သတင်း

ပြည်နယ်မြို့တော် လွိုင်ကော်တွင် စစ်ကားတစ်စီး ပစ်ခတ်ခံရ၊ ၇ ဦး ဒဏ်ရာရဟု ဆို

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်တွင် ယမန်နေ့ (ဩဂုတ် ၉) နံနက် ၇ နာရီခန့်က ချောင်းမြောင်းပစ်ခတ်ခံရသည့် စစ်ကား တိမ်းမှောက်သွားပြီး လိုက်ပါလာသည့် စစ်သားများ ဒဏ်ရာရကြောင်း သိရသည်။

ကင်းစောင့်မည့် စစ်သားများ နမ့်ကွတ်တောင်ပေါ်သို့ သွားရောက်စဉ် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း လွိုင်ကော်မြို့ခံလေးဦးထံမှ သိရသည်။

တိုက်ခိုက်ချိန် ၁၀ မိနစ် ကြာမြင့်ခဲ့သည်၊ နောက်ပိုင်းတွင် စစ်ကားနှစ်စီး စစ်ကူရောက်ရှိလာသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုကတော့ အချက်ရေ များတယ်။ စစ်xxx ကားက  Drift ပါ ဆွဲသွားတယ်။ ပျက်သွားတယ်။ အခုတော့ ငြိမ်သွားပြီ” ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၅၄) ခြေမြန်တပ်ရင်းက နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ထောက်ခံရေးသားသည့် လူမှုကွန်ရက်အကောင့်တစ်ခုကလည်း နမ့်ကွတ်ရပ်ကွက်တွင် စစ်ကား ပစ်ခတ်ခံရပြီး ၇ ဦး ဒဏ်ရာရကြောင်း ရေးသားထားသည်။ ထိခိုက်မှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အမှတ် (၅၄) ခြေမြန်တပ်ရင်းအတွက် လုံခြုံရေးပေးသည့် ကင်းသမားအကြိုအပို့လုပ်ရာတွင် နေ့စဉ် အသုံးပြုသောလမ်းကြောင်းတွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။

ဇူလိုင်တတိယပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကားသုံးစီး ပျက်စီးကာ ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ခဲ့သည်။

မြို့ပေါ်တွင်သာ စစ်ကောင်စီတပ်က နေရာယူထားပြီး တော်လှန်ရေးအင်အားစုများက အများဆုံး နယ်မြေစိုးမိုးထားသည့် ကရင်နီဒေသတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေကာ ဒေသခံအများစုသည် နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသော၊ နယ်ခြားစောင့်တပ်ရင်းနှစ်ခု ဘက်ပြောင်းလိုက်ပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်ထားနိုင်သော မယ်စဲ့မြို့နယ်တွင်လည်း ဩဂုတ် ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေ မသိရသော်လည်း တော်လှန်ရေးအင်အားစုဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလေတပ်ကလည်း ၆ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက်သတင်းများ၌ ဖော်ပြထားသည်။

ပြည်နယ်အတွင်း မယ်စဲ့၏ အိမ်နီးချင်းမြို့တစ်မြို့ဖြစ်သော ဘောလခဲမှ စစ်ကောင်စီတပ်ကူများလည်း ရောက်ရှိနေသည်ဟု သိရသည်။ 

ပုံစာ – ဖယ်ခုံမြို့နယ် တောင်စလုံး ရှေ့တန်းစစ်မြေပြင်အနီး ဝိဇ္ဇာဆေးအဖွဲ့ ဆေးကုသပေးနေသည်ကို မေလ တတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-အက်စတာဂျေ/Myanmar Now)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button