ကယားပြည်နယ်၊ ဖားဆောင်းမြို့ထဲမှ စစ်ကောင်စီ၏ အမှတ် ၁၃၅ ခြေလျင်တပ်ရင်း (ခလရ) ၏ တပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက မတ်ပထမသီတင်းပတ်အတွင်း သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သံလွင်မြစ်ကူးတံတားအနီးရှိ ခလရ ၁၃၅ မှ စစ်သားများ စခန်းကို စွန့်ခွာပြီး မြို့၏ အနောက်ဘက်တောင်ပေါ်တွင်ရှိသည့် ခလရ ၁၃၄ စခန်းတွင် သွားရောက်ပူးပေါင်းကာ ပြန်လည်ခုခံနေသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
”သူတို့က အပေါ်ကုန်းပေါ်ကို ဆုတ်သွားပြီးတော့မှ ခံစစ်ပဲပေါ့၊ လေယာဉ်နဲ့ ကြဲတာမျိုး၊ အပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာမျိုး အဲဒီလိုမျိုးတော့ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ပူးပေါင်းတပ်များသည် ဖားဆောင်းမြို့နေရာအများစုကို ထိန်းချုပ်ထားပြီး ဖားဆောင်းမြို့မရဲစခန်းကိုလည်း သိမ်းထားသည်။
ဖားဆောင်းမြို့တွင် ကရင်နီတပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကရင်နီအမျိုးသာများကာကွယ်ရေးတပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
တိုက်ပွဲ ၁၅ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှတစ်ဆင့် မြို့ထဲသို့ ဗုံးကြဲခြင်း စသည့် နည်းများဖြင့် ခုခံနေသည်။
တိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့ရှိ လူနေအိမ်များ၏ ၃ ပုံ ၂ ပုံသည် ရစရာမရှိအောင် ပျက်နေပြီး အရပ်သား ၅ ဦးထက်မနည်း သေဆုံးထားကြောင်း KA နှင့် နီးစပ်သူများထံမှ သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်အချက်အလက်များအရ ဖားဆောင်းတွင် နေထိုင်သူအရေအတွက် နှစ်သောင်းခွဲနီးပါး ရှိသည်။
ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ၎င်းတို့အနေနှင့် စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဖားဆောင်းတွင် လူ ၂ ဦး သေဆုံးသည်ဟုသာ အတည်ပြုနိုင်သေးကြောင်း ဆိုသည်။
“ကွက်သစ်က ဘုန်းကြီးကျောင်းက ဗုံးကြဲခံရတာပေါ့။ အဲဒီလူတွေကို စစ်တပ်ဝင်းထဲကို ပြန်ခေါ်သွားတယ် ကြားတယ်။ စစ်တပ်ဝင်းထဲမှာရှိနေတဲ့သူတွေကိုလည်း အပြင်ကို ပေးမထွက်တော့ဘူးပေါ့။ လူသားဒိုင်းပုံစံမျိုး လုပ်ထားတယ်လို့ သတင်းအချက်အလက်တွေ ရထားတယ်” ဟု IEC အတွင်းရေးမှူး (၂) ဖြစ်သူ ဦးဗညားခွန်အောင်က ဆိုသည်။
“တပ်ကတော့ သူ့ဝင်းထဲမှာပဲ ကျန်နေတာပေါ့”
ဖားဆောင်းတိုက်ပွဲဖြစ်နေသည့် ကာလအတွင်း ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၃ ဦးသည် G-3 ရိုင်ဖယ် ၁ လက်အပါအဝင် M-22 (ခေါ်) AK ရိုင်ဖယ် ၃ လက်၊ လက်ပစ်ဗုံး၅ လုံး၊ သေနတ်ကျည်အချို့နှင့်အတူ ဘော်လခဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံ မတ်လ ၃ ရက်တွင် ပူးပေါင်းထားသည်။
ဖားဆောင်းတွင်မြို့ထဲ ပိတ်မိနေသူများကို ကယ်ထုတ်ပေးနေသည့်အဖွဲ့မှာ Free Burma Ranger အဖွဲ့ဖြစ်ပြီး ၎င်းတို့သည် KA ၊ KNDF တို့နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်နေသည်။
တိုက်ပွဲအတွင်း ဒဏ်ရာရထားကြသည့် အသက် ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ လူလတ်ပိုင်းအရွယ် အမျိုးသား ၁ ဦးတို့ကိုလည်း FBR က ကုသမှုပေးထားသည်။ မြို့ထဲတွင် စစ်ကောင်စီတပ် ထောင်သွားသည့် မြေမြှုပ်မိုင်းအများအပြားကို ရှင်းလင်းနိုင်ခြင်း မရှိသေးသဖြင့် အရပ်သားများပြန်လာနေရန် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း FBR ထံမှ သိရသည်။
Facebook လူမှုကွန်ရက်တွင်လည်း ဖားဆောင်းရှိ သံလွင်မြစ်ကူးတံတားပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေသည့် KA တပ်ဖွဲ့ဝင် ရဲဘော် ၁၀ ယောက်ကျော်၏ ရုပ်သံဖိုင်ထွက်ပေါ်နေသည်။
KA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ သံလွင်မြစ်ကူးတံတားကို ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီတပ်၏ ခလရ ၁၃၄ က လက်နက်ကြီးဖြင့် ပစ်ပါက ဖားဆောင်းတံတားပေါ် ကျရောက်ပေါက်ကွဲနိုင်ကြောင်း ဆိုသည်။
“လုံးဝ လွတ်လွတ်လပ်လပ်သွားလာတာမျိုးတော့ မရသေးဘူးပေါ့။ အခြေအနေကြည့်ပြီးတော့ ဖြတ်သွားဖြတ်လာပဲ ရှိပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ကရင်နီတစ်ပြည်နယ်လုံးတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက မယ်စဲ့၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနှင့် မိုးဗြဲမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကမူ ပြည်နယ်မြို့တော် လွိုင်ကော်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဆက်လက်ခုခံနေသည်။
ထို့ပြင် ဖားဆောင်းတွင်လည်း တပ်ရင်း ၁ ရင်းကျန်သေးသလို ဖားဆောင်းမြောက်ဘက်ရှိ ဘော်လခဲ၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့၊ မိုးဗြဲမြို့မြောက်ဘက်နှင့် ဖယ်ခုံမြို့ပေါ်တို့တွင်လည်း တပ်များရှိသေးသည်။
ကျန်ရှိသည့်တပ်များသည် ကရင်နီပူးပေါင်းတပ်များ၏ ထိုးစစ်ကို လက်နက်မချဘဲ ဆက်လက်ခုခံနေသည်။ ကရင်နီပြည်နယ်၏ ကျေးလက်ဒေသအများစုသည် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ကရင်နီပြည်အတွက် ဝင်ပေါက်ဟု ဆိုနိုင်သည့် ဖယ်ခုံ – မိုးဗြဲလမ်းနှင့် ဆီဆိုင် – လွိုင်လင်လေး – လွိုင်ကော်လမ်းတို့တွင် ကရင်နီပူးပေါင်းတပ်များက ၁ လေးလုံးစစ်ဆင်ရေးနှင့်အတူ နေရာအများစုကို ထိန်းချုပ်စိုးမိုးထားရာ စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ကို ကုန်းကြောင်းဖြင့် စစ်ကူမပို့နိုင်သည့် အနေအထားဖြစ်နေသည်။
လွိုင်လင်လေးမြို့၏ မြောက်ဘက်ရှိ ဆီဆိုင်မြို့ကို ကရင်နီပူးပေါင်းတပ်များ၏ မဟာမိတ်ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က စိုးမိုးထားသည်။
ကရင်နီတွင် တော်လှန်ရေးအင်အားစုများက နေရာအများစုကို ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီသည် ကရင်နီပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပင် မလုပ်နိုင်ချေ။
မတ်လ ၁၂ ရက်ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ပြည်နယ်နှင့်တိုင်း ၁၄ ခုအပါအဝင် နိုင်ငံခြားမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေသူများ၏ စာရင်းဖော်ပြထားသော်လည်း ကယားပြည်နယ်အတွက်မူ စာစစ်ဌာန မရှိဟု ဖော်ပြထားသည်။
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် နေရာများတွင် ကိုယ်ထူကိုယ်ထ အခြေခံပညာစာသင်ကျောင်းများနှင့် ဒီပလိုမာဘွဲ့ပေးသည့် ဂျူနီယာကောလိပ်တချို့ရှိပြီး ပညာသင်ကြားမှုဆက်ရှိနေသည်။
ဖားဆောင်းတွင် တိုက်ပွဲဆက်ဖြစ်နေသော်လည်း ကြားကာလကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ဒီးမော့ဆိုမြို့နယ်မှ မော်ချီးမြို့၊ မယ်စဲ့မြို့တို့အထိ ဖားဆောင်းမြို့ကို ရှောင်ကွင်းကာ အများပြည်သူအတွက် လိုင်းကားပြေးဆွဲပေးနေသည်။
ကားခမှာ ဒီးမော့ဆိုအနောက်ခြမ်းမှ မယ်စဲ့အထိ တစ်ဦးလျှင် ကျပ် ၃ သိန်းဖြစ်ပြီး ယာဉ်လိုင်းပြေးဆွဲပေးနေသည်မှာ ၁ လခန့်ကြာနေပြီဟု IEC ထံမှ သိရသည်။
ကယားပြည်နယ်အတွင်းရှိ မယ်စဲ့၊ ဘော်လခဲမြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီး၊ ဖာပွန်မြို့နယ်တို့သည် ဖာဆောင်း၏ အိမ်နီးချင်းမြို့နယ်များ ဖြစ်သည်။