ကယား (ကရင်နီ) ပြည်နယ်မှ နယ်ခြားစောင့်တပ်ရင်းနှစ်ခုလုံးက စစ်ကောင်စီတပ်ကို ပုန်ကန်ပြီး ဒေသခံ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မယ်စဲ့မြို့နယ် စခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း ၂၀ ဝန်းကျင်အနက် ကရင်နီဒေသ တပ်ရင်းတို့က ပထမဆုံးအကြိမ် ဘက်ပြောင်းသွားခြင်း ဖြစ်သည်။
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ (KNPLF) တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့် တပ်ရင်းနှစ်ခုက ဇွန် ၁၃ မယ်စဲ့မြို့နယ်တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။
မယ်စဲ့မြို့နယ်၊ ပန်တိန်းမြို့အခြေစိုက် အမှတ် (၁၀၀၄) တပ်ရင်း၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့အခြေစိုက် အမှတ် (၁၀၀၅) တပ်ရင်းတို့ဖြစ်သည်ဟု ကလလတ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
“ကလလတ အဖွဲ့အစည်းရဲ့ သဘောထားနဲ့ပဲ နယ်ခြားတပ်ရင်း ၂ ခုလုံး ပါဝင်ခဲ့ကြပါတယ်” ဟု အဖွဲ့အစည်း၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် ၎င်း၏ အမည်နှင့် တာဝန်ကို ဖော်ပြလိုခြင်း မရှိသည့် အဆိုပါ ဗဟိုကော်မတီဝင်က ပြောသည်။
အမှတ် (၁၀၀၄) တပ်ရင်းကို တပ်မှူးရဲဒွေးက ဦးဆောင်ပြီး (၁၀၀၅) တပ်ရင်းကို တပ်မှူးစီမိုးနယ်က ဦးဆောင်ကြောင်း သိရသည်။
ဇွန် ၁၃ နံနက် ၅ နာရီမှ ၁၀ နာရီအတွင်း မယ်စဲ့မြို့မရဲစခန်း၊ မယ်စဲ့မြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်း တောင်လှကျေးရွာအနီးရှိ တောင်လှစခန်း၊ မယ်လနွယ်စခန်းနှင့် BP 14 (မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ၁၄) ရှိ စခန်းကုန်းတို့ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကလလတ တပ်ရင်း ၂ ခု ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များ တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ကြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် BP 14 စခန်းကို သိမ်းယူစဉ် စစ်ကောင်စီတပ်သားများ လက်နက်ချပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း ကလလတ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
“တိုက်တောင် မတိုက်လိုက်ရဘူး။ ၇ ယောက် ထိုင်းဘက်ကို ဒုက္ခသည်နဲ့ ရောပြီး ပြေးတယ်ပေါ့” ဟု အထက်ပါ ကလလတ တပ်ဖွဲ့ဝင်က ဆိုသည်။
ဘက်ပြောင်းလိုက်သည့် နယ်ခြားစောင့် တပ်ရင်းများတွင် ကလလတ တပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီဘက်က ၎င်း၏တပ်သားများကိုပါ အချိုးကျ ထည့်သွင်းဖွဲ့စည်းထားရာ စစ်ကောင်စီတပ်သားတချို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြောင်း ကလလတနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
အဆိုပါ တပ်ရင်း ၂ ခု၏ အင်အားအတိအကျ မသိရသေးပေ။
ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်လာသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲကာ ၂၀၀၂ ခုနှစ်တွင် ၎င်း၏တပ်တချို့ကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။
ထိုစဉ်က တပ်ရင်းတစ်ရင်းလျှင် အင်အား ၃၂၆ ဦးရှိကာ ကယား (ကရင်နီ) ပြည်နယ် မြို့နယ်အချို့တွင် လှုပ်ရှားလျက်ရှိပြီး သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မယ်စဲ့မြို့နယ် ဟိုစဲ့မြို့သစ်တွင် ဌာနချုပ် အခြေစိုက်သည်။
ကလလတအဖွဲ့သည် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်စွဲဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
တပ်ရင်းနှစ်ခု စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သည့် သတင်းနှင့် ပတ်သက်၍ သဘောထားမှတ်ချက် တောင်းခံရန် ကလလတ ပြန်ကြားရေးတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်အကြိုနေ့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သားများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်စဉ်က အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးလည်း ပစ်ခတ်သတ်ဖြတ်ခံထားရသည်။
ယခုလအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့်သည် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း အထက်ပါ ကလလတ တပ်ဖွဲ့ဝင် ရဲဘော်က ဆိုသည်။
“သံလွင်အရှေ့ဘက်ကို မကျော်လာဖို့ သူတို့ (စစ်ကောင်စီ) ကို ပြောပြထားတာပေါ့နော်။ သူတို့က စစ်ကြောင်းအလုံးအရင်းနဲ့ ထိုးလာတဲ့အတွက်ကြောင့် တန်ပြန်တိုက်စစ်ဆင်တာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ကလလတကို လက်တုံ့ပြန်
ဇွန် ၁၃ စခန်းသိမ်းတိုက်ပွဲတွင် အထိနာသော စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မယ်စဲ့မြို့နယ် ပန်တိန်းမြို့ရှိ အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်စခန်း၊ မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ဖားဆောင်း) အနီးရှိ ကျောက်ပိန်းညိုရွာနှင့် ဟိုစဲ့မြို့သစ်ရှိ ကလလတဌာနချုပ်တို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်က မယ်စဲ့မြို့ရှိ ဗျူဟာကုန်းတွင် ဆက်လက်နေရာယူထားသလို ပန်တိန်းမြို့ရှိ အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်စခန်းကိုလည်း လက်နက်ကြီး၊ လေတပ် ပစ်ကူသုံးကာ ပြန်လည်သိမ်းယူထားသည်။
မယ်စဲ့မြို့၌ တော်လှန်ရေးအင်အားစုများ ဆက်ရှိနေပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
အဆိုပါတိုက်ပွဲများကြောင့် မယ်စဲ့ဒေသခံများအပြင် မယ်စဲ့မြို့နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းများမှ လူဦးရေ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသူများထံမှ သိရသည်။
ထို ၅၀၀၀ ကျော်အနက် တိုက်ပွဲမဖြစ်ခင် BP 13 ဘက် ထွက်ပြေးလာသည့် ၃၀၀၀ ကျော်ကိုသာ ထိုင်းဘက်က လက်ခံပြီး တိုက်ပွဲဖြစ်ပြီးမှ ရောက်လာသည့် ၂၀၀၀ ကျော်ကို အဝင်မခံသဖြင့် BP 14 အနီး တောထဲတွင် ပိတ်မိနေကြောင်း သံလွင်အရှေ့ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။
“တောထဲမှာ ဖြစ်တဲ့အတွက် ကားလမ်း အခက်အခဲရှိတယ်၊ အခုက မိုးလည်း ရွာနေတော့ တောင်ကျချောင်းက ရေကြီးတော့ တော်ရုံတန်ရုံ ကားအသေးတွေ သွားလို့မရဘူး။ အစားအသောက်၊ အမိုးအကာ၊ ဆေးဝါး အရေးပေါ် လိုအပ်နေတယ်” ဟု ၎င်းက ဆိုသည်။
BP 13 ဘက်တွင် ထိုင်းအစိုးရက ကြည်ကြည်ဖြူဖြူ လက်ခံသော်လည်း အခက်အခဲများရှိနေသေးကြောင်း ထိုင်းနယ်စပ်တွင် ဒုက္ခသည်များကို ကူညီနေသူ အမျိုးသားတစ်ဦးက ဆိုသည်။
“စားရေးသောက်ရေးကတော့ တော်တော်အဆင်မပြေတာ တွေ့ရတယ်။ တချို့လူတွေ အများအားဖြင့် အိုးခွက်ပန်းကန်တွေ မပါကြဘူး။ အစားအသောက်ကတော့ အဆက်မပြတ် လာလှူနေတာတွေ့ပေမဲ့ လူတွေက အဆမတန် များပြားလွန်းတော့ မလောက်နိုင်ပါဘူး” ဟု သူက ထိုင်းဘက်ရောက်နေသည့် ဒုက္ခသည်များအခြေအနေကို ပြောပြသည်။
ဇွန်လ ၁၃ ရက်ကတည်းက ထွက်ပြေးလာသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင်များအတွက် ၄ ရက် ကြာသည်အထိ အိမ်သာ မဆောက်ရသေးသည်ကို တွေ့ခဲ့ရကြောင်း၊ လူဦးရေ ထူထပ်လာသည့် ထိုနေရာတွင် ငှက်ဖျား၊ ရာသီတုပ်ကွေးနှင့် ဝမ်းရောဂါများ ဖြစ်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။
မယ်စဲ့မြို့နယ်အပြင် ၎င်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ဖားဆောင်းမြို့တွင်လည်း တိုက်ပွဲများဖြစ်နေပြီး မြို့ခံများ စစ်ဘေးတိမ်းရှောင်နေရပြီး အရေအတွက်ကိုမူ မသိရသေးပေ။
၂၀၂၀ ခုနှစ် ထွေအုပ်စာရင်းများအရ မယ်စဲ့မြို့နယ်တွင် လူဦးရေ ၇၀၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်နိမိတ်ထိစပ်နေပြီး နယ်ခြားမှတ်တိုင် BP 13 မှ 16 အထိ ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



