
စက်တင်ဘာ ၄ ရက်နေ့က တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင်ရောက်ရှိနေချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက Myanmar Now ကို ပြောသည်။
လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
“ကျွန်တော်တို့ အခုပစ်ခတ်မှုက သူတို့ရှိတဲ့နေရာတွေကို ပစ်ခတ်တာဖြစ်လို့ ခြိမ်းခြောက်မှုပေးနိုင်တာတော့ သေချာပါတယ်။ အထိအခိုက်တွေအားလုံးကတော့ အသေးစိတ်ကတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းစာက ယနေ့ (စက်တင်ဘာ ၅) တွင် ဖော်ပြသည်။
ထိုသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီကလည်း အလားတူ ပြန်လည် တုံ့ပြန်သည့်အပြင် ယနေ့ (စက်တင်ဘာ ၅) နံနက်ပိုင်းတွင် ဒီမောဆိုမြို့၊ နမ့်မယ်ခုံမြို့များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ဖျက်အားပြင်းဗုံးများ သုံးခဲ့သည်ဟု သိရသည်။
ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြီး အာဏာသိမ်းသည့် စစ်တပ်က လမ်းပေါ်ထွက်ကန့်ကွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှာ နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
စစ်ခေါင်းဆောင်သည် တိုက်ပွဲနှင့် နီးကပ်သည့် နေရာကို ယခင်က သွားရောက်ခဲ့ခြင်း မရှိပေ။
ဒေသတွင်း တော်လှန်ရေးအင်အားစု အသစ်ရင်ဆိုင်နေရသည်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်လာသည် စစ်ကောင်စီစစ်ကြောင်း ဖြစ်သည်၊ ၎င်းတို့ ကြေညာထားသည့် အစီအစဉ်များအတွက် လိုက်လံပြောဆိုလိုသည့်အတွက် လွိုင်ကော်သို့ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ယူဆသည်။
“စစ်ရေးက ကွက်တိကွက်ကျားတော့ဖြစ်တယ်။ အကြီးအကျယ်တော့ မဖြစ်သေးဘူး။
ဆီဆိုင်မြို့ဘက်ဝင်လာတဲ့ စစ်ကြောင်းရှိတယ်။ (သူ့ခရီးစဉ်က) သူတို့အတွက် အရေးကြီးတာ သန်းခေါင်စာရင်းကောက်ဖို့နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အဲ့လိုပဲ ကျွန်တော်သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။
KNDF ဒု စစ်ဦးစီးချုပ်မာဝီက စစ်ကောင်စီ၏ သန်းခေါင်းစာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲကျင်းပမည့် ရည်ရွယ်ချက်များမှာ စိတ်ကူးယဉ်မှုသာဖြစ်ပြီး တော်လှန်ရေးအင်အားစုက စစ်ရေးအရရင်ဆိုင်ရန်သာ ပြင်ဆင်ထားသည်ဟု ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေမှာ ပြည်သူရှိရှိ၊ ဘယ်သူပဲရှိရှိ၊ သုံးနှစ်လုံးလုံး လက်နက်ကြီးတွေပစ်၊ ဗုံးကြဲ လုပ်ခဲ့ပြီးပြီလေ၊ ကျွန်တော်တို့ ဘာတွေမျှော်လင့်နေစရာ ရှိသေးလို့လဲ။ ဘာမှလဲတွေးပြီးကြောက်နေမှာမဟုတ်သလို၊ ဘာမှလဲ တုန်လှုပ်နေမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းခေါင်းဆောင်သည် စက်တင်ဘာ ၄ က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရှိနေရာမှ လွိုင်ကော်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ဆီဆိုင်မြို့သို့ သွားခဲ့သည်။
တော်လှန်ရေး ပူးပေါင်းတပ်က လွိုင်ကော်မြို့ရပ်ကွက်အများစုကို ၈ လကြာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့် ၂၀၂၄ ဇွန်လတွင် ပြန်လည် လက်လွှတ်လိုက်ရသည်။
သို့သော် လွိုင်ကော်မြို့အနီးတစ်ဝိုက်နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေဆဲ ဖြစ်သည်။