သတင်း

ဘောလခဲမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ကရင်နီတော်လှန်ရေးအင်အားစု သိမ်းယူ

ဘောလခဲမြို့နယ် ရွာသစ်မြို့ရှိ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးအင်အားစု သိမ်းယူနိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် (KA) က ပြောသည်။ ရန်သူဝိုင်းနေသည့် စစ်တပ်က တိုက်ပွဲသတင်းကို အမှောင်ချထားသည်။

ကရင်နီပြည်၊ ဘောလခဲမြို့နယ် ရွာသစ်မြို့ရှိ ၁၂ မိုင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

အဆိုပါခြေကုပ်စခန်းကို KA, ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA)၊  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပါဝင်သည့် တပ်ပေါင်းစုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသည်၊ ၁ ဦးကို လက်ရဖမ်းဆီးနိုင်သည်၊ ဆုတ်ခွာထွက်ပြေးသွားနိုင်သူများလည်း ရှိသည်ဟု KPLA က သတင်းထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် ၈ လက် ၊ MA2 အမျိုးအစား သေနတ် ၁ လက် ၊ MA 3 အမျိုးအစားသေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ငါးကြင်းမြီး စက်လတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက် အပါအဝင် စုစုပေါင်း ၁၆ လက်နှင့် ခဲယမ်းမျိုးစုံကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီကမူ တိုက်ပွဲသတင်းကို အမှောင်ချထားသည်။

သိမ်းယူနိုင်ခဲ့သည့် ၁၂ မိုင်ကုန်းစခန်းသည် ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား၌ တည်ရှိသည့် စခန်းဖြစ်သည်။

ရွာသစ်မြို့တွင် ရှိခဲ့သော နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၅ သည်လည်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်း တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းသွားခဲ့သည်။

ယခုအခါ ရွာသစ်မြို့အတွင်း စစ်ကောင်စီခြေကုပ်စခန်းမရှိတော့ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

“ရွာသစ်မှာ စစ်ကောင်စီတပ် မရှိတော့ဘူးလို့ ပြောလို့ရသွားပါပြီ။ ဒါပေမဲ့ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေတော့ ရှိနိုင်သေးတယ်။ အခြေချစခန်းတော့ မရှိတော့ဘူးပေါ့”

ကရင်နီပြည်နှင့် ကရင်ပြည်နယ်ကြား ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နှင့် ရှားတောမြို့နယ်အတွင်းရှိ  ခြေကုပ်စခန်းများ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခံနေရခြင်းကြောင့် စစ်ကောင်စီက လိုအပ်သည့် စစ်ကူကို လေကြောင်းမှသာ သယ်ယူပို့ဆောင်နေရသည်။

နိုင်ငံအရှေ့ပိုင်း ကရင်နီပြည်နယ်အတွင်း ထိုသို့ တိုက်ခိုက်ခံနေရစဉ် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင်တပ် AA ၏ ထိုးစစ်ကို အကြီးအကျယ် ခံနေရသဖြင့် အထိနာလျက်ရှိသည်။

စစ်တပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘော ၃ စင်းကို နစ်မြုပ်အောင် AA က တိုက်ခိုက်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ သမိုင်းတွင် ပင်လယ်ပြင်ထက်တွင် အောင်ပွဲရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ပြီး ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို ရခိုင့်ပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်ဟု ဆိုသည်။

AA တိုက်ခိုက်လိုက်သည့် စစ်သင်္ဘောအမျိုးအစား၊ အရွယ်အစားကို မသိရသေးပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့တွင် အခြေစိုက်သော အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို တိုက်ခိုက်သိမ်းပိုက်ထားသည်ဟုလည်း ဖေဖော်ဝါရီ ၇ တွင် AA က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button