်။ ကိုယ်တိုင်တတ်မြောက် လာသည့် ပညာရပ်များကို အခြားသူများအား ပြန်လည်သင်ကြားပေးနိုင်ရန်၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်လည်း ဦးမိုးကြီးက မျှော်လင့်ထားသည်။

လက်မှုပညာများ လေ့လာနေသည့် ဦးမိုးကြီးနှင့် ဇနီးသည်တို့ ဝါးအိမ်ငယ် ပြုလုပ်နေကြစဉ်။ အိမ်ပုံစံငယ်များ ဖန်တီးခြင်းသည် စျေးကွက်ရှိသည့် အသေးစားလုပ်ငန်းအမျိုးအစားတခု ဖြစ်သည်။ (ဓာတ်ပုံ- ပေးပို့)



