ဆောင်းပါး

မယ်စဲ့မြို့သိမ်းသည့် ညွန့်ပေါင်းမုန်တိုင်းစစ်ဆင်ရေးအလွန်

မိုးရေစက်များ ဖွဲဖွဲကျနေသည့် ဇူလိုင်နံနက်ခင်းတစ်ခုတွင် မြန်မာပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်၊ တောင်ကုန်းတောင်တန်း ပေါများရာ အရပ်ဒေသ၊ ကယား (ကရင်နီ) ပြည်နယ်ရှိ မယ်စဲ့မြို့လေးအတွင်း လူသူကင်းမဲ့ တိတ်ဆိတ်ခြောက်ကပ်နေသည်။

မယ်စဲ့ချောင်း အနောက်ဘက်ကမ်း စတုရန်း ၁ မိုင်ပင် မပြည့်သည့် တောင်တန်းများအကြား မြေပြန့်ဧရိယာဖြစ်သော၊ ဌာနဆိုင်ရာ အဆောက်အအုံများသာ ရှိတတ်သော ထိုနေရာသို့ ချဉ်းနင်း ဝင်ရောက်လာချိန်မှစ၍ စစ်ပွဲကြောင့် ကြေမွသွားသည့် မြို့ပျက်တစ်ခု၏ သွင်ပြင်လက္ခဏာများကို နေရာအနှံ့တွင် အထင်းသား တွေ့ရသည်။

လူဦးရေ ၆,၀၀၀ ကျော် နေထိုင်ခဲ့ပြီး၊ စတုရန်းမိုင် ၁,၀၀၀ ကျော်သာ ကျယ်ဝန်းသည့် မယ်စဲ့မြို့နယ်တစ်ခုလုံးကို ဇွန်လအတွင်း ညွန့်ပေါင်းမုန်တိုင်းစစ်ဆင်ရေးအလွန်တွင် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ဖျက်ဆီးပစ်ခဲ့ရာ တစ်မြို့လုံးနီးပါး ဖွတ်ဖွတ်ညက်ညက် ကြေကုန်သည်။

ဈေးနှင့် ကျောချင်းကပ် တည်ရှိသည့် မြို့နယ်ပြည်သူ့ဆေးရုံသည် အပျက်အစီးနည်းပါးသော်လည်း မျက်နှာကြက် ပြုတ်ကျ၊ ပြတင်းမှန် ကွဲအက်၊ အဆောက်အအုံပတ်လည် ကျည်ထိထားသည်။ ဆေးရုံအနီးရှိ မယ်စဲ့ခရိုင်ရဲတပ်ဖွဲ့မှူးရုံးစိုက်ရာ မြို့မရဲစခန်းဝင်းအတွင်း၌မူ ရစရာမရှိ ဖြစ်နေပြီ။

ဇွန် ၁၃ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်မှုနှင့် စစ်ကောင်စီ ဗုံးဒဏ်တို့ကြောင့် ပြိုပျက်နေပြီဖြစ်သော ရဲစခန်းအဆောက်အအုံပေါ်မှ ဖွာလန်ကြဲ လွင့်ထွက်ကျနေသည့် သွပ်မိုးအပျက်အစီးများ၊ မီးလောင်ထားသည့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များကို ရဲစခန်းဝင်းအတွင်း တွေ့ရသည်။

ထိုးစစ်ဆင်လာသော တော်လှန်ရေးအဖွဲ့တို့ကို ခုခံရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကာအကွယ်အဖြစ် အသုံးပြုခဲ့ပုံရသော သံပီပါခွံနှင့် သဲအိတ်များသည် ရဲစခန်း နှစ်ထပ်အုတ်တိုက် မြေညီထပ်ဆင်ဝင်အောက်တွင် ရှိနေသည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မယ်စဲ့မြို့ ရဲစခန်းကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ထိုတိုက်ပွဲတွင် ခရိုင်ရဲမှူး ကျော်သူနှင့် စစ်ကောင်စီဘက်တော်သားများ သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြား အတည်မပြုနိုင်ပေ။ နှစ်ဖက်စလုံးက မယ်စဲ့မြို့တိုက်ပွဲများအတွင်း သေဆုံး၊ ဒဏ်ရာရမှု အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါ။

ရဲစခန်းဝင်ပေါက် ဆင်ဝင်ကို ကျော်လွန်မိချိန်တွင် ရဲစခန်းကြမ်းပြင်ထက်၌ ဦးခေါင်းခွံတစ်ခုကို ဘွားခနဲ တွေ့လိုက်ရသည်။ အပုပ်နံ့ လှိုင်လှိုင်ထနေသည့် လေထုအခြေအနေကြောင့် အသက်ရှူရ ခက်လာပြီး ပျို့အန်မတတ်ဖြစ်လာသည်။

အနံ့ဆိုးကို ဆက်လက်ရင်ဆိုင်နိုင်ရန် ခေတ္တမျှ အသက်အောင့်၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရာ ရုပ်ဆင်းသဏ္ဌာန်မပေါ်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး၏ ဆွေးမြေ့နေသော ရုပ်အလောင်းများကို ရဲစခန်း အချုပ်ခန်းအနီးတွင် တွေ့သည်။

လေကြောင်းတိုက်ခိုက်မှုအန္တရာယ် အချိန်မရွေး ကျရောက်လာနိုင်ခြေရှိ၍ တက်သုတ်ရိုက် သွားရသည့် ခရီးစဉ်ဖြစ်လေရာ ရုပ်အလောင်းဝန်းကျင် အသေးစိတ်အခြေအနေ အနီးကပ် လေ့လာလိုစိတ်ကို စွန့်လွှတ်လိုက်ရသည်။

စခန်းအပေါ်ထပ် အပျက်အစီးများကြားတွင် ရဲအသုံးအဆောင်နှင့် အဝတ်အစားများ၊ အစားအသောက်များ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည်။

မြို့ထဲတွင် နယ်မြေရှင်းလင်းရေး လုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှအပ မည်သည့်သက်ဝင်လှုပ်ရှားမှုမျှ မတွေ့ရ။

စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်ရေး၊ မွေးမြူရေးဖြင့် အဓိကအသက်မွေးကြသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများသာ နေထိုင်ကြသော၊ ဖွံ့ဖြိုးမှုမရှိသော မယ်စဲ့တွင် မြို့ခံ ၁၀၀၀ နီးပါးနှင့် မြို့နယ်အတွင်း လာရောက် စစ်ရှောင်နေကြသည့် ကရင်နီဒေသခံများအားလုံး ထွက်ပြေးကြရသည်။

(ရင်းမြစ် – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

လုံခြုံရေးအရ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်မပြောလိုသည့် အသက် ၄၀ ကျော် မယ်စဲ့မြို့ခံ ဦးခွန်အောင်*က “(တိုက်ပွဲဖြစ်မယ်ဆိုတာ) ကြိုပြီးတော့ သတင်းတော့ သိရပါတယ်။ .. တချို့လူကလည်း ကြိုပြီးတော့ ရှောင်တယ်။ တချို့လူကလည်း တိုက်ပွဲဖြစ်ပြီး မနက်နဲ့ နောက်တစ်ရက်မှ ရှောင်တဲ့သူလည်း ရှိတာပေါ့နော်” ဟု ပြောသည်။

ဦးခွန်အောင်သည် ရဲစခန်းတိုက်ခိုက်ခံရသည့် ဇွန် ၁၂ ရက်မတိုင်မီ တစ်ရက်ကြို၍ မြို့ကို စွန့်ခွာခဲ့သူဖြစ်သည်။ မြို့မြောက်ဘက် မိုင် ၁၀၀ ဝန်းကျင်တွင် ရှိသည့် ပြည်နယ်မြို့တော် လွိုင်ကော်သို့ လွယ်လင့်တကူ တိမ်းရှောင်နိုင်လိမ့်မည်ဟု မြို့ခံတချို့က ယူဆကြသော်လည်း လက်တွေ့တွင် မလွယ်ကူခဲ့ဟု ၎င်းက ဆိုသည်။

မယ်စဲ့နှင့် လွိုင်ကော်ကြားရှိ ဒီးမော့ဆိုမြို့နယ်သည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ နှစ်မကုန်မီကတည်းက စစ်တလင်းဖြစ်နေပြီး ထိုဒေသတွင်းရှိ လမ်းပိုင်းများကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထို့ကြောင့် ရဲစခန်း သိမ်းခံရသည့် ဇွန် ၁၃ နံနက်မှ ဝရုန်းသုန်းကားပြေးလာရသူများ၊ ကြိုပြေးနှင့်သည့် မယ်စဲ့မြို့ခံ အရပ်သားများအားလုံး ထိုင်းနယ်စပ်ကိုသာ ရွေးချယ်ရတော့သည်။ စစ်သားနှင့် အစိုးရဝန်ထမ်းများမှာ ထိုင်းဘက်သို့ ပြေးသူလည်းရှိသည်၊ တော်လှန်ရေးအဖွဲ့များထံ လက်နက်ချသည့် စစ်သား ၁၈ ဦးထက်မနည်း ရှိခဲ့သည်။

မယ်စဲ့မြို့ရဲစခန်း တိုက်ခိုက်မခံရမီ ဇွန်လဆန်းကတည်းကပင် မယ်စဲ့မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေရာ ထိုင်းနယ်စပ်တစ်လျှောက်တွင် စစ်ဘေးရှောင်ဦးရေ များစွာရှိနေသည်။

ဇွန်လ ၁၃ တစ်ရက်တည်းတွင်ပင် မယ်စဲ့မြို့မရဲစခန်း၊ တောင်လှရွာ၊ မယ်တနွယ်ရွာတို့ရှိ စစ်တပ်စခန်း ၂ ခုနှင့် မြို့တောင်ဘက် ထိုင်းနယ်စပ်ရှိ နယ်ခြားမှတ်တိုင်အမှတ် ၁၄ (BP 14) စစ်စခန်းတို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းလိုက်သည်။ ဇွန် ၂၃၊ ၂၄ တို့တွင် မယ်စဲ့မြို့အရှေ့ဘက် စစ်ကောင်စီအခြေစိုက်ရာ စစ်ဗျူဟာကုန်း၊ မြို့မြောက်ဘက် ထိုင်းနယ်စပ်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၁၃ (BP 13) တို့ကို သိမ်းလိုက်ပြန်သည်။

(ရင်းမြစ် – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

ယင်းမှာ မြို့ငယ်လေးနှင့် ကျေးရွာ ၁၄ ရွာသာရှိသော လူဦးရေနည်းပါးသည့် မယ်စဲ့မြို့နယ်တစ်ခုလုံးတွင် ရှိသော လက်နက်ကိုင်စခန်းများ၊ ရုံးဌာနများအားလုံးကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဆိုသော အနက်အဓိပ္ပာယ်လည်း ဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့၏ လက်နက်ကိုင်များ စွန့်ခွာရသည့် နေရာကို လေကြောင်းမှ တရစပ်ပစ်ခတ်နေရာ မယ်စဲ့မြို့နယ်အတွင်းတွင် ဒေသခံတို့ နေစရာမရှိဖြစ်ရသည်။

ထိုအခြေအနေတွင် နယ်စပ်မျဉ်းကျော်ပြီး ထိုင်းနိုင်ငံ ဆောင်ဟိန်ရွာအနီး ခိုလှုံခွင့်ရခဲ့သူအများစုမှာ ဦးခွန်အောင်လို စစ်ဘေးကို ကြိုတွေး၍ ပြေးနှင့်သူတို့သာ ဖြစ်သည်။ ပြေးလာသူအရေအတွက် ၃,၅၀၀ ထက်မနည်း ရှိလာချိန်တွင် ထိုင်းစစ်တပ်က ထပ်မံဝင်ရောက်ခွင့် မပေးတော့ပေ။

တိုက်ပွဲဖြစ်သည့် နေရာကို စစ်လေယာဉ် ဗုံးကြဲလေ့ရှိသဖြင့် ဒေသခံတို့က စိုးရိမ်ပြီး တိမ်းရှောင်ခြင်း ဖြစ်သည်ဟု ဦးခွန်အောင်က ဆိုသည်။

“အရင်က ဖြစ်ခဲ့တဲ့ အခြားမြို့တွေရဲ့ သင်ခန်းစာကို ယူပြီးတော့ လေယာဉ်လာပြီး ကြိုက်တဲ့နေရာ ကြဲမှာပဲဆိုတာမျိုး အဲဒါကို တွေးပြီးတော့ သူတို့ ကြောက်တော့ ထွက်သွားကြတာပေါ့” ဟု ဦးခွန်အောင်က ပြောသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်း၊ ကျောက်စု အစရှိသည့် ရွာများ၊ အနောက်ဘက်ကပ်လျက် ဘောလခဲမြို့နယ် ဝမ်ဗလ၊ ရွာသစ်ရွာတို့မှ ပြေးလာသူအများစုမှာ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းတွင် သောင်တင်နေသည်။ ဘေးကင်းစွာ သောင်တင်နေခြင်းတော့ မဟုတ်ပေ။ ရဲစခန်းသိမ်းခံရပြီး ငါးရက်အကြာတွင် ပန်တိန်းရွာဝန်းကျင်ကို စစ်လေယာဉ်က ဗုံးလာကြဲခဲ့သေးသည်။

ထိုနေ့က ပန်တိန်းတွင် ရှိနေသည့်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာမ ဒေါ်အေးအေးက ၁၀ မိုင် ဝေးကွာသည့် နယ်စပ်သို့ သုတ်ခြေတင် ပြေးခဲ့ရသည်ဟု ပြန်ပြောင်းပြောပြသည်။

“အသက်ရှင်ချင်စိတ်တောင် မရှိတော့ဘူးပေါ့နော်။ လေယာဉ်နဲ့ သေရမလား၊ သူများ ကိုယ့်ကို သေနတ်နဲ့ လာပစ်မလား၊ အဲလိုစိတ်ပဲ ရှိတော့တယ်” ဟု သူက ပြောသည်။

ရွာတွင် ကျန်ခဲ့သည့် စစ်ရှောင်များကို လေတပ်တိုက်ခိုက်မှုမှ ကင်းလွတ်နိုင်သည့် နယ်စပ်သို့ ပို့နိုင်ရန် ကားဖြင့် ခေါက်တုံ့ခေါက်ပြန် စွန့်စွန့်စားစား ကယ်ထုတ်ခဲ့ကြကြောင်း ဒေါ်အေးအေးက ဆက်ပြောသည်။

“နောက်ဆုံးတစ်စီး လေယာဉ်နဲ့ လိုက်ပစ်ခံရတယ်။ ငိုတဲ့လူက ငိုပေါ့ ကားပေါ်မှာ။ မောင်းတဲ့လူကလည်း တော်တော် စွန့်စားတယ်။ တော်တော်စွန့်စားလို့သာ ဒီထိ (နယ်စပ်) ရောက်လာနိုင်တာ”။

တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် မယ်စဲ့မြို့ ရဲစခန်းအနီး ဖြတ်သန်းသွားသည့် စစ်ရှောင်များကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ထိုနေ့က ပန်တိန်းကျေးရွာ အခြေစိုက် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်စခန်းဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ထိုတပ်သည် ယခင်က ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF၊ ကလလတ) လက်အောက်ခံဖြစ်သည်။ ၂၀၀၂ မှစ၍ စစ်တပ်နှင့် အပစ်ရပ်ကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။

သို့သော် နှစ်ပေါင်း ၂၀ ကျော်အကြာတွင်မူ KNPLF ထံ ပြန်လည်ပူးပေါင်းကာ အခြားကရင်နီအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဇွန်လ ၁၃ ရက် မယ်စဲ့မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ အလားတူပင် ဘောလခဲမြို့နယ် ရွာသစ်မြို့တွင် အခြေစိုက်သည့် အမှတ် (၁၀၀၅) တပ်ရင်းသည်လည်း အလားတူ ပါဝင်ခဲ့သည်။

နယ်ခြားစောင့်တပ်ရင်းတစ်ခုစီတွင် KNPLF အင်အား ၃၀၀ စီ ရှိသည်။ စစ်တပ်ဘက်မှ အရာရှိ၊ စစ်သည်လည်း ၃၀ စီ ရှိသည်။ ထိုတပ်ရင်းနှစ်ခုတွင် ရှိနေသည့် KNPLF တပ်ဖွဲ့ဝင်များအားလုံး နိုင်ငံရေးအသိ တူညီစွာဖြင့် စစ်ကောင်စီကို တစ်ပြိုင်နက် တော်လှန်နိုင်ရန် လျှို့ဝှက်ဆုံးဖြတ် စီစဉ်ခဲ့ကြောင်း KNPLF တွဲဖက်အထွေထွေအတွင်းရေးမှူး လောရင်းစိုးက ဇူလိုင်လဆန်းတွင် Myanmar Now ကို ပြောထားသည်။

“အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆိုတာ နိုင်ငံရေးအရ ကျွန်တော်တို့ အညံ့ခံလိုက်တာ မဟုတ်ပါဘူး။ သေနင်္ဂဗျူဟာအရ စစ်အုပ်စုနဲ့ လုံးဝပူးပေါင်းလိုက်တာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ ဒီကနေ့ ကျွန်တော်တို့ ပြင်ဆင်မှု လုံလောက်တဲ့အခြေအနေတစ်ခု ရောက်တဲ့အခါမှာ ပြန်တိုက်တာပါ။

၁၀၀၄ တပ်ရင်းတွင် ပုန်ကန်သည့် KNPLF တပ်ဖွဲ့ဝင်တို့က စစ်သားများကို လက်နက်ဖြုတ်သိမ်းကာ စခန်းရှိ အချုပ်ခန်းတွင် ချုပ်နှောင်ထားပြီး စခန်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေစဉ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုနေရာမှ စွန့်ခွာခဲ့ကြရသည်။ ၁၀၀၅ တပ်ရင်းမှ စစ်သားနှင့် မိသားစုဝင်များကိုမူ KNPLF က ခေါ်ထုတ်ကာ လုံခြုံရာတွင် ထားရှိသည်ဟု စုံစမ်းသိရှိရသည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မယ်စဲ့မြို့ ရဲစခန်းကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

မြို့အနောက်ဘက် ၇ မိုင်ကျော်အကွာ ပန်တိန်းရွာတွင် ဘက်ပြောင်းသွားသည့် ၁၀၀၄ စခန်း၊ မြို့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်အကွာ သံလွင်မြစ် အနောက်ဘက်ကမ်းမှ ၁၀၀၅ စခန်းတို့ကို ပြန်ရရန် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ပစ်ခတ်၊ ရဟတ်ယာဉ်ဖြင့် စစ်သည်များချထားကာ ဇွန် ၂၀ ရက် နောက်ပိုင်းတွင် ပြန်လည်တပ်စွဲထားသည်။

ပန်တိန်းစခန်းကို ထပ်သိမ်းနိုင်ရန် တော်လှန်ရေးတပ်ပေါင်းစုက ဇူလိုင် ၆ ရက်နေ့တွင် သွားရောက်စီးနင်းကြသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်သားတချို့က ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြန်လည်ခုခံခဲ့သည်၊ စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ပစ်ကွင်းကောင်းသည့် နေရာတွင် တည်ဆောက်ထားသည့် ဗဟိုကင်းအဆောက်အအုံကိုသာ သိမ်းယူရန် ကျန်တော့သည့် အချိန်တွင် အခြေအနေက ပြောင်းလဲသွားသည်။

ထိုနေ့ နံနက် ၆ နာရီမှ ၇ နာရီကြားတွင် စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲသဖြင့် တော်လှန်ရေးအဖွဲ့များ နောက်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။ ထိုတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနိုင်သည်ဟု တော်လှန်ရေးတပ်ပေါင်းစုဘက်က ဆိုသည်။ အတိအကျကိုမူ မစုံစမ်းနိုင်သေးပေ။

ဒေသအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းတပ်ဖွဲ့များ၊ KNPLF နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့မျိုးစုံ ရှိသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဩဂုတ်လအတွင်း တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – Myanmar Now

Karenni Revolution Union – KRU အဖြစ် ဖွဲ့စည်းထားသည့် Karenni Democratic Front (KDF), Fight for Justice (JPDF), GZ – 21 (Loikaw), Medic Unit, Southern Shan People Defence Force (SSPDF) တို့သည်လည်း အပါအဝင်ဖြစ်သည်။

ကယန်းလူမျိုးများ နေထိုင်သည့် ဒီးမော့ဆို၊ ဖယ်ခုံနှင့် နေပြည်တော်ကောင်စီ ဒေသအစိတ်အပိုင်းတချို့တွင် လှုပ်ရှားသည့် နှစ် ၆၀ နီးပါး သက်တမ်းရှိသော ကယန်းပြည်သစ်ပါတီ (KNLP) သည်လည်း ဝါရင့်တော်လှန်ရေးအဖွဲ့အဖြစ် ကရင်နီဒေသတွင် ရှိနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်တွင်မူ စစ်ရေးလှုပ်ရှားမှုများကို ပေါ်ပေါ်ထင်ထင် တွေ့ရလေ့မရှိသည့် KNLP မှအပ ကျန်တော်လှန်ရေးအဖွဲ့အားလုံးသည် မယ်စဲ့မြို့နယ်အပါအဝင် ပြည်နယ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အလျဉ်းသင့်သလို ပူးပေါင်းလုပ်ဆောင်လေ့ရှိသည်။

မယ်စဲ့မြို့သိမ်း စစ်ဆင်ရေးကို ညွန့်ပေါင်းမုန်တိုင်းစစ်ဆင်ရေးဟု တော်လှန်ရေးအဖွဲ့များက အမည်ပေးထားသည်။ 4K ဟု နာမည်ကြီးနေသည့် KNPLF, KA, ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် KNDF အပြင် KRU နှင့် PDF များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

“ဒီမယ်စဲ့တိုက်ပွဲကို ကျွန်တော်တို့ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ရန်သူ့စခန်း ခြေကုပ်စခန်း လေးငါးခု၊ အမြောက်တပ်စခန်း နှစ်ခုသုံးခုလောက် ၇ ရက် တစ်ပတ်အတွင်း ကျွန်တော်တို့ သိမ်းပိုက်နိုင်တဲ့ဟာက သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်တွေ့ရတယ်လို့ပဲ ကျွန်တော် ရဲရဲတင်းတင်းပြောချင်ပါတယ်” ဟု လောရင်းစိုးက ဆိုသည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီ ထိုးစစ်ဆင်လာသည့် အခြေအနေပြမြေပုံ။

ထိုအခြေအနေတွင် စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်၊ ခရိုင်အဆင့် သတ်မှတ်ထားပြီး ရုံးဌာနများ အခြေစိုက်သည့် မယ်စဲ့မြို့နှင့် မြို့နယ်အတွင်း ပြန်လည် ထိုးဖောက်တပ်စွဲနိုင်ရန် ကြိုးပမ်းနေသည်။

လေကြောင်း၊ လက်နက်ကြီး အများအပြားသုံးစွဲ၊ မြေပြင်စစ်သည်အင်အား ၄၀၀ ဝန်းကျင်ဖြင့် ဇူလိုင် ၁၉ မှစ၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ဇူလိုင် ၂၂ ရက်နေ့တွင် မြို့အနောက်ဘက် မိုင် ၃၀ နီးပါးအကွာရှိ ဖားဆောင်းမြို့နယ်၊ သံလွင်တံတားအနီးမှ ကျောက်ပဲညိုနှင့် ဝမ်အောင်း (ရှမ်း) ရွာတို့ဘက်သို့ တော်လှန်ရေးသမားများ ဆုတ်ခွာပေးထားရသည်။

ဩဂုတ် ၁၆ ရက်နေ့တွင် ကျောက်ပဲညိုနှင့် ဝမ်အောင်းမှတစ်ဆင့် တောင်ဘက် ၁၀ မိုင် ဝန်းကျင်အကွာ ကျောက်စုကျေးရွာအထိ စစ်ကောင်စီခြေလျင်တပ်က အနာခံ၍ ရှေ့တိုး စစ်ချီနေရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ကျောက်စုရွာသည် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့ အနောက်မြောက်ဘက်နှင့် မိုင် ၂၀ ကျော်သာ ဝေးကွာတော့သည်။

စစ်ကောင်စီထိန်းချုပ်မှုမှ ကင်းလွတ်နေသည့် မယ်စဲ့မြို့နယ်အတွင်း ကရင်နီတော်လှန်ရေးအဖွဲ့များက ကိုယ်ပိုင်စာသင်ကျောင်းများ ထူထောင်ထားရာ စုစုပေါင်း ၁၉ ကျောင်းအထိ ရှိနေသည်ဟု အထက်ပါ CDM ဆရာမ ဒေါ်အေးအေးက ပြောသည်။ တည်နေရာနှင့် အသေးစိတ်များကိုမူ လုံခြုံရေးကြောင့် သူက ထုတ်မပြောပေ။

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် မယ်စဲ့မြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ထားသည့် စစ်ကောင်စီက ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေချိန်တွင် ထိုဒေသအတွင်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် အထက်ပါ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများနှင့် စစ်ရှောင်တို့၏ အခြေအနေတို့ကို ဆက်သွယ်မေးမြန်းရ ခက်ခဲနေသည်။

မယ်စဲ့မြို့နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ်။ ဓာတ်ပုံ – Myanmar Now

အရှေ့ဘက်တွင် ထိုင်းနယ်စပ်၊ အနောက်ဘက်ကပ်လျက် ကရင်ပြည်နယ် နယ်စပ်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) နယ်မြေကြားတွင် ရှိနေသည့် ပထဝီအနေအထား အားသာချက်ကြောင့် မယ်စဲ့မြို့နယ်ကို ဆက်လက်ထိန်းချုပ်နိုင်ရန် တော်လှန်ရေးအင်အားစုတို့က မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံအရှေ့ဘက် ထိုင်းနယ်စပ်၊ တောင်ကုန်းတောင်တန်း ပေါများရာ အရပ်တွင် ရှိသော၊ စတုရန်းမိုင် ၁၀,၀၀၀ ကျော်သာ ရှိပြီး လူဦးရေ သုံးသိန်းခွဲဝန်းကျင် နေထိုင်သော၊ နိုင်ငံ၏ အသေးဆုံးပြည်နယ်ဖြစ်သော ဤဒေသကို နယ်မြေစိုးမိုးမှု ပိုမို ရလာသဖြင့် တော်လှန်ရေးအင်အားစုက ကိုယ်ပိုင်အုပ်ချုပ်ရေး ခြေလှမ်းစနိုင်ရန် ကြိုးပမ်းနေသည်။

တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) ကို ဇွန် ၁၂ တွင် အများပြည်သူထံ ကြေညာခဲ့သည်။

IEC ကောင်စီသည် ကရင်နီပြည်နယ်၏ လူထုဘဝ လုံခြုံရေးနှင့် စားဝတ်နေရေးဖူလုံရန် ပြည်သူ့ဝန်ဆောင်မှုများ ပေးသွားမည်၊ တော်လှန်ရေး၊ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် ကာလအပိုင်းအခြား သုံးခုကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အစိုးရအဖြစ် တက်လှမ်းသွားမည်ဟု ဆိုထားသည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မယ်စဲ့မြို့ မီးသတ်စခန်းကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

လက်ရှိတွင် ကယားပြည်နယ်၌ လွိုင်ကော်မြို့ပေါ်မှလွဲ၍ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စသည့် မြို့နယ်အားလုံးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စွဲထားခြင်းမရှိသည့် နေရာများတွင် တော်လှန်ရေးအင်အားစုများဘက်က နယ်မြေစိုးမိုးထားသည်။

စစ်ကောင်စီလက်နက်ကိုင်တို့သည် ရုံးဌာနနှင့် တပ်စခန်းပြင်ပသို့ ထွက်ရန်ပင် ခက်ခဲနေသည်။ စစ်ကြောင်း သို့မဟုတ် ယာဉ်တန်း ထွက်လာသည်နှင့် လမ်းတစ်နေရာတွင် တော်လှန်ရေးအဖွဲ့တို့၏ ကြားဖြတ်တိုက်ခိုက်မှုကို ကြုံနေရသည်။

ဘောလခဲမြို့နယ် ရွာသစ်မြို့အနီးတွင် ဇူလိုင် ၁ ရက်နေ့က စစ်တပ် တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး တော်လှန်ရေးအင်အားစုက ၎င်းတို့ ပစ်ချခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ စက်ချို့ယွင်း၍ ပျက်ကျသည်ဟု ရေးကြသည်။

ယခုနှစ် သင်္ကြန်ကာလ ဧပြီ ၁၅ ရက်ကပင် မြို့တော် လွိုင်ကော်တွင် ရှိသည့် စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်ကို တော်လှန်ရေးအဖွဲ့က ဒရုန်းသုံး၍ ဗုံးသီးချ တိုက်ခိုက်ခဲ့ဖူးသည်။ ဩဂုတ် ၉ ရက်ကပင် လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်တွင် တော်လှန်ရေးအင်အားစုများ၏ ချုံခိုပစ်ခတ်မှုကြောင့် စစ်ကား တိမ်းမှောက်သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သေးသည်။

စစ်ဗိုလ်ချုပ်များက ကယားပြည်နယ်ဟု အမည်ပေးခဲ့သော ကရင်နီပြည်နယ်သည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်သို့ သွားလမ်းလာလမ်း ဖြောင့်ပြီး မြို့တော်လွိုင်ကော်မှ နေပြည်တော်သို့ မော်တော်ကားဖြင့် ၅ နာရီဝန်းကျင် ခရီးသာ ရှိသည်။ ထိုဒေသကို မထိန်းချုပ်နိုင်ခြင်းမှာ နေပြည်တော်အခြေစိုက် စစ်ဗိုလ်ချုပ်ကြီးများအတွက် ခေါင်းခဲစရာဖြစ်နေသည်။

ထို့ကြောင့် အာဏာသိမ်းစ ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ပြင်းပြင်းထန်ထန် ပုန်ကန်နေပြီး မြို့တော်လွိုင်ကော်ကိုပါ ခြိမ်းခြောက်နေသည့် ပြည်နယ်အတွင်းမှ တော်လှန်ရေးအဖွဲ့များ၏ နယ်မြေစိုးမိုးမှုအရှိန်အဟုန်ကို ရိုက်ချိုးနိုင်ရန် လေကြောင်း၊ လက်နက်ကြီးအားကိုးဖြင့် အပြင်းအထန် ကြိုးပမ်းနေသည်။

မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီ ထိုးစစ်ပြန်စသည့် ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပူးပေါင်းကာကွယ်နေသည့် ဖားဆောင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက “သူတို့ရည်ရွယ်ချက်က နယ်မြေစိုးမိုးမှုကို ပြန်လိုချင်တယ်။ ပြီးတော့ သူတို့ စွန့်လွှတ်ခဲ့ရတဲ့ စခန်းတွေကိုလည်း ပြန်ထိန်းချင်တဲ့ သဘောပေါ့” ဟု ပြောထားသည်။

(*လုံခြုံရေးအရ အမည်လွှဲထားသည်)

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မယ်စဲ့မြို့ ရဲစခန်းကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button