မြန်မာနိုင်ငံအရှေ့ဘက် ထိုင်းနယ်စပ်၊ တောင်ကုန်းတောင်တန်းပေါများရာ အရပ်တွင် စတုရန်းမိုင် ၁၀,၀၀၀ ကျော်သာရှိပြီး လူဦးရေ သုံးသိန်းခွဲဝန်းကျင် နေထိုင်သည့် နိုင်ငံ၏ အသေးဆုံးပြည်နယ် ကရင်နီ (ကယား) တွင် စစ်ကောင်စီ ထိန်းချုပ်ရာ နယ်မြေများကို တရစပ်သိမ်းပိုက်၊ နယ်မြေစိုးမိုးမှု တိုးလာချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ခြေလှမ်းစနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလာကြသည်။
လက်ရှိတွင် ကယားပြည်နယ်၌ လွိုင်ကော်မြို့ပေါ်မှလွဲ၍ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စသည့် မြို့နယ်အားလုံးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စွဲထားခြင်းမရှိသည့် နေရာများတွင် တော်လှန်ရေးအင်အားစုများဘက်က နယ်မြေစိုးမိုးထားသည်။ စစ်ကောင်စီက မယ်စဲ့တပ်စခန်းများ သိမ်းခံထားရသည့် မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးစားနေရသည်။
ထိုအခြေအနေတွင် တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ကို ပြီးခဲ့သည့် ဇွန် ၁၂ က အများပြည်သူထံ ကြေညာခဲ့သည်။
IEC ဟု အတိုကောက်ခေါ်သည့် အဆိုပါကောင်စီသည် လက်ရှိတွင် ကရင်နီပြည်နယ်၏ လူထုဘဝ လုံခြုံရေးနှင့် စားဝတ်နေရေးဖူလုံရန် ပြည်သူ့ဝန်ဆောင်မှုများ ပေးသွားမည်၊ တော်လှန်ရေး၊ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် ကာလအပိုင်းအခြား သုံးခုကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အစိုးရအဖြစ် တက်လှမ်းသွားမည်ဟု ဆိုထားသည်။
“ဒီကြားကာလမှာ ကျွန်တော်တို့ ဆောင်ရွက်ရင်းနဲ့ တစ်ဆက်တည်းမှာပဲ အသွင်ကူးပြောင်းရေးကာလ တစ်နည်းအားဖြင့် အစိုးရအဆင့်ပေါ့လေ။ ကရင်နီပြည်ရဲ့အစိုးရအဖြစ် တက်လှမ်းနိုင်အောင် ကျွန်တော်တို့ အကောင်အထည်ဖော်မယ့်အနေအထားမျိုးရှိပါတယ်” ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဆိုသည်။
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) ၏ နိုင်ငံရေးအရ ထိန်းကျောင်းမည့် အဖွဲ့မှာ စစ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီ ၉ တွင် ဖွဲ့စည်းခဲ့သည့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ဖြစ်သည်။ KSCC သည် ဖွဲ့စည်းပြီး နှစ်နှစ်ခန့်အကြာတွင် ကြားကာလအစီအမံဟု ခေါ်ဆိုသည့် တော်လှန်ရေးကာလအတွင်း အသုံးပြုမည့် အခြေခံဥပဒေကို အတည်ပြုထားပြီးဖြစ်သည်။
KSCC ၏ ထိုအခြေခံဥပဒေအရ ပေါ်ထွန်းလာသည့် IEC သည် ၂၀၀၀ ခုနှစ်မတိုင်မီ ကာလများတွင် ကရင်နီနိုင်ငံရေးအင်အားစုများအကြား ရေပန်းစားသည့် သီးခြားလွတ်လပ်သော ကရင်နီပြည် ထူထောင်ရန် စိတ်ကူးအစား ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ရန် ပြောင်းလဲမျှော်မှန်းထားသည်ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။
၁၈၇၅ ခုနှစ် ဇွန်လ ၂၁ တွင် ဗြိတိသျှအစိုးရနှင့် ဗမာဘုရင်တို့ စာချုပ်ချုပ်ဆိုပြီး အနောက်ကရင်နီနယ်အဖြစ် ၁၉၄၈ လွတ်လပ်ရေးမရမီအထိ သီးခြားလွတ်လပ်စွာ နေခဲ့ရဖူးသည်။ လွတ်လပ်ရေးရပြီးနောက်တွင် တစ်ပြည်ထောင်စနစ် သွတ်သွင်းခံရကာ ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်းခံထားရသည်။ ထိုအခြေအနေကို ပြောင်းလဲရန်၊ သီးခြားပြည်နယ်အဖြစ် ရပ်တည်ရန် ယခင်က မျှော်မှန်းခဲ့ကြသော်လည်း ယခုတွင်မူ ယင်းကို စွန့်လွှတ်ကာ ပြည်ထောင်စုမှ ခွဲထွက်ရပ်တည်မည်မဟုတ်ဟု ခူးပလုရယ်က ဆိုသည်။
“ကျွန်တော်တို့က လုံးဝ (သီးခြား) နိုင်ငံတည်ထောင်ဖို့ ဆိုတာထက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အဖွဲ့ဝင်ပြည်နယ်တစ်ခုအနေနဲ့ပဲ ကျွန်တော်တို့ ပါဝင်ဖို့ဆိုတဲ့ အနေအထားနဲ့ပဲ ရပ်တည်ဆောင်ရွက်နေတယ်ဆိုတဲ့ဟာကို ပြောချင်ပါတယ်”။
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) သည် အတိတ်သမိုင်းတွင် ကရင်နီပြည်နယ်မြေများဟု သတ်မှတ်ခဲ့ကြသည့် မိုးဗြဲနယ်၊ ကန္တာရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်၊ ဘောလခဲနယ်တို့ကို ကရင်နီပြည်နယ်အဖြစ် သတ်မှတ်လွှမ်းခြုံရန် မျှော်မှန်းထားသည်။ နယ်နိမိတ်သတ်မှတ်ချက် အတိအကျကို မသိရသေးပေ။ သို့သော် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်နှင့် မြောက်ဘက်ကပ်လျက် ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုးဗြဲ၊ ဖယ်ခုံ နယ်မြေများကို ကရင်နီဒေသအဖြစ် တော်လှန်ရေးအင်အားစုများက သတ်မှတ်ပြောဆိုလေ့ရှိသည်။
ကရင်နီရှိ လက်နက်ကိုင်အဖွဲ့များ
ကရင်နီ (ကယား) ပြည်နယ်ငယ်လေးအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းတပ်ဖွဲ့များအပြင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းမျိုးစုံ ရှိနေသည်။
Karenni Revolution Union – KRU အဖြစ် ဖွဲ့စည်းထားသည့် Karenni Democratic Front (KDF), Fight for Justice (JPDF), GZ – 21 (Loikaw), Medic Unit, Southern Shan People Defence Force (SSPDF) တို့သည်လည်း ကရင်နီဒေသအတွင်း စစ်ကောင်စီကို ခုခံတော်လှန်နေကြသည်။
ကယန်းလူမျိုးများ နေထိုင်သည့် ဒီးမော့ဆို၊ ဖယ်ခုံနှင့် နေပြည်တော်ကောင်စီ ဒေသအစိတ်အပိုင်းတချို့တွင် လှုပ်ရှားသည့် နှစ် ၆၀ နီးပါး သက်တမ်းရှိသော ကယန်းပြည်သစ်ပါတီ (KNLP) သည်လည်း ဝါရင့်တော်လှန်ရေးအဖွဲ့အဖြစ် ကရင်နီဒေသတွင် ရှိနေဆဲဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်တွင်မူ KNLP ၏ စစ်ရေးလှုပ်ရှားမှုများကို ပေါ်ပေါ်ထင်ထင်တွေ့ရလေ့မရှိပေ။
ထိုသို့ များပြားလှစွာသော တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ပွဲဖော်လေ့ရှိသည့် ကရင်နီဒေသတွင် စစ်ကောင်စီတပ်များအပြင် စစ်တပ်လက်အောက်ခံ ဌာနေတိုင်းရင်းသားအဖွဲ့အချို့လည်း ရှိနေသည်။
ထိုအထဲမှ အင်အားကောင်းသည့် အဖွဲ့တစ်ဖွဲ့မှာ ၁၉၇၈ တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်သွားသည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဖြစ်သည်။ ကလလတက ၂၀၀၉ ခုနှစ်တွင် ၎င်း၏တပ်အချို့ကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းထားသည်။
ထို့ပြင် ကြယ်ဖြူဟု ခေါ်သည့် ကရင်နီအမျိုးသားများသွေးစည်းညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယောနီဟု ခေါ်သည့် ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ နဂါးအဖွဲ့ဟု ခေါ်သည့် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) တို့သည်လည်း KNPP မှ ခွဲထွက်ပြီး ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ကြသည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ (KNPLF) တပ်ရင်းနှစ်ခုက ဇွန် ၁၃ ရက် မယ်စဲ့မြို့နယ်တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများထံသို့ ဘက်ပြောင်းပါဝင်ခဲ့သည်။
မယ်စဲ့မြို့နယ်၊ ပန်တိန်းမြို့အခြေစိုက် ကလလတ အမှတ် (၁၀၀၄) တပ်ရင်း၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့အခြေစိုက် အမှတ် (၁၀၀၅) တပ်ရင်းတို့ဖြစ်သည်။ မယ်စဲ့တွင် မြေပြင်စိုးမိုးနိုင်စွမ်းမရှိသည့် စစ်ကောင်စီက ဘက်ပြောင်းသွားသည့် ထိုကလလတစခန်းနှစ်ခုစလုံးကို ဇွန်လကုန်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် စစ်သားများပို့ဆောင်ကာ ပြန်လည်တပ်စွဲထားရသည်။
ထိုသို့ ပုံစံမျိုးစုံဖြင့် ရပ်တည်နေကြသည့် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ကရင်နီဒေသအတွင်း ရှိနေသော်လည်း တစ်ဖွဲ့ချင်းစီ၏ ရပ်တည်ချက်အပေါ် မှတ်ချက်မပြုလိုဘဲ တော်လှန်ရေး အောင်မြင်ပြီးသည့် ကာလတစ်ခုတွင် ကရင်နီပြည်နယ်တပ်မတော်အဖြစ် ပေါင်းစည်းနိုင်ရေးကိစ္စကိုသာ အာရုံစိုက် လုပ်ဆောင်လိုကြောင်း KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။
“တော်လှန်ရေးကာလ ပြီးသွားရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထဲက ပြည်နယ်ရဲ့တပ်ကတော့ ဒီထက် ပိုပြီး ကျယ်ပြန့်တဲ့ တပ်ပေါင်းစုဖြစ်ဖို့ လိုပါလိမ့်မယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းပြီးပြီ ဆိုလို့ရှိရင် ကျွန်တော်တို့က ကာကွယ်ရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပုံစံမျိုးကို ကျွန်တော်တို့ သွားရမယ်”။
“KNPP ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်မချင်းကတော့ ကျွန်တော်တို့လက်ထဲမှာ လက်နက်ရှိနေရမယ်ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်က ရှိတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ပြည်နယ်ကာကွယ်ရေးတပ်
IEC ကို မူဝါဒပိုင်း ဦးဆောင်မည့် KSCC ကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တို့သည် ၎င်း၏ နိုင်ငံရေးလမ်းညွှန်မှုအောက်တွင် ရှိကြောင်း ကြေညာထားပြီး ဖြစ်နေသည်။
၂၀၂၁ ခုနှစ် မေလ ၃၁ တွင် ဖွဲ့စည်းခဲ့သည့် KNDF သည် လက်ရှိတွင် တပ်ဖွဲ့ဝင် ၇၀၀၀ ခန့်ရှိပြီး တပ်ရင်း ၂၂ ရင်း ဗျူဟာ ၆ ခု ခွဲကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲဝင်နေသည်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်များတွင် KNDF သည် အင်အားအများဆုံးဟု ဆိုနိုင်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည့် KSP တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ရဲအင်အား ၃၀၀ ခန့်ဖြင့် လည်ပတ်နေပြီး ရဲစခန်း ၉ ခု ရှိသည်ဟု သိရသည်။ အသေးစိတ်ကိုမူ IEC က ထုတ်မပြောပေ။
သို့သော် ပြည်နယ်ကာကွယ်ရေးတပ်၊ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးစနစ်တို့ကို ကရင်နီဒေသအတွင်း တစ်ဆင့်ပြီးတစ်ဆင့် ထူထောင်နိုင်ရန် ရည်မှန်းထားသည်ဟု IEC တာဝန်ရှိသူတို့က ထုတ်ပြောကြသည်။
“KNDF ကလည်း ပြည်နယ်အစိုးရရဲ့တပ်၊ KSP ကလည်း ပြည်နယ်အစိုးရရဲ့ ရဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်” ဟု KNDF ဥက္ကဋ္ဌဖြစ်သူ ခွန်းဘီထူးက ဆိုသည်။ ခွန်းဘီထူးသည် IEC တွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
လက်ရှိတွင် IEC အဖွဲ့ဝင် ၆ ဦးစာရင်းကို ကြေညာထားပြီးဖြစ်သည်။ IEC ဥက္ကဋ္ဌမှာ KNPP ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူဦးရယ်ဖြစ်သည်။ IEC ဒုဥက္ကဋ္ဌအဖြစ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက တာဝန်ယူသည်။ IEC ၏ အတွင်းရေးမှူး ၃ ဦးနှင့် ဘဏ္ဍာရေးမှူးတို့မှာမူ လက်ရှိတွင် မည်သည့်အဖွဲ့တွင်မှ ပါဝင်ခြင်းမရှိသော သီးခြားလွတ်လပ်သူများဖြစ်သည်။
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူးအဖြစ် ခူးပလုရယ်၊ အတွင်းရေးမှူး (၁) အဖြစ် ဇူးပဒုမ္မာ၊ ဗညားခွန်အောင်က အတွင်းရေးမှူး (၂)၊ ဘဏ္ဍာရေးမှူးတာဝန်ကို မော်ဖိုးမြာတို့က တာဝန်ယူထားသည်။ ရပ်ကွက် ကျေးရွာ အဆင့်အထိ အုပ်ချုပ်ရေးလက်တံ ဖြန့်ကြက်နိုင်ရန် ရည်မှန်းထားသည်ဟု IEC က ဆိုသည်။
“အဓိကတော့ ကျေးရွာရပ်ကွက်အဆင့်တွေက တကယ့်အခြေခံဖြစ်တယ်။ အရေးကြီးတယ်ပေါ့နော်။ Bottom up အုပ်ချုပ်ရေးပုံစံမျိုး ကျွန်တော်တို့ ဖော်ဆောင်ဖို့ဖြစ်တယ်” ဟု အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဆိုသည်။
နယ်မြေဒေသအားဖြင့် တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းသည့် နေရာများတွင် အုပ်ချုပ်ရေးစနစ် ထူထောင်ရန် ဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ပြီး တဖြည်းဖြည်း တိုးချဲ့သွားမည်ဟု ဆိုသည်။
IEC က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဌာန ၆ ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ထပ် ဌာန ၆ ခုကိုလည်း တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်း ပြောသည်။ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကလေးသူငယ်နှင့် အမျိုးသမီးရေးရာဌာနတို့ဖြစ်သည်။
လေကြောင်းရန်အပါအဝင် စိန်ခေါ်မှုများစွာ
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) လည်ပတ်နိုင်ရန် စိန်ခေါ်မှုများစွာရှိသည်။ လူ့အရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာငွေကြေးအပြင် ခုခံရန် မစွမ်းသာသေးသည့် စစ်ကောင်စီ၏ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံလူထုမှာ အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်သည်။
“ဒါ့အပြင် အုပ်ချုပ်ရေးလို့ ပြောတဲ့အခါ လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်ဖို့က ကျွန်တော်တို့ ထပ်မံညှိနှိုင်းရမယ့် အင်အားစုတွေ၊ အစုအဖွဲ့တွေလည်း ရှိတယ်။ ဒီအစုအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ စိန်ခေါ်မှုဆိုတာထက် ကျွန်တော်တို့ အချိန်ယူပြီးတော့မှ နားလည်မှုရှိရှိနဲ့ ဒီအုပ်ချုပ်ရေးယန္တရားကို ဘယ်လိုမျိုးဖော်ဆောင်ရမလဲဆိုတာ ရှိလာပါလိမ့်မယ်” ဟု ခူးပလုရယ်က ပြောသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် မထိုးဖောက်နိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများဘဝ မလုံခြုံမှုမှာ ကြီးမားသော စိန်ခေါ်ချက်တစ်ခု ဖြစ်နေသည်။
“လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူတွေရဲ့ ထိတ်လန့်စိုးရိမ်မှုတွေ၊ သွားလာလှုပ်ရှားမှုတွေ ဒါတွေကို ဖြေရှင်းဖို့လည်း ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်တယ်”
လေကြောင်းရန်ကာကွယ်ရေးအစီအမံနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်နေသောကြောင့် အသေးစိတ် မပြောလိုကြောင်း ခူးပလုရယ်က ဆိုသည်။
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ဆက်ဆံရေးရှိသည်ဟု ဆိုသည်။ ထိုနှစ်ဖွဲ့ ပုံမှန်ညှိနှိုင်းမှုများရှိသည်ဟုဆိုသော်လည်း အသေးစိတ် မသိရပေ။
IEC ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးက မတူကွဲပြားသည့် တော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းမှုကို အထူးအာရုံစိုက်၍ လုပ်ငန်းများဖော်ဆောင်မည်ဟု ဇန်နဝါရီ ၁၂ တွင် ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
“ပြန့်ကျဲနေတဲ့ အုပ်ချုပ်ရေး၊ ပြန့်ကျဲနေတဲ့ တပ်ဖွဲ့တွေ၊ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းနိုင်ဖို့အတွက်က IEC ရဲ့ အဓိက Mission ဖြစ်သလို IEC ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်” ဟု ခွန်းဘီထူးက ဆိုသည်။
လွတ်လပ်ရေးရပြီးချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း မျိုးဆက်အသီးသီးက နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ခရီးမပေါက်သေးပေ။
ဒီးမော့ဆိုမြို့လယ်မှ စားသောက်ဆိုင်ပိုင်ရှင် အသက် ၃၀ ကျော်အရွယ် မနော်ရင်း*က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာမသိမ်းမီအထိ ချောင်လည်သော မိသားစုဘဝဖြင့် အေးအေးချမ်းချမ်းနေခဲ့ရသူဖြစ်သည်။
သို့သော် အာဏာသိမ်းအပြီး လေးလအကြာ ၂၀၂၁ မေလကတည်းက ခင်ပွန်းသည်၊ ကျန်းမာရေးမကောင်းသည့် မိခင်အို၊ ကျောင်းနေအရွယ် ၃ ဦးနှင့်အတူ အိုးအိမ်နှင့် လုပ်ငန်းတို့ကို စွန့်လွှတ်ကာ ဒီးမော့ဆိုမှ ရှမ်းပြည်နယ်အတွင်းဒေသတစ်ခုသို့ ပြောင်းရွှေ့၍ မိသားစုဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရသည်။
“(ကိုယ့်ဒေသကိုယ်) သံယောဇဉ်ရှိတယ်။ နေရာပြောင်းခါစကဆို ခံနိုင်ရည်တောင် မရှိဘူး။ ခဏခဏ ပြန်ချင်တယ်။ အလုပ်တွေ လုပ်လို့မရဘူးဆိုရင်တောင်မှ ကိုယ့်အိမ်ကိုယ့်ယာလေးတွေကို ပြန်ကြည့်ချင်တယ်လေနော်” ဟု ဒီးမော့ဆိုတွင် မွေး၊ ဒီးမော့ဆိုတွင် ကြီးပြင်းခဲ့သည့် မနော်ရင်းက ဆိုသည်။
လူဦးရေ ၃၅၀,၀၀၀ ဝန်းကျင် နေထိုင်သည့် ကရင်နီဒေသတွင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှစ၍ ပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားနေရာ လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၃,၀၀၀ ကျော်ရှိသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုအခြေအနေများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေးအင်အားစုများ၏ မည်သည့်ခြေလှမ်းကိုမဆို ကြိုဆိုသည်ဟု မနော်ရင်းက ပြောသည်။
“တစ်နေရာမှာ အလုပ်သွားလုပ်နေရတော့ (တော်လှန်ရေးအတွက်) ကိုယ်က ဘာမှလုပ်မပေးထားနိုင်ဘူး။ သူများတွေ ကြိုးစားတဲ့အပေါ်မှာ ကျေးဇူးတင်တယ်။ ဝေဖန်စရာတော့ ဘာမှမရှိပါဘူး။ ကောင်းအောင် လုပ်နေကြတာပဲလေနော်”။
မပြီးဆုံးသေးသော နှစ်ကာလရှည် နိုင်ငံရေးအိပ်မက်ဖြစ်သည့် ကရင်နီပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့် ရရှိရန် လက်ရှိတော်လှန်ရေးအဖွဲ့အသီးသီး၏ အားသွန်ခွန်စိုက် ကြိုးပမ်းမှုများကို အသိအမှတ်ပြုသလို ရလဒ်ကောင်းကို မျှော်လင့်ထားသည်ဟုလည်း မနော်ရင်းက ဆိုလိုက်သည်။
(* လုံခြုံရေးအရ အမည်လွှဲထားခြင်းဖြစ်သည်)
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)