သတင်း

မယ်စဲ့မြို့ရှိ စစ်ကောင်စီ စခန်းလေးခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရ

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ခံစစ်စခန်း သုံးခု၊ မြို့မရဲစခန်းတို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ (ဇွန် ၁၃) က တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

မယ်စဲ့မြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်း တောင်လှကျေးရွာအနီးရှိ တောင်လှစခန်း၊ မယ်လနွယ်စခန်းနှင့် BP 14 (မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ၁၄) ရှိ စခန်းကုန်းတို့ ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) ထံမှ သိရသည်။

နံနက် ၅ နာရီမှ ၁၀ နာရီခန့်အထိ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မယ်စဲ့မြို့မရဲစခန်းတွင် မြို့နယ်ရဲမှူး သေဆုံးကြောင်း၊ စခန်း ၃ ခုမှ စုစုပေါင်း မောင်းပြန်သေနတ် ၄၀ ခန့် ရရှိခဲ့ကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်ရေးသတင်းများကို ထုတ်ပြန်နေသည့် KMIC ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ပြောသည်။

တောင်လှစခန်းတွင် ၁၂၀ မမ လက်နက်ကြီး နှစ်လက် သိမ်းဆည်းရမိပြီး စခန်းသိမ်းတိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“သိမ်းပြီးတော့ ပြန်ဆုတ်တာ။ ကျွန်တော်တို့က သိမ်းပြီး နေလို့မရဘူး။ လေယာဉ်လာတယ်လေ။ ကျွန်တော်တို့ကလည်း ပထဝီမြေအနေအထားအရ ကိုယ့်လူ အထိအခိုက်နည်းဖို့က တက်သိမ်းပြီးရင် ရှိတဲ့ပစ္စည်းယူပြီး ဆုတ်တာပဲ” ဟု သူက ပြောသည်။

ထိုနေ့ တိုက်ပွဲဖြစ်ခဲ့သောနေရာများကို နံနက် ၁၀ နာရီခန့်မှ နောက်တစ်နေ့ နံနက် ၁ နာရီခန့်အတွင်း စစ်ကောင်စီ လေတပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရသော စခန်းများတွင် စစ်ကောင်စီတပ်က ပြန်လည်နေရာယူထားခြင်း ရှိမရှိ မသိရသေးဟု ဆိုသည်။

ကရင်နီတပ်မတော် (KA)၊ ၎င်း၏ လက်အောက်ခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့သော အထက်ပါစခန်းကုန်းများမှာ ဘောလခဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၄၃၀ ၏ စခန်းများ ဖြစ်ကြောင်း ခူးညေးရယ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့ကို ၂၀၂၀ အောက်တိုဘာက တွေ့ရစဉ်။ (ဓာတ်ပုံ-အက်စတာဂျေ /Myanmar Now)

မယ်စဲ့မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၀ ဦးခန့်ရှိပြီး စခန်းတစ်ခုလျှင် ၂၀ ကျော်စီ ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

“အခုက တစ်ပြိုင်နက် (ပြန်) ဆုတ်တာဆိုတော့ အင်အားများတယ်။ အရေအတွက်တော့ အတိအကျ မပြောနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ယမန်နေ့က တိုက်ခိုက်ခံရသည့် စခန်းများအပြင် မယ်စဲ့မြို့ရှိ BP 13 (မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် – ၁၃) နှင့် ရဲစခန်းအရှေ့ဘက်ရှိ စခန်းကုန်းတို့တွင် အထိုင်ချထားကြောင်း သိရသည်။

တိုက်ပွဲကြောင့် BP 14 အနီးရှိ စစ်ဘေးရှောင်စခန်းနှင့် မြို့ပေါ်မှ ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ခူးညေးရယ်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလက မယ်စဲ့မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် KA, ကရင်နီကွန်မန်ဒိုတပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့စဉ်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်နေသည့် မယ်စဲ့မြို့နယ်သည် အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်၊ မြောက်ဘက်တွင် ဘောလခဲမြို့နယ်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ ကယား(ကရင်နီ)ပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့နှင့် အဖြောင့်တိုင်းလျှင် မိုင်ပေါင်း ၈၀ ခန့် ကွာဝေးသည်။

ကရင်နီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KnAC)

Show More

Related Articles

Back to top button