သတင်း

စစ်တပ်ဗုံးကြဲမှုကြောင့် ဖားဆောင်းတွင် အရပ်သား ၅ ဦးထက်မနည်း သေဆုံး

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၃) က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့တွင် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၃) က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့တွင် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၈ ရက်နေ့လယ်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နောက် ၁ ရက်အကြာ ဖေဖော်ဝါရီလ ၂၉ ရက်တွင် စစ်တပ်က ဖားဆောင်းမြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအများဆုံးပြုလုပ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံး ၁ လုံးသည် ဖားဆောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သည်ဟု ဖားဆောင်းတွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

“အဲဒီမှာ ပွဲချင်းပြီးသေတာရှိတယ်။ တချို့က ဒဏ်ရာနဲ့ နောက်မှ သေတာရှိတယ်” ဟု (KA) တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူများထဲတွင် စစ်တပ်၏ တိုက်လေယာဉ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသူများလည်းပါဝင်ကြောင်း ဖားဆောင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “စက်သေနတ်နဲ့ ပစ်သွားတယ်တဲ့။ အဲဒီမှာ အယောက် ၂၀ တောင် ထိတယ်။ သိမ်ကျောင်းဆရာတော်လည်း ပါတယ်။ ကျောတွေထိတယ်။ ၅ ယောက်လောက်က ပွဲချင်းပြီးသေတယ်” ဟု ဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၂) ဖြစ်သူ ဦးဗညားခွန်အောင်ကမူ ဖားဆောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း Myanmar Now ကို အတည်ပြုသည်။

သေဆုံးသူများအနက် ၁ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် အခြားထိခိုက်သူများအကြောင်း စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

 “ဗုံးဒဏ်ကြောင့်ပါသွားတာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပဲ။ ဗုံးကြဲသွားတဲ့နေရာက ဖားဆောင်းမြောက်ပိုင်းလို့ ပြောလို့ရတာပေါ့။ သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ ရှေးကျတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပါ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့တွင်း အပျက်အစီးများကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Free Burma Rangers)

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနှင့် ဒဏ်ရာရသူများကို ဘေးလွတ်ရာသို့ ရွှေ့နိုင်ခြင်းရှိမရှိနှင့် ဆေးကုသပေးနိုင်ခြင်းမရှိဆိုသည့် အခြေအနေသည်လည်း တိတိကျကျမသိရသေးပေ။

စစ်ပွဲပဋိပက္ခအတွင်း အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရသူများရှိပါက IEC သည် စိတ်ပိုင်း၊ ရုပ်ပိုင်း အားပေးကူညီခြင်းနှင့် ဒဏ်ရာရသူများကို ဆေးကုသပေးခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း ဦးဗညားက ပြောသည်။

၎င်းက “ဖားဆောင်းမှာဆိုရင် ကျနော်တို့ ဆေးခန်းထိုင်တဲ့နေရာကို ရောက်မှသာ လုပ်ပေးနိုင်မယ့်အခြေအနေရှိပါတယ်” ဟု ဆိုသည်။ ဆက်လက်၍ ဦးဗညားက ဖားဆောင်းတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် နေအိမ် အလုံးပေါင်း ၁၂၀ ခန့် မီးလောင်ပျက်စီးထားကြောင်း ပြောသည်။

လက်ရှိတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ဖားဆောင်းမြို့အတွင်းထဲအထိ ဝင်ကာ စစ်ကောင်စီတပ်ကို တိုက်နေပြီး မြို့၏ တောင်ဘက်ရှိ စစ်ကောင်စီ၏ ခလရ ၁၃၅ နှင့် အနောက်ဘက်ရှိ ခလရ ၁၃၄ သည်လည်း ကရင်နီပူးပေါင်းတပ်များ၏ ထိုးစစ်ကို လက်နက်မချဘဲ ဆက်လက်ခုခံနေသည်။

ဖားဆောင်းမြို့ပေါ်တိုက်ပွဲကြောင့် မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်သွားသည့် အရပ်သားအရေအတွက်မှာ ၃၀၀ မှ ၄၀၀ ကြားရှိနိုင်ကြောင်း KA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။ ဖားဆောင်းမြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားများကို ပဋိပက္ခအတွင်း ပိတ်မိနေသည့် အရပ်သားများကို ကယ်ထုတ်ပေးသော Free Burma Rangers အဖွဲ့က ဘေးလွတ်ရာ ရွှေ့ ပေးနေသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းမီက ဖားဆောင်းမြို့ပေါ်၌ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သော်လည်း စစ်အာဏာသိမ်းမှုဖြစ်ပြီး ကရင်နီတွင် တိုက်ပွဲများ စတင်လာသည့်နောက် စစ်တပ်ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့ကို စွန့်ခွာကြသူများခဲ့သည်။

မြို့ပေါ်တွင် နေထိုင်သူဦးရေမှာ ရာဂဏန်းသာရှိကြောင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ထံမှ သိရသည်။

ကျန်ရှိသည့်သူများသည့် မြို့ပေါ်တွင် တိုက်ပွဲဖြစ်လာသောအခါ စစ်ဘေးရှောင်ကြရပြီး စစ်ရှောင်များသည် ဖားဆောင်းမြို့ အနောက်မြောက်ဘက်ရှိ နမ့်ကစ်၊ မြို့၏ တောင်ဘက်ရှိ ခဲမဖြူနှင့် မြို့၏ အရှေ့ဘက် သံလွင်တစ်ဖက်ခြမ်းရှိ ဝမ်အောင် (ရှမ်း) ရွာတို့ဘက်သို့ တိမ်းရှောင်နေကြရကြောင်း KA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ကရင်နီပြည်နယ်တွင် သံလွင်မြစ်အရှေ့ဘက်ကမ်း၌ ရှားတောနှင့် မယ်စဲ့ဆိုသည့် မြို့နယ် ၂ မြို့နယ်ရှိသည့်အနက် ၂ မြို့နယ်လုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကယားပြည်နယ်မြောက်ပိုင်း သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ရှားတောမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ရေး တိုက်စစ်ဆင်နေခြင်းဖြစ်သည်။

ဖားဆောင်မြို့ကိုသာ ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်နိုင်သွားပါက သံလွင်မြစ်အရှေ့ဘက်အခြမ်းရှိ မယ်စဲ့မြို့နယ်သည် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းထိုးမည့်ရန် ပိုမိုကင်းဝေးသွားနိုင်ပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မယ်စဲ့ – ဖားဆောင်းအထိ လမ်းပိုင်းသည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ လက်သို့ ကျရောက်သွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button