သတင်း

လွိုင်ကော်တက္ကသိုလ်မှ ပါချုပ်အပါအဝင် ၅ ဦးကို ကရင်နီတရားရုံး ထောင်ချ

လွိုင်ကော်တက္ကသိုလ်မှ ထိပ်တန်းအရာရှိတချို့ကို စစ်ကောင်စီနှင့် ပူးပေါင်းမှုစွဲချက်ဖြင့် ကရင်နီလွတ်မြောက်နယ်မြေရှိ တရားရုံးက ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်လိုက်သည်။

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို ကရင်နီတော်လှန်ရေးအင်အားစု၏ ပြည်နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ၉ သိန်းစီ ချမှတ်ထားကြောင်း ယနေ့ (မတ် ၆) တွင် သိရသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါဝင်သော ထို၅ ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) အရ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောသည်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) က တရားလိုပြုလုပ်ကာ တရားစွဲခြင်း ဖြစ်ကြောင်း ကရင်နီပြည်နယ်တရားရုံးထံမှ သိရသည်။

“တရားစွဲအဖွဲ့အစည်းကနေပြီးတော့မှ တရားလိုပေါ့၊ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲတင်ထားတယ်၊ သူတို့တင်ပြထားတဲ့ သက်သေအထောက်အထားအချက်အလက်တွေအရ တရားခံတွေရဲ့ ဝန်ခံချက်အရ အခုလို အမိန့်ချလိုက်ခြင်းဖြစ်ပါတယ်” ဟု ကရင်နီပြည်နယ်တရားသူကြီးချုပ်က ဆိုသည်။

အာဏာမသိမ်းမီက မြန်မာစစ်တပ်သည် သတင်းထောက်တချို့နှင့် အရပ်သားများကို ထိုဥပဒေနှင့် အမှုဖွင့် တရားစွဲခဲ့ဖူးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် တော်လှန်ရေးအင်အားစုများ၏ တရားစီရင်ရေးဌာနတချို့ကလည်း ထိုဥပဒေပုဒ်မကို ဆက်သုံးနေသည်။

ထိုဥပဒေ၏ ပုဒ်မ ၁၇ (၁) တွင် မတရားအသင်းဝင်ဖြစ်သူ၊ ထိုအသင်း၏ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်သူ၊  ငွေကြေးထောက်ပံသူ၊ လက်ခံရယူသူ၊ တောင်းခံသူသည် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း ကျခံစေရမည်ဟု ဖော်ပြထားသည်။

အမိန့်ချလိုက်ပြီးနောက် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ကထိက ၅ ဦးကို အကျဉ်းထောင်အာဏာပိုင်များက ဆက်လက်ကိုင်တွယ်နေကြောင်း သိရသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ရှိရာ (ဒ.က.စ) ကို ဦးတည်တိုက်သည့် ၁ လေးလုံးစစ်ဆင်ရေးကို စတင်ခဲ့သည်။

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများထဲမှ လက်နက်ချကြသူများ (ဓာတ်ပုံ – KNDF)

ယင်းစစ်ဆင်ရေးအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ် တပ်စွဲထားသည့် လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနှင့် မိသားစုဝင် ၂၀၀ ခန့်ကို ၎င်းတို့ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်ခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်တွင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က CDM တွင် ပါဝင်ခြင်း မရှိသူ ဝန်ထမ်းနှင့် မိသားစုဝင် ၁၉၃ ဦးကို စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ရန် ခံဝန်လက်မှတ်ရေးထိုးစေပြီး အပြီးသတ်ပြည်နှင်ဒဏ်ပေးလိုက်သည်။

ပါမောက္ခချုပ်အပါအဝင် ထောင်ဒဏ် စီရင်ခံရသူ ၅ ဦးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတရားအသင်းအဖြစ် ကြေညာထားသော စစ်ကောင်စီအတွက် အလုပ်လုပ်နေသူများဖြစ်သည့်အပြင် စီမံအုပ်ချုပ်မှုတွင် အရေးပါသူများ ဖြစ်ကြောင်း IEC အတွင်းရေးမှူး (၁) ဖြစ်သူ ဒေါ်ဇူးပဒုမ္မာက ပြောသည်။

“လွိုင်ကော်တက္ကသိုလ်အုပ်ချုပ်ရေးကျောင်းကို စီမံခန့်ခွဲတဲ့ နေရာမှာ တာဝန်ရှိသူတွေဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကို အားပေးတဲ့လုပ်ရပ်တွေမှာ ဒေါက်တိုင်တွေကို ပိုပြီးအားကောင်းစေအောင် လုပ်တဲ့သူတွေဖြစ်လို့ မတရားအသင်းကြေညာခံထားရတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အလုပ်လုပ်နေတယ်၊ ဒါကြောင့်မို့ ၁၇ (၁) နဲ့ စီစဉ်လိုက်တာလို့ နားလည်ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီဆိုလျှင် တော်လှန်ရေးအင်အားစုနှင့် ဆက်သွယ်သူများကို ဖမ်းမိပါက နှိပ်စက်ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လေ့ရှိသည်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ကထိက ၅ ဦးကို အမိန့်ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားအမြင်သိရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးနှင့် လူ့အခွင့်အရေးဝန်ကြီးတို့ထံ Myanmar Now က စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Human Rights Watch ခေါ် လူ့အခွင့်အရေးအဖွဲ့မှ သုတေသီတဦးဖြစ်သူ Manny Maung ကမူ လှုပ်ရှားမှုတစ်ခုတွင် မပါဝင်သူတို့ကို အပြစ်ပေးခြင်းသည် ဒီမိုကရေစီလှုပ်ရှားမှုကို အားနည်းစေသည်ဟု ထောက်ပြသည်။

၎င်းက လူအများသည် အယူဝါဒတစ်ခုကို ငြိမ်းချမ်းစွာဆန့်ကျင်နိုင်ခွင့်၊ ၎င်းတို့ မလိုလားသော ကိစ္စတို့၌ ရှောင်နိုင်ခွင့်ရှိသင့်ကြောင်း ပြောသည်။

“ဒီကိစ္စမှာတော့ သူတို့ဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ခြင်းကလွဲရင် အခြားချိုးဖောက်မှုမတွေ့ရပါဘူး။ ဒါက NUG ဘက်က အကြံပြုသလို စစ်မှုထမ်းဖို့ စုဆောင်းခံရပါက အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေဖြင့် လူတွေကို တရားစွဲဆိုနိုင်တယ်ဆိုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ လူတွေဟာ ဘက်ပေါင်းစုံကနေ ဖိအားပေးခံရရင် တကယ့်လွတ်လပ်စွာ ပြောဆိုခွင့်၊ လှုပ်ရှားခွင့်ဆိုတာ မရှိတော့ပါဘူး” ဟု Manny Maung က မှတ်ချက်ပေးသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်လည်း ကလေးတက္ကသိုလ်မှ ဝန်ထမ်း ၁၄၀ ကျော်ကို တော်လှန်ရေးအင်အားစုက ထိန်းသိမ်းထားသလို တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဌာနမှူး ၂ ဦးကိုလည်း ထားဝယ်မြို့နယ်အခြေစိုက် ဗထူးတပ်မတော် (BHA) က ဖမ်းဆီး စစ်ဆေးနေသည်။

Show More

Related Articles

Back to top button