သတင်း

မြန်မာ-ထိုင်းနယ်စပ် ရှားတောမြို့ကို ကရင်နီတော်လှန်ရေးအင်အားစုများ သိမ်းယူ

လက်ကျန် စစ်တပ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် ရှားတောမြို့သည် စစ်ကောင်စီ ကင်းစင်သောမြို့ဖြစ်လာသည်ဟု ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ကယား (ကရင်နီ) ပြည်နယ်အရှေ့ဘက်ခြမ်းရှိ ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဟု ကရင်နီတပ်မတော် (KA) မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် အတည်ပြုသည်။

ဖေဖော်ဝါရီ ၁၂ ရက် နံနက်တွင် ရှားတောမြို့အဝင် စေတီကုန်းပေါ်ရှိ လက်ကျန် စစ်တပ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် ရှားတောမြို့တစ်ခုလုံး သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဗျူဟာကုန်းကို သိမ်းပြီးပြီ။ မြို့တစ်ခုလုံးမှာ စစ်တပ်စခန်း ကင်းစင်တယ်လို့ အတည်ပြုပြောလို့ရပြီ။ ဒါပေမဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တော့ သွားလာလှုပ်ရှားမှု ရှိနေသေးတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။​

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပြည်နယ်မြို့တော် လွိုင်ကော်၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ ရှားတောမြို့ကို သိမ်းယူနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလလယ်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လနီးပါးအကြာတွင် တစ်မြို့လုံးကို အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၂ ရက်နေ့က သိမ်းယူခဲ့သည့် ဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း အင်အား ၁၀၀ ခန့်ရှိပြီး တိုက်ပွဲအတွင်း သေဆုံးသူ ၆၀ ခန့် ရှိကြောင်း၊ ၂၀ ကျော်ကို အရှင်ဖမ်းမိခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားသူ တချို့ရှိကြောင်းလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

ဗျူဟာကုန်း ရှင်းလင်းပြီးနောက် လက်နက်မျိုးစုံ ၁၀၀ ကျော် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်စာရင်းနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ကရင်နီတပ်မတော် (KA) က သိမ်းယူခဲ့သည့် ကရင်နီဒေသ ရှားတောမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းပြမြေပုံ။

ဖေဖော်ဝါရီလအစပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပျဉ်းမြို့အခြေစိုက် အမှတ် (၂၄၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်ကို ရဟတ်ယာဉ် ၃ စီးဖြင့် တင်ဆောင်ကာ ရှားတောမြို့သို့ စစ်ကူပို့ဆောင်ပေးခဲ့သော်လည်း ကရင်နီတော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့၍ ၄၀ ခန့် သေဆုံးကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့သည်။

“ရဟတ်ယာဉ်နဲ့ လာချတဲ့သူတွေကို တိုက်တော့ ထွက်ပြေးတာတွေရှိတယ်။ ၁၀ ယောက်ကျော်ကျော်လောက်ပေါ့၊ အဲ့ဒါကို လာရှင်းနေတယ်။ အဲ့ဒီထွက်ပြေးနေတဲ့သူတွေကလွဲပြီး ကျန်တာ (စစ်ကောင်စီ တပ်သား) တော့ ဒီမြို့နယ်ထဲမှာ မရှိတော့ဘူး” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

လွိုင်ကော်ခရိုင်တွင် ပါဝင်သော ရှားတောမြို့နယ်သည် သံလွင်မြစ်အနောက်ဘက်ကမ်းတွင်တည်ရှိကာ မြောက်ဘက်တွင် ရှမ်းပြည်နယ် မောက်မယ်မြို့၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လွိုင်ကော်၊ ဘောလခဲ၊ တောင်ဘက်တွင် ရွာသစ်မြို့၊ မယ်စဲ့မြို့နယ်တို့ရှိကာ ၂၀၂၀ စက်တင်ဘာအထိ ပြည်နယ်အစိုးရစာရင်းများအရ မြို့ပေါ် လူဦးရေ ၁၇၀၀၀ ကျော် နေထိုင်သည်။

ဖေဖော်ဝါရီ ၈ ရက်ကလည်း ဘောလခဲမြို့အရှေ့ဘက် ၁၁ မိုင်ခန့်အကွာ ရွာသစ်မြို့တွင်အခြေစိုက်သည့် ၁၂ မိုင်ကုန်း စစ်တပ်စခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းယူပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ကင်းစင်သည့် မြို့အဖြစ် လုပ်ဆောင်နိုင်ခဲ့သည်။

တော်လှန်ရေးအင်အားစုများအားကောင်းသည့် ကရင်နီဒေသတွင် ယမန်နှစ်အတွင်းမှ စတင်၍ စစ်ကောင်စီတပ် ကင်းစင်သည့်မြို့များအဖြစ် ပြောင်းလဲနိုင်ရေး တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေရာ လက်ရှိတွင် ရှားတော၊ မယ်စဲ့၊ မော်ချီး နှင့် ရွာသစ်မြို့တို့ကို အလုံးစုံ သိမ်းယူထားနိုင်ပြီဖြစ်သည်။

ထို့ပြင် ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းယူနိုင်ရေးအတွက် ”၁၁.၁၁ စစ်ဆင်ရေး” အဖြစ် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့ဧရိယာတော်တော်များများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

ရှားတောဗျူဟာ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ – နေပြည်တော်သိမ်းပိုက်အောင်လံစိုက်)

Show More

Related Articles

Back to top button