သတင်း

တော်လှန်ရေးအင်အားစုများအတွက် RCSS တပ်ဖွဲ့ဝင်များ လက်နက်သယ်နေဟု စစ်ကောင်စီပြောကြား

လက်နက်များသယ်လာသော RCSS တပ်ဖွဲ့ဝင် ၅ ဦးကို နမ့်စန်မြို့နယ်တွင် ဖမ်းလိုက်သည်ဟု စစ်တပ်က သတင်းထုတ်ပြန်သည်၊ RCSS ကလည်း ထိုသူများမှာ ခွင့်ယူထားပြီး လက်နက် အရောင်းအဝယ် လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ကယားပြည်နယ်ရှိ တော်လှန်ရေးတပ်များအတွက် လက်နက်ခဲယမ်း သယ်ပို့ပေးရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ အောက်ခြေတပ်ဖွဲ့ဝင်များပါဝင်နေကြောင်း စစ်ကောင်စီက ဇူလိုင် ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

RCSS တပ်မဟာ ၇၉၅ မှ တပ်စုမှူးအဆင့်ရှိသူ စိုင်းနွံမိန်း၊ တပ်သားအဆင့်ရှိ စိုင်းဆု ၊ စိုင်းကောင် ၊ ဘိုဘိုဟန်၊ စိုင်းနွံလှိုင်းတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းကျေးရွာလမ်းခွဲ၌ လက်နက်ခဲယမ်းများနှင့် တကွ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုလက်နက်များမှာ ၄၀ မမ ဗုံးပစ်လောင်ချာ ပူးတွဲပါ ရိုင် ဖယ် ၅ လက် ၊ ၄၀ မမ ဆုံလည်ဗုံးပစ်လောင်ချာ ၅ လက် ၊ ၄၀ မမ ၁ လုံးထိုး ဗုံးပစ်လောင်ချာ ၅ လက်၊ ၇ ဒသမ ၆၂ ကျည် ၄၃၀၀၀ ကျော်နှင့် ၄၀ မမ ဗုံးသီး ၄၅၀ တို့ ဖြစ်သည်ဟု ဆိုသည်။

 ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်တိုင်းလျန်တွင် ဌာနချုပ်ဖွင့်ထားပြီး အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် RCSS ဘက်ကလည်း စစ်ကောင်စီတပ် ဖမ်းဆီးလိုက်သူများမှာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ တပ်မှ ခွင့်ယူထားကြကာ ၎င်းတို့၏ သဘောဆန္ဒအရ လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ထိုနေ့တွင်ပင် သတင်းထုတ်ပြန်သည်။

နမ့်စန်မြို့နယ်  လက်နက်သိမ်းဆည်းရမှုအပေါ် RCSS ၏ ထုတ်ပြန်ချက်

၎င်းတို့သည် မိတ်ဆွေအပေါင်းအသင်းများနှင့် ပူးပေါင်း၍ ၎င်းတို့၏ သဘောဆန္ဒအရ လက်နက်ခဲယမ်း ရောင်းဝယ်နေခြင်းဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရားမဝင်လက်နက်ခဲယမ်း ရောင်းဝယ်ခြင်းကို တင်းကျပ်စွာတားမြစ်ထားပြီး တပ်ဖွဲ့ဝင်များ ထိုသို့ မလုပ်ဆောင်ရန် စည်းကမ်းချထားသည်ဟုလည်း RCSS အရာရှိတစ်ဦးက ပြောသည်။

“ဒီလိုဖြစ်စဥ်မျိုး အရင်က မရှိခဲ့ဖူးဘူး။ လက်နက်နဲ့ပတ်သက်တဲ့ တင်းကျပ် တဲ့ စည်းမျဥ်း စည်းကမ်းတွေကို ပြန်လည်အသိပေးတဲ့အနေနဲ့ ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်” ဟု RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက Myanmar Now ကို ယနေ့ ပြောသည်။

စစ်ကောင်စီတပ်၏ ထုတ်ပြန်ချက်တွင် လက်နက်များမှာ  ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တပ်ဖွဲ့ဝင်တစ်ဦးထံမှ ရယူခဲ့ခြင်း ဖြစ်သည်၊  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ် (KNLA)  ထံ ပို့ပေးရန် သယ်လာစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း  စွပ်စွဲထားသည်။

စစ်တပ်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး   KNDF ဥက္ကဋ္ဌ ခွန်းဘီထူးကို Myanmar Now က မေးမြန်းရာ ၎င်းက လတ်တလောတွင် ဖြေကြားရန်မရှိသေးဟု အကြောင်းပြန်သည်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်ကို Myanmar Now က အွန်လိုင်းမှတဆင့် မေးမြန်းထားသော်လည်းယခုသတင်း ရေးသားချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကိုလက်နက်ကိုင် ဆန့်ကျင်သည့် နွေဦးတော်လှန် ရေးစတင်ပြီးကတည်းက လက်နက်ခဲယမ်းအမြောက်အမြား ၃ ကြိမ်ထက်မနည်း စစ်ကောင်စီဘက်က သိမ်းဆည်းရ မိသည့် ဒေသလည်းဖြစ်သည်။

နမ့်စန်မြို့နယ် တွင် စစ်ကောင်စီ ဖမ်းဆီးရမိသည့်လက်နက်များ

၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က  ဗထူးတပ်မြို့၊ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်၌ Type-81 ရိုင်ဖယ် အလက် ၅၀ နှင့် ခဲယမ်းများ ဖမ်းမိသည်။ 

ထိုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က ဟိုပုံးမြို့နယ်မြောက်ဘက်၌ Type-81 ရိုင်ဖယ် ၄၉၉လက်နှင့်  ခဲယမ်းများ ဖမ်းမိသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ပင်လုံမြို့ ၊ ပန်မုန့်ကျေးရွာတွင် သိမ်းဆည်းထားသော RPG ဒုံးပစ် လောင်ချာ ၁၂ လက်၊ တရုတ်ထုတ် စက်သေနတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး  ဖမ်းမိသည်။ 

 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်က ဟိုပုံးမြို့နယ် စံဖူးရွာအနီးတွင် PNLA သယ်လာသည့် Type-81 ရိုင်ဖယ်အလက် ၅၀၀ ကျော် နှင့် ခဲယမ်းများ တင်ဆောင်လာသည့် ယာဉ်တန်းကို  စစ်ကောင်စီတပ် နှင့် PNA ပအိုဝ်းပြည်သူ့စစ်က ဟန့်တားထားစဉ်   PNLA တပ်ဖွဲ့ဝင်များက လက်နက်များကို     မီးရှို့ဖျက်ဆီးလိုက်သည်။ 

ထိုဖြစ်စဉ်ဖြစ်ပြီးနောက်တွင် PNLA သည်လည်း ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးတွင် အတိအလင်းပူးပေါင်းပါဝင်လာသည်။

Show More

Related Articles

Back to top button