
ယမန်နေ့ (ဇူလိုင် ၁၁) နံနက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဒေသခံ သုံးဦး ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နံနက် ၇ နာရီခန့်က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ လာစဉ် တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းက အနီးဝန်းကျင်ကို ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တချို့က ယူဆသည်။
မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့ကို ဆက်သွယ်သည့် လမ်းပေါ်ရှိ ကုန်းသာနှင့် နွားလဝိုးကျေးရွာအကြား ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။
သေဆုံးသူတို့မှာ ကုန်းသာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ နွားလဝိုးရွာဈေးတွင် အသက် ၄၂ နှစ်အရွယ် ကိုမင်းဆွေထိုက်၊ အသက် ၂၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟု သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။
“ကား မောင်းလည်းမောင်းတယ်၊ ပစ်လည်းပစ်တယ်။ ဒဏ်ရာရတဲ့လူလည်း ရှိတယ် ထင်တယ်။ ကျွန်တော့အသိထဲက (ပစ်ခံရသူ) တစ်ယောက်က ခြေထောက်ထိတယ် ပြောတယ်။ ဈေးထဲမှာ ပစ်တာဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့သူ များမယ် ထင်တယ်” ဟု ကရင်နီဒေသ စစ်ရေး၊ နိုင်ငံရေးသတင်းများ ဖော်ပြနေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) အွန်လိုင်းစာမျက်နှာ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သေဆုံးလက်နက်ငယ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု နွားလဝိုးဈေး၌ ကိုမင်းဆွေထိုက် ဆိုသူ၏ အလောင်း သွားရောက်ကောက်ယူခဲ့သူတစ်ဦးက ပြောသည်။
“ကျည်ဒဏ်ရာက ဘယ်ဘက်လက်ပြင်အောက် နောက်ကျောမှာ။ လက်နက်ငယ်ကျည်ပါ” ဟု သူက ဆိုသည်။
ဒေသခံသတင်းရင်းမြစ် နောက်တစ်ဦးကလည်း အဆိုပါ စစ်တပ်ယာဉ်တန်း ဖြတ်သန်းသွားစဉ် မိုင်း၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခံရကြောင်း မျက်မြင်တွေ့ရှိသူကို ကိုးကား၍ Myanmar Now ကို ပြောသည်။
“(စစ်ယာဉ်တန်းကား) ၅ စီးလောက်တော့ ထိတယ်လို့ သိရတယ်။ သူတို့ သွားရာလမ်းမှာတော့ ကျွတ်မပါဘဲ မောင်းပြေးရတယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကရင်နီဒေသ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။
ဇူလိုင် ၁၀ ရက်နေ့ကလည်း ထိုလမ်းမပေါ်ရှိ လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာတွင် အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း အထက်ပါလူက ဆက်ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းတွင် မော်တော်ယာဉ်အရေအတွက် မည်မျှပါဝင်ကြောင်း တိတိကျကျ မသိရသေးပေ။
မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီတပ်က ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ဒေသခံအများအပြား အသတ်ခံရကာ စစ်ရေးပြင်းထန်နေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။
ကရင်နီဒေသတွင် ယခုနှနှစ်ဆန်းမှ စတင်၍ စစ်ရေး ပိုမိုပြင်းထန်နေကာ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲခံနေရသလို ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့တွင်လည်း ဒေသတွင်း အခြေအနေတင်းမာနေကာ နေရာအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)