သတင်း

တပ်ဖွဲ့ဝင် ၂ ဦးကို လူသေဆုံးမှုတစ်ခုအတွက် ထောင်နှစ် ၂၀ ချထားဟု KNDF ပြော

အရပ်သားကို ပစ်သတ်မှုအတွက် ကျူးလွန်သူတို့ကို အပြစ်ပေးလိုက်သည်ဟု ကရင်နီ KNDF အဖွဲ့က ပြောသည်။ Free Burma Rangers (FBR) ကယ်ဆယ်ရေးအဖွဲ့ကမူ ပစ်သတ်ခံရသူသည် ၎င်းတို့အဖွဲ့ဝင်ဖြစ်သည်ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၂ ဦးကို လူသေဆုံးမှုတစ်ခုတွင် အပြစ်ရှိသည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ နှင့် ၁ လ ချမှတ်လိုက်သည်ဟု ဆိုသည်။

အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခြင်းကြောင့် ဗဟိုစစ်တရားရုံးချုပ်က စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) ဖြင့် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်ဟု KNDF ဗဟိုကော်မတီက ထုတ်ပြန်သည်။

KNDF ၏ ထုတ်ပြန်ချက်တွင် အသတ်ခံရသူသည် ပီကင်းကောခူရွာမှ အရပ်သားတစ်ဦးဟု ရေးသားထားသည်။

ထိုသူကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင်  KNDF တပ်ဖွဲ့ဝင်အချို့က ပစ်ခတ်သဖြင့် သေဆုံးကြောင်း KNDF ဗဟိုကော်မတီက ဆိုသည်။

Free Burma Rangers (FBR) အဖွဲ့ကမူ အသတ်ခံရသူသည် ၎င်းတို့အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“သူဟာ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို သတ်ဖြတ်လိုက်တာဟာ ကြီးမားတဲ့အမှားတစ်ခုပါ။ သူသေဆုံးသွားတဲ့အတွက် ကျွန်တော် တကယ့်ကို ဝမ်းနည်းရပါတယ်” ဟု FBR အဖွဲ့တည်ထောင်သူဖြစ်သည့် ဒေးဗစ်ယူဘန့်က ပြောသည်။

အသတ်ခံရသူ မည်သူမည်ဝါဖြစ်သည်၊ မည်ကဲ့သို့ အသတ်ခံရသည်ကို မသိရသေးပေ။

ကရင်နီဒေသရှိ ကလေးများကို အကူအညီပေးနေသည့် Good life God Program ၏ တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း FBR က  ဆိုသည်။

FBR သည် လက်နက်ကိုင်ပဋိပက္ခဖြစ်သည့် နေရာများတွင် ပိတ်မိနေသော အရပ်သားများကို ကယ်ဆယ်ကာ ဒဏ်ရာရသူများကို ဆေးကုပေးသည့် အရပ်ဘက်အဖွဲ့ဖြစ်သည်။

သေဆုံးရသည့် အကြောင်းရင်း

ထိုသူကို “ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုစွဲချက်ဖြင့်” ဖမ်းဆီးထိန်းသိမ်းထားစဉ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KNDF ထုတ်ပြန်ချက်က ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ကရင်နီဒေသခံတစ်ဦးကမူ ထိုသူသည် မူးယစ်ရမ်းကားမှုဖြင့် ထိန်းသိမ်းခံရခြင်း မဟုတ်ကြောင်း၊ KNDF တပ်ဖွဲ့ဝင်တချို့နှင့် ခိုက်ရန်ဖြစ်ကြစဉ် လက်လွန်သေဆုံးရခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

ကျူးလွန်သူများကို ထိုက်သင့်သည့် အပြစ်ဒဏ်ချမှတ်လိုက်သဖြင့် KNDF ၏ တရားမျှတမှု ဖော်ဆောင်သည့် ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု FBR အဖွဲ့တည်ထောင်သူဖြစ်သည့် ဒေးဗစ်ယူဘန့်က ပြောသည်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီက တပ်ဖွဲ့ဝင်များ လူထုထောက်ပံ့သည့် လက်နက်များဖြင့် လူထုမနှစ်သက်သည့် လုပ်ရပ်များလုပ်ပါက အရေးယူမည်ဟု ပြောသည်။

“ဒီနေရာမှာ ကျောသားရင်သားလည်း မခွဲခြားဘူး၊ အဆင့်ရာထူးရာခံလည်း မခွဲခြားဘူး။ ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့အတိုင်း စီစဉ်ဆောင်ရွက်မှာပဲဖြစ်ပါတယ်။ တစ်ခုပြောစရာရှိတာကတော့ တချို့သော ကျွန်တော်တို့ လက်လှမ်းမမှီတဲ့အမှုတွေရှိနိုင်ပါသေးတယ်” ဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။

KNDF တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ပြစ်မှုများနှင့်ပတ်သက်၍လည်း အနာဂတ်တွင် နစ်နာသူဘက်က တောင်းဆိုလာလျှင် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟုလည်း ဒုစစ်ဦးစီးချုပ်က ပြောသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ကရင်နီ (ကယား)ပြည်နယ်၊ ရွာသစ်မြို့၊ ဟွေအောရွာအလွန်တွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များနှင့် အရပ်သားတချို့ကို KNDF တပ်ရင်း ၂၁ နှင့် ကရင်နီတပ်မတော် (KA) မှ တပ်ဖွဲ့ဝင်များက ချုံခိုတိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုတွင် ကလလတ ရဲဘော် ၆ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

အသက်ရှင်ကျန်သည့် ကလလတ ရဲဘော် ၃ ဦးမှာ ဒဏ်ရာရသွားပြီး ရွာထဲသို့ ထွက်ပြေးရာ ရွာသားများက ဝှက်ထားပေးခဲ့သည်။ သို့သော် KA နှင့် KNDF တပ်ဖွဲ့ဝင်များက ဆေးကုပေးမည်ဟု ဆိုကာ လာရောက်ခေါ်ယူပြီး သတ်ဖြတ်ခဲ့သည်ဟု ကလလတ ဗဟိုကော်မတီဝင်တစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

ထိုစဉ်က ကလလတသည် စစ်ကောင်စီလက်အောက်မှာပင် ရှိနေဆဲဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် တရားဝင် မပူးပေါင်းရသေးပေ။ သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သည့် တပ်ဖွဲ့ဝင်များကို မည်ကဲ့သို့ အရေးယူလိုက်ကြောင်း KNDF နှင့် KA တို့က တရားဝင်မထုတ်ပြန်ခဲ့ပါ။

KNDF ဒုစစ်ဦးစီးချုပ် မာဝီကမူ ကလလတရဲဘော်များနှင့် အရပ်သားတချို့အသတ်ခံရသည့် ဖြစ်စဉ်ကို အဖွဲ့အစည်းများအကြား ပြေလည်စွာ ဖြေရှင်းထားပြီးဖြစ်သည်ဟု ဆိုသည်။

“အဲဒီတုန်းက ပါဝင်ပတ်သက်တဲ့ လူအချို့ကိုလည်း ကျွန်တော်တို့က ထိုက်သင့်တဲ့ ရှေ့တန်းပြစ်ဒဏ်တွေ ပေးပြီးတော့မှ လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ တိုတိုနဲ့ ချုပ်ပြောရရင်တော့ နှစ်ဦးနှစ်ဖက် ကျူးလွန်သူတွေ၊ ခံရသူတွေအားလုံးရဲ့ ဆိုးခြင်း၊ ကောင်းခြင်း၊ မှားခြင်း၊ မှန်ခြင်းတွေအပေါ်မှာ သုံးသပ်ပြီးတော့မှ အပြေလည်ဆုံးဖြစ်အောင် ဖြေရှင်းထားတဲ့ကိစ္စတစ်ခုလည်းဖြစ်တယ်” ဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံကြရာ  ကယားပြည်နယ်တွင်လည်း KNDF ကို ထိုနှစ် မေလ ၃၁ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂ နှစ်ကျော်ကာလအတွင်း KNDF သည် အင်အားကြီးထွားလာပြီး စစ်ဗျူဟာ ၆ ခု နှင့် တပ်ရင်း ၂၁ ရင်း ဖွဲ့ထားသည်။

အခြား ကရင်နီတော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ ဒေသတွင်း မြို့တချို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button