ဆောင်းပါး

စစ်အုပ်ချုပ်ရေးအောက် ကျီးလန့်စာစားနေရသည့် လွိုင်ကော်

ထိုင်းနှင့် နယ်နိမိတ်စပ်နေသည့် မြန်မာပြည်အရှေ့ပိုင်း၊ ကယား (ကရင်နီ) ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ် ရပ်ကွက်တစ်ခုတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကြောင့် ဒေါ်ခိုင်ခိုင်*က သူ၏ နှစ်ထပ်အိမ် အပေါ်ထပ် ပြတင်းပေါက်များတွင် တပ်ထားသည့် ခန်းဆီးစကို ပို၍ထူသည့် ပိတ်စဖြင့် အစားထိုးထားရသည်။ ညအိပ်မီးကို မှိန်မှိန်လေးသာ ထွန်းရဲတော့သည်။

လွိုင်ကော်မြို့၌ ကုန်ခဲ့သည့်နှစ် ဒီဇင်ဘာလလယ် အေးချမ်းလှသည့် ဆောင်းညတစ်ညတွင် မီးရောင်တွေ့သည်ဆိုသော အကြောင်းပြချက်ဖြင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီက သေနတ်ဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခဲ့သည်ဆိုသော သတင်းများမှာ မြန်မာပြည်၏ ပထမဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အဓိကအရင်းအမြစ်ဖြစ်သည့် ဘီလူးချောင်း ဖြတ်သန်းစီးဆင်းနေသော လွိုင်ကော်မြို့တွင် ပျံ့နှံ့နေသည်။

မြို့ဧရိယာစတုရန်း ၁၀ မိုင်ကျော်သာရှိသော လွိုင်ကော်မြို့လယ် စျေးပိုင်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင် သေနတ်ဖြင့် အပစ်ခံရသည့် အထက်ပါဖြစ်စဉ်ကို အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်တလင်းဖြစ်ခဲ့ဖူးသည့်၊ လုံခြုံရေးအခြေအနေ ဆိုးရွားမှုကို ကြုံတွေ့နေရသည့် မည်သည့်ဒေသခံကမျှ တိပစွာ ထုတ်မပြောရဲကြ။

ညဘက် မီးလင်းနေသည်ဟုဆိုကာ ထိုစားသောက်ဆိုင်ကို စစ်ကောင်စီက ရမ်းသန်းပစ်ခတ်သည်၊ ဆိုင်မှ လူနှစ်ဦးကို ဖမ်းခေါ်ပြီး နောက်တစ်ရက် နံနက်မှ ပြန်လွှတ်ပေးခဲ့သည် စသဖြင့် တီးတိုးစကားသာ ဒေသခံတို့ထံမှ ကြားရသည်။

ထို့အတူ စစ်မပြေးဘဲ မြို့တွင်း ကျန်နေသည့်၊ ၂၀၂၂ တိုက်ပွဲပြင်းထန်ချိန်တွင် ရှောင်ပြေးပြီး နေရပ်သို့ ပြန်ရောက်လာသည့် ဒေသခံတို့မှာ မီးရောင်မြင်၍ သေနတ်ဖြင့် ပစ်ခံရသည့် အထက်ပါကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့တို့၏ မထင်လျှင် မထင်သလို ဒုက္ခပေးမှု၊ လမ်းပေါ်၊ နေအိမ် နေရာမရွေး၊ အချိန်မရွေး တားဆီး စစ်ဆေးမှုတို့ဖြင့် ရင်ဆိုင်နေရသည်ဟု ထိုသူတို့ထံမှ သိရသည်။

ထိုအထဲတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ အခြေခံပညာသင်ကျောင်းဆရာမတာဝန်မှ နုတ်ထွက် (CDM) ခဲ့သူ ဒေါ်ခိုင်ခိုင်လည်း ပါသည်။ သို့သော် စစ်ကောင်စီ ရန်ရှာမည်စိုး၍ အသေးစိတ်ကိုမူ ထို CDM ဆရာမက မပြောပေ။

လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေမှာ မကြုံစဖူး လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ်ကောင်းသည်ဟု အသက် ၅၀ အရွယ် လွိုင်ကော်သူ ဒေါ်ခိုင်ခိုင်က ဖွင့်ဟသည်။

“ကိုယ့်အိမ်ပေါ်ကိုပဲ လက်နက်ကြီး ဘယ်အချိန်ကျမလဲ၊ သေနတ်နဲ့ မှားပစ်မယ့်အခြေအနေ ကိုယ့်အိမ်ပေါ်ကိုပဲ ရောက်လာမလား။ အမြဲတမ်းထိတ်လန့်နေရတယ်”။ CDM ဆရာမဖြစ်၍ အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ကိုလည်း ဒေါ်ခိုင်ခိုင်က စိုးရိမ်နေရသေးသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၂ အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Kaung Zaw Hein/ Getty Images

ပြီးခဲ့သည့်နှစ် အစပိုင်းတွင်မှ တော်လှန်ရေးအဖွဲ့တို့ လက်ထဲရောက်လုနီးနီး ၎င်းတို့ရုံးစိုက်ရာ လွိုင်ကော်မြို့ကို ပြန်ရရန် စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းထားခဲ့ရသည်။ ထို့နောက်တွင် မြို့ပေါ်လုံခြုံရေးကို အကြီးအကျယ် ဦးစားပေးထားသည်။ ည ၉ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒီးမောဆိုမြို့နယ်အစပ် လွိုင်ကော်မြို့တောင်ဘက် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း ရပ်ကွက်များသို့ တော်လှန်ရေးအဖွဲ့များ ဝင်ရောက်လာသလို အနောက်ဘက် ဒေါဥခူရပ်ကွက်ရှိ အကျဉ်းထောင်နှင့် ခရိုင်ရဲရုံးတို့ တိုက်ခိုက်ခံခဲ့ရသည်။ ထို့ပြင် မြို့လယ်နှင့် နီးသည့် မင်္ဂလာရပ်ကွက်အထိ တော်လှန်ရေးအဖွဲ့တို့ ရောက်လာ၍ စစ်ကောင်စီမှာ လေကြောင်းပါသုံး၍ ပစ်ခတ်ရသည့် အခြေအနေသို့ ရောက်ခဲ့ရသည်။

လွိုင်ကော်မြို့ပေါ်တိုက်ပွဲများ တစ်လကျော်ကြာလာချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ခဲယမ်းမလုံလောက်မှုတို့ကြောင့် ကရင်နီဒေသ တော်လှန်ရေးအဖွဲ့များ မြို့မှ ပြန်ဆုတ်ခဲ့ရသည်။ ထို့နောက်တွင် လွိုင်ကော်မြို့ အချက်အချာကျသည့် နေရာများတွင် စစ်ကောင်စီက ဘန်ကာများ၊ စခန်းများ ဆောက်ထားသည်ဟု ဒေသခံနှင့် တော်လှန်ရေးဆိုင်ရာ သတင်းရင်းမြစ်တို့က ပြောသည်။

“ပြည်နယ်ရဲ့မြို့တော် (လွိုင်ကော်ကို) သူတို့လက်ထဲမှာ ရှိတယ်။ သူတို့ထိန်းသိမ်းထားနိုင်တယ်ဆိုတဲ့ ဂုဏ်ပုဒ်မျိုးကို လိုချင်တာ ဖြစ်တယ်” ဟု အာဏာသိမ်းပြီး သုံးလကျော်အကြာ ၂၀၂၁ မေတွင် စတင်ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့နယ်တွင် လူဦးရေ ၁၃၀,၀၀၀ ခန့်ရှိပြီး မြို့ပြတွင်နေထိုင်သူ ၅၂,၀၀၀ ခန့်ရှိသည်။ ယမန်နှစ်က လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး ငါးရက်အတွင်း ထက်ဝက်မကသော မြို့နေလူထုမှာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ရန်ကုန်မြို့များသို့ ရွှေ့ခဲ့ရပြီး အချို့မှာ နေရပ်သို့ ပြန်ရောက်နေကြပြီ။ မြို့ပေါ်တွင် လူဦးရေမည်မျှရှိနေသည်၊ ကျောင်းမည်မျှဖွင့်နေသည် စသဖြင့် စာရင်းအတိအကျကိုမူ အတည်မပြုနိုင်ပါ။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ဒေသန္တရတည်ရှိပုံနှင့် မြို့အချက်အလက်။

အာဏာသိမ်းပြီး နှစ်နှစ်ကြာသည်အထိ မြို့နယ် ၇ ခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်အတွင်း မြို့တော်အခြေစိုက်ရာ ရပ်ကွက် ၁၉ ခု၊ ကျေးရွာ ၁၂၂ ခုရှိ လွိုင်ကော်မြို့နယ်အတွင်း၌ပင် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားသည့် ဒေသမှာ လွိုင်ကော်မြို့ တစ်ခုတည်းသာရှိသည်။ လွိုင်ကော်မြို့ နေရာအနှံ့တွင် စစ်ကောင်စီက တပ်ဖွဲ့များချထားသည်။

လွိုင်ကော်မြို့ပတ်ပတ်လည်ရွာများသည် စစ်ကောင်စီထိန်းချုပ်မှုအောက် အပြည့်အဝမရှိတော့သလို လွိုင်ကော်မြို့တောင်ဘက် ပန်ကန်းရပ်ကွက်နှင့် ထိစပ်နေသည့် ဒီးမော့ဆိုမြို့နယ်ဧရိယာသည် အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန်အထိ စစ်မြေပြင်အတိဖြစ်နေသည်။ လွိုင်ကော်မြို့နယ်နှင့် ထိစပ်နေသည့် အခြားအရပ်မျက်နှာများတွင်ရှိသည့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ၊ ကယားပြည်နယ် ရှားတောမြို့နယ်တို့တွင်လည်း ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များ၏ ခုခံမှုများကို စစ်ကောင်စီက မကြာခဏရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် မေလတွင် ကယား (ကရင်နီ) ပြည်နယ်နှင့် ရှမ်း-ကယားနယ်စပ်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် ကရင်နီပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး စတင်သည်။ ပွဲဦးထွက် တိုက်ပွဲစခဲ့သည့် ဒီးမော့ဆိုတစ်မြို့နယ်လုံးတွင် စစ်အုပ်ချုပ်ရေးယန္တရား ပျက်ပြားခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်သည်။ ဒီးမော့ဆိုနှင့် ကပ်လျက် ဖရူဆိုမြို့နယ်တွင်လည်း မရှေးမနှောင်းပင်။

မြို့တော်လွိုင်ကော် အပါအဝင် ရှားတော၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စသည့်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျန်နေရာများကို ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော် (KA) နှင့် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF)၊ အခြားဒေသခံကာကွယ်ရေးတပ်များက ယနေ့တိုင် ထိန်းချုပ်ထားသည်။

“မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ သူတို့ (စစ်ကောင်စီ) ထိန်းချုပ်ထားနိုင်တယ်။ သူတို့တပ်တွေ အခိုင်အမာရှိတဲ့ မြို့ပရိဝုဏ် ပတ်ဝန်းကျင်လောက်ပဲ ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါပေမဲ့ ဒီးမော့ဆိုတို့ ဖရူဆိုတို့ဆိုရင် အုပ်ချုပ်ရေးယန္တရားတွေက မရှိတော့သလောက်ဖြစ်ပါတယ်” ဟု အာဏာသိမ်းပြီး သုံးလကျော်အကြာ ၂၀၂၁ မေတွင် စတင်ဖွဲ့စည်းခဲ့သည့် KNDF ဗဟို ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ရင်းနှင့် ကင်းပုန်းများရှိသည့် ဒီးမော့ဆိုနှင့် ဖရူဆို မြို့ပေါ်ရပ်ကွက်များသည် ယနေ့တိုင် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိပြီး စစ်ကောင်စီတပ်သားများမှလွဲ၍ ဒေသခံဟူ၍ မရှိတော့ချေ။

ကယား (ကရင်နီ) ပြည်နယ်အနီး တော်လှန်ရေးအဖွဲ့ဝင်များကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ မောက်ခမ်းဝါ

လွိုင်ကော်မြို့တောင်ဘက် ဒီးမော့ဆိုသည် စစ်မြေပြင်လုံးလုံးဖြစ်နေပြီး မြို့၏အရှေ့ဘက် လွိုင်ကော်-ရှားတောလမ်းတွင်လည်း ရွာခံများ ထွက်ပြေးတိမ်းရှောင်ကုန်ပြီဖြစ်သည်။ ထိုနည်းတူ မြို့နှင့် ခပ်လှမ်းလှမ်း အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများသည်လည်း ချုံနွယ်ပိတ်ပေါင်းဖြင့် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။

ဒီးမော့ဆိုမြို့နယ်သည် တိုက်ပွဲအများဆုံးဖြစ်ပြီး ထိုမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံသည့်ကျေးရွာများသည် စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကို ခံရသည်။ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့သည်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လေ့ရှိသည်။

လွိုင်ကော်မြို့နယ်သည်လည်း မြို့ပေါ်မှလွဲ၍ ကျေးရွာဒေသများသည် တိုက်ပွဲဖြစ်ပွားသည့် ပဋိပက္ခနယ်မြေများဖြစ်သည်။ ဖရူဆိုမြို့နယ်တွင်မူ စစ်ကောင်စီ၏ တပ်ရင်းတပ်စခန်းများ စစ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

ဖရူဆိုမြို့နယ်နှင့် ထိစပ်နေသည့် ဘောလခဲမြို့နယ်အစိတ်အပိုင်းတချို့တွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်လေ့ရှိပြီး ဘောလခဲမြို့ပေါ်အထိ ကရင်နီတပ်များ၏ ပြောက်ကျားတိုက်ခိုက်ခံရဖူးသည်။ ရှားတောမြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းများလည်း တိုက်ခိုက်ခံရသည်။

ထိုအခြေအနေတွင် ဧရိယာစတုရန်းမိုင် ၁၀ မိုင်ကျော်သာရှိသည့် လွိုင်ကော်မြို့ကိုသာ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။

က​ယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – Ye Aung Thu/ Getty Images

မြို့မျက်နှာဖုံးများစွန့်ခွာ

ယမန်နှစ် ဇန်နဝါရီက တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် လွိုင်ကော်မြို့၏ မြို့မျက်နှာဖုံးဟု ဆိုသည့် ထိပ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်များ တစ်နည်းအားဖြင့် ခရိုနီများ မြို့ကို စွန့်ခွာလာကြသည်ဟု မြို့ခံများက ဆိုသည်။

လုပ်ငန်းရှင်များကို စစ်ကောင်စီဘက်က ပြန်ပေးဆွဲ ငွေညှစ်သည့် သတင်းများ နီးစပ်သူများထံမှ ကြားရသလို စီးပွားရေးမကောင်းသဖြင့် အခြားဒေသများ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ပြောင်းရွှေ့ကာ စီးပွားရေးလုပ်ကိုင်ခြင်းဖြစ်ကြောင်း အချို့ကလည်း ပြောသည်။

ပြီးခဲ့သည့်နှစ်က စီးပွားရေးလုပ်ငန်းရှင်အချို့ အဖမ်းခံရပြီး ငွေကျပ် သိန်းရာချီပေး၍ ပြန်ရွေးခဲ့ရသည့် သတင်းများကို နီးစပ်သူထံမှ ကြားရကြောင်း မြို့ခံ အသက် ၅၀ အရွယ် ဒေါ်လေးလေး* က ဆိုသည်။

“ဒါကတော့ လေးငါးအိမ်လောက် ရှိတယ်။ ပြန်ရောက်ပြီးရင် မသိချင်ယောင်ဆောင်ပြီးတော့ (စစ်ကောင်စီ ငွေညှစ်တဲ့ အကြောင်း) ဘယ်သူနဲ့မှ စကားမပြောရဲတော့ဘူး။ အမေးမခံရဲဘူးပေါ့နော်။ နီးစပ်တဲ့သူတွေကတော့ ပြောပေမဲ့ သူတို့ကတော့ မပြောရဲဘူး” ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ်က အသန့်ရှင်းဆုံးအာဆီယံစံပြမြို့ဆုရ ခရီးသွားမြို့တော် လွိုင်ကော်တွင် ဟိုတယ်အများစု ပိတ်ထားရသည်။

ယမန်နှစ်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ဒေါဥခူရပ်ကွက်ရှိ Loikaw Princess Motel ကို ငွေကျပ် သိန်း ၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုဟိုတယ်မှာ ပိတ်ထားလျက်သာရှိသည်။ Loikaw Princess Motel ကို ဆေးရုံ၊ ဆေးခန်းလုပ်ငန်းစုတစ်ခုက ဝယ်ယူထားသည်ဟု သိရသော်လည်း အသေးစိတ်ကို သီးခြားအတည်မပြုနိုင်ပါ။

ထို့အတူ ဒေါဥခူရပ်ကွက်တွင်ပင်ရှိသည့် Amazing Box Hostel နှင့် Amazing Bar ကလည်း မြေနှင့်အဆောက်အအုံကို ငွေကျပ် သိန်း ၈၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

လက်ရှိတွင် လွိုင်ကော်မြို့ပေါ်၌ ကုလသမဂ္ဂအဖွဲ့အစည်းဝန်ထမ်းများ တည်းခိုရန် ချိတ်ဆက်ထားသည့် ဟိုတယ်အချို့မှလွဲ၍ အခြားဟိုတယ်များတွင် ဧည့်သည်မရှိ၊ ဖွင့်လှစ်ခြင်းလည်း မရှိဟု ဒေသခံတို့က ပြောသည်။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ နာမည်ကျော် နောင်ယားဈေးကို ၂၀၁၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

လွိုင်ကော်ရှိ တောင်ကွဲစေတီ၊ ပြတိုက်၊ ခရစ်ယာန်ဘုရားကျောင်း၊ နောင်ယားကန်၊ သီရိမင်္ဂလာ ခေါ် တောင်ဈေး၊ နောင်ယားငါးရက်တစ်ဈေးတို့သည် ပြည်တွင်းပြည်ပ ဧည့်သည်များအကြား ကျော်ကြားသည်။

လွိုင်ကော်မြို့ပတ်ဝန်းကျင်ရှိ လောပိတရေတံခွန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ထီးစဲခါးရေတံခွန်၊ ကျတ်ဂူ၊ ဒီးမော့ဆိုမြို့နယ်ရှိ ကန် ၇ ဆင့်၊ ထီးပွင့်ကန်၊ ငွေတောင်ဆည်နှင့် ဒီးမော့ဆိုဈေးတို့ကို ခရီးသွားများ နှစ်ခြိုက်လေ့ရှိသည်။ ယခုမူ လွိုင်ကော်သည် တိတ်ဆိတ်ခြောက်ကပ်နေပြီ။

“တအားနဲ့ စီးပွားတွေပျက်တယ်။ သူဌေးလည်း ပျက်တယ်။ သာမန်လူတန်းစားလည်း အလုပ်အကိုင်မရှိ။ ဆိုတော့ သူမရှိ ကိုယ်မရှိနဲ့ အချင်းချင်း ရိုင်းပင်းကူညီဖို့တောင် တော်တော်ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်နေတယ်ပေါ့နော်” ဟု ကိုယ်တိုင်စားသောက်ဆိုင်ဖွင့်ထားသည့် ဒေါ်လေးလေးက ပြောသည်။

“ရောင်းမ​ကောင်းဘူး။ ကြားရက်​တွေမှာလည်း ပါးတယ်။ အလုပ်အကိုင်​တွေလည်း ရှားလာ​တော့ သူလည်း စား​သောက်ဆိုင်ဖွင့်၊ ငါလည်း စား​သောက်ဆိုင်ဖွင့်နဲ့ ဝယ်စားတဲ့သူက သိပ်မရှိဘူး​။ ရောင်းသမားချည်း ဖြစ်​နေတာ” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဆန်၊ ဆေးဝါးပစ္စည်းနှင့် စက်သုံးဆီများကို စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ကယားပြည်နယ်အတွင်း သယ်ယူခွင့်မရှိသလို ပြန်လည်ရောင်းချခွင့်လည်း မရှိချေ။ တင်သွင်းနိုင်ရန် စာရွက်စာတမ်းကိစ္စများကို စစ်ကောင်စီထံ ခက်ခက်ခဲခဲ လုပ်ပြီးမှ ထိုပစ္စည်းများကို တင်သွင်းခွင့် ရောင်းချခွင့်ရှိသည်။

အထူးသဖြင့် ခွဲစိတ်ခန်းသုံးပစ္စည်းများကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနကသာ တင်သွင်းခွင့်ရှိသည်။

“ကိုယ့်ဘဝ အသက်ရှင်နေသရွေ့ လတ်တလောစားဖို့ ဝမ်းစာလေးတွေကို ရှာဖွေပြီး ရုန်းကန်နေကြတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် ကျမတို့လည်း ကိုယ့်စိတ်ကိုယ် အမြဲတမ်း counselling (နှစ်သိမ့်) ပေးနေရတယ်။ ကျမတို့ထက် အခြေအနေဆိုးတဲ့ စစ်ရှောင်ပြည်သူတွေကို ဝေမျှပေးနေရတယ်” ဟု ဒေါ်လေးလေးက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုဒေသခံများ ၂၀၂၂ နှစ်ဆန်းပိုင်းက စစ်ဘေးရှောင်နေကြစဉ်။ ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now

လွိုင်ကော်မြို့အဝင်အထွက် အိမ်စီးကားများ၊ ကုန်တင်ခရီးသည်တင်ကားများကို တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို စစ်ဆေးပြီးမှ ထွက်ခွင့်ပြုသည်။ အခန့်မသင့်လျှင် အဖမ်းခံရနိုင်သည်။ ပစ္စည်းများ အသိမ်းခံရနိုင်သည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ၏ စာရင်းများအရ ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် ၂ သိန်းကျော်ရှိပြီး INGO များအနေဖြင့် လွိုင်ကော်မြို့ပြင်ပသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပို့ဆောင်ခွင့်မရှိပေ။

“သူတို့ခွင့်ပြုချက်မရှိဘူးဆိုရင် ကြက်ဥတစ်လုံးတောင် သယ်လို့မရဘူး” ဟု အသက် ၂၈ နှစ်အရွယ် လွိုင်ကော်မြို့ခံ ကိုနိုင်*က ပြောသည်။ သူက လွန်ခဲ့သည့် နှစ်နှစ် အာဏာမသိမ်းမီက လွိုင်ကော်တက္ကသိုလ်အနီးရှိ ကျောင်းသားသမဂ္ဂရုံးတွင် ကုန်ဆုံးခဲ့သည့် အချိန်များကို ပြန်လည်တမ်းတနေသည်။

“ခေတ်ကောင်းတုန်းကဆိုရင်တော့ ကျောင်းသား (သမဂ္ဂ) ရုံးမှာ ညဆိုရင် စားသောက်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောကြတယ်။ ကွန်မြူနစ်အကြောင်းလား ဘာအကြောင်း ညာအကြောင်းတွေ ပြောကြတယ်။ ဒေသအခြေအနေတွေ ပြောကြတယ်”။

စစ်အာဏာမသိမ်းခင်က မြို့၏ အဓိကအပန်းဖြေနေရာများဖြစ်သည့် နောင်ယားကန်နှင့် ထေးငှားလျားကန်အနီးတွင် နံနက်ခင်း လမ်းလျှောက်ကြသည့် လူငယ်များ၊ စုံတွဲများဖြင့် စည်ကားနေသလို ညနေဘက်တွင်လည်း ဂီတာတီး သီချင်းဆိုကြသည့် လူငယ်များ အုပ်စုလိုက် တွေ့ရလေ့ရှိသည်။

ညဘက်တွင် အရက်ဘားများ၌ စည်ကားနေတတ်ပြီး ဖူဆယ်ကွင်းတွင် ဘောလုံးကန်ရန် သုံးရက်ခန့် ကြိုတင် ရက်ချိန်းယူရသည်။ ယခုတွင်မူ နောင်ယားကန်နှင့် ထေးငှားလျားကန်တွင် အသက် ၄၀ ကျော် လူလတ်ပိုင်းများနှင့် သက်ကြီးပိုင်းများသာ တွေ့ရပြီး အပေါင်းအသင်းများနှင့် ဘောလုံးကန်နေကျ ဖူဆယ်ကွင်းကိုလည်း ကိုနိုင် ခြေဦးမလှည့်ဖြစ်တော့။ အထီးကျန် အဖော်မဲ့လျက်ရှိသည်။

ကိုနိုင့်မိတ်ဆွေ၊ သူငယ်ချင်းအများစုမှာ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ကြပြီး လွိုင်ကော်မြို့တွင် အသက် ၁၆ နှစ်နှင့် ၃၀ ကြား လူငယ် ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့ကြောင်း သူက ခန့်မှန်းသည်။

“အခု နွေဦး (တော်လှန်ရေး) မှာ ပေါက်ဖွားလာတဲ့ အုပ်စုထဲမှာ အကုန်လုံးရောက်ကုန်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အများအားဖြင့် KNDF ထဲ ရောက်သွားတယ်။ PDF ထဲလည်း ရောက်သွားတယ်” ဟု ကိုနိုင်က ပြောသည်။

နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများနှင့် မြို့ကြီးများသို့ ပြောင်းရွှေ့အလုပ်လုပ်သည့် လူငယ်များမှာ အနည်းစုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။ တက္ကသိုလ်များတွင်လည်း စစ်ကောင်စီနှင့် နီးစပ်သူအချို့သာ ကျောင်းတက်ရောက်နေကြောင်း၊ လွိုင်ကော်တက္ကသိုလ်တွင် ကျောင်းသား ၁၀၀ ခန့်ရှိကြောင်း သိရသည်။ 

ည ၉ နာရီ နံနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည့် လွိုင်ကော်မြို့၏ နံနက်ခင်းဈေးတွင် ဝမ်းစာရှာဖွေ ရောင်းဝယ်ကြသူများ ပုံမှန်သွားလာနေကြသည်။

သို့သော် မွန်းလွဲ ၃ နာရီခန့်မှစ၍ လူရှင်းစပြုပြီ၊ ညနေ ငါးနာရီခန့်တွင် စားသောက်ဆိုင်များ ပိတ်သိမ်းပြီ၊ ၆ နာရီထိုးလျှင်မူ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိဘဲ တိတ်ဆိတ်သွားတော့သည်။

“ဒီပုံစံဆိုရင်တော့ မလွယ်ဘူး။ အရင်လို ပြန်ဖြစ်ဖို့က နှစ်နဲ့ချီမယ် ထင်တယ်။ တော်လှန်ရေးအောင်မှပဲ ပြန်အဆင်ပြေမှာပဲ” ဟု ကိုနိုင်က ပြောသည်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ကြုံသလိုနေထိုင်ကြရသည့် စစ်ရှောင်အချို့ကို ၂၀၂၁ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ – Getty Image

စစ်အုပ်ချုပ်ရေးအခြေအနေ

မြို့အခြေအနေ မည်သို့ပင်ရှိသည်ဖြစ်စေ ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု လေသံပစ်ထားသည့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ ဟန်ပြအစီအမံကို အကောင်အထည်ဖော်နိုင်ရန် လွိုင်ကော်မြို့ကို မရရအောင်ထိန်း၍ လူဦးရေစာရင်း ကောက်ယူပြီးဖြစ်သည်ဟု မြို့ခံသတင်းရင်းမြစ်တို့က ဆိုသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကယားပြည်နယ်ရုံးသည် ယမန်နှစ်က တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရပြီး ယခု တိတ်တဆိတ် ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

“အနောက်အဆောင်ဘက်မှာ ဖွင့်ထားတာရှိတယ်။ ပြည်နယ်အဖွဲ့တွေကတော့ ပုံမှန်တက်တာရှိတယ်။ ကျနော်တို့ကတော့ လိုအပ်တာတွေ စာရင်းဇယားတွေ သွားသွားလုပ်ရတာ ရှိတယ်” ဟု ထိုပါတီ၏ လွိုင်ကော်မြို့နယ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် မေလကုန်က လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ USDPရုံး ဆင်ဝင်အောက်တွင် ရပ်ထားသည့် ကားတစ်စီး မီးရှို့ခံရသည်။

အိမ်မှထွက်လျှင် တစ်နေရာမဟုတ် တစ်နေရာ စစ်ကောင်စီ၏ အစစ်အဆေးရှိနေသည်မှာ လွိုင်ကော်မြို့တွင် မထူးဆန်းတော့သော မြင်ကွင်းမျိုးဖြစ်လာသည်။

“နေ့ခင်းနေ့လယ်ဆိုရင်တော့ နေရာမရွေး အစစ်အဆေးတွေက ပိုများတယ်ပေါ့။ သူတို့မသင်္ကာတဲ့ရက်တွေဆို အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြားထဲ ဝင်ပြီးတော့မှ ဘာရယ်လို့လည်း မသိဘူး ဆွဲသွားတယ်ပေါ့။ လူငယ်တွေ တွေ့ပြီဆိုတာနဲ့ ဖုန်းတန်းစစ်တယ်” ဟု ဒေါ်လေးလေးက ဆိုသည်။

ဖုန်းအပြင် အိတ်လွယ်လာလျှင် အိတ်နှိုက်စစ်ဆေးပြီး ဖြတ်သွားဖြတ်လာကားများကိုလည်း အလွတ်မပေး၊ ဆိုင်ကယ်များကို tool box ဖွင့်ကာ စစ်ဆေးသည်။

“စိတ်တွေက မလုံခြုံတော့ဘူး။ နောက်ဆုံး ကျွန်မတို့ ကိုယ်ပိုင်ဖုန်းတွေတောင် လွတ်လွတ်လပ်လပ်သုံးခွင့်မရှိဘူး” ဟု ဒေါ်လေးလေးက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၂ ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ – Kaung Zaw Hein/ Getty Images

၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်က တစ်ပတ်ရစ်ဖုန်းဝယ်မိသည့် လူငယ်တစ်ဦး၏ဖုန်းကို စက်တစ်ခုဖြင့် စစ်သားများက စစ်ဆေးရာမှ ယခင်က ဖျက်ထားပြီးသား ပုံများတွေ့သဖြင့် အဖမ်းခံရကြောင်း၊ ငွေ ၁၀ သိန်းကျပ်ဖြင့် ပြန်ရွေးမှ လွတ်လာကြောင်း ၎င်းက ဆက်ပြောသည်။

ထိုမတိုင်ခင်ကလည်း အသားရောင်းသည့် ဈေးသည်တစ်ဦး ဖုန်းအစစ်ခံရပြီး ဖုန်းတွင် ဂိမ်းသာ ထည့်ထားသော်လည်း ၎င်းထံ ပါလာသည့် ငွေ တစ်သိန်းခွဲကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ သိမ်းယူလိုက်သည်ဟု ဆိုသည်။

“သူတို့စစ်ဆေးတဲ့အချိန်တိုင်း ဖမ်းဆီးတာ။ ပိုက်ဆံ အဓိကညှစ်တယ်။ ဓာတ်ပုံတွေမှာ ပြောက်ကျားအင်္ကျီနဲ့ ရိုက်ပြီဆိုကတည်းက ထောင်ချခံရတော့တာပဲ။ လူငယ်တွေဆို သူတို့က ငြိုးနေတာပေါ့” ဟု ဒေါ်လေးလေးက ဆိုသည်။

ဖုန်းစစ်လျှင် Messenger ကဲ့သို့ စကားပြောဆက်သွယ်သည့် application များ၊ ဖုန်း contact များနှင့် ဓာတ်ပုံများကို အဓိကထား စစ်ဆေးကြောင်း သိရသည်။ စစ်ဆေးချိန် အခန့်မသင့်လျှင် ထိုးကြိတ်ခံရနိုင်ပြီး ပါးရိုက်နားရိုက်ခံရသည့် မြင်ကွင်းမျိုးလည်း မြို့ခံများ တွေ့ရလေ့ရှိသည်။

လွိုင်ကော်မြို့ ဇာတိ အသက် ၅၆ နှစ်အရွယ် ဦးစိုင်း*၏ အဆိုအရ ၂၀၂၂ ဒီဇင်ဘာ တစ်လလုံးတွင် ၎င်းလက်လှမ်းမီသလောက် စစ်ကောင်စီက ပိုက်ဆံညှစ်သည့်အမှု ၈ မှုအထိ ရှိခဲ့ကြောင်း၊ ၎င်းမသိရသည့် အခြားအမှုများလည်း ရှိနိုင်ကြောင်း ပြောသည်။

လွိုင်ကော်မြို့အခြေစိုက် စစ်ကြောရေးအဖွဲ့ခေါင်းဆောင် ရဲမှူးသန်းဦး ဆိုသူက ဖမ်းမိသူများကို အမှု သုံးလေးမှုခန့် တပ်ပြီး တစ်မှုကို ငွေကျပ် သိန်း ၂၀ မှ ၃၀ အထိ တောင်းရမ်းကာ ငွေညှစ်လေ့ရှိကြောင်း ဦးစိုင်းက ဆက်ပြောသည်။

“ရဲဘက်ကလည်း PDF ရဲဘော်ဖမ်းမိတယ်ဆိုတဲ့ သတင်းလိုချင်တာ။ အဲဒီတော့ PDF အစစ်မဟုတ်တဲ့ဟာလည်း ၅၀ (က) ၊ ၅၂ (ည) တွေနဲ့ ၁၇ (၁) (နိုင်ငံရေး၊ တော်လှန်ရေးဆိုင်ရာ ပုဒ်မများ) တွေနဲ့ အကုန်တန်းစီပြီး လုပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ် မြို့တော် လွိုင်ကော်တွင် ရဲတစ်ဦးကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

စစ်ကောင်စီက မြို့အနှံ့ တင်းတင်းကျပ်ကျပ် လှည့်လည်စစ်ဆေးသည့်အပြင် လွိုင်ကော်မြို့အတွင်းရော အပြင်ပါ လုံခြုံရေးထူထပ်စွာချထားသည်။

မြို့ပတ်ပတ်လည်တွင် ဗျူဟာကျသည့်နေရာများကို တပ်စွဲထားပြီး တက္ကသိုလ်ကောလိပ်များပါမကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည်။

လွိုင်ကော်-ဒီးမော့ဆို သွားသည့် လမ်းတွင်ရှိသည့် မြို့၏တောင်ဘက် မိုင်းလုံးရပ်ကွက်တွင် နည်းပညာတက္ကသိုလ်ရှိ ကုန်းမြင့်ပေါ်တွင် လက်နက်ကြီးများတပ်ဆင်ကာ အထိုင်ချထားပြီး ထိုရပ်ကွက်ရှိ ဆောက်လက်စ ၁၁ ထပ် တိုက်ပေါ်တွင်လည်း တပ်စွဲထားသည်။

ထို့ပြင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် လောပိတရေအားလျှပ်စစ်စက်ရုံသွားသည့် လမ်းတွင်လည်း လွိုင်ကော်မြို့အထွက်၌ပင် ဂိတ်စခန်း အခိုင်အမာတည်ဆောက်ထားသည်။

“မြို့တစ်ပတ်လုံးကို သူက ထိုင်ထားတာပေါ့။ ရှိသမျှဂိတ်လိုမျိုး အကုန်လုံးကို ပတ်ပြီးထိုင်ထားတာပေါ့” ဟု ဒေါ်လေးလေးက ပြောသည်။

လွိုင်ကော်မြို့ပတ်ပတ်လည် လုံခြုံရေးအပြင် လေဆိပ်၊ အစိုးရရုံးနှင့် လွှတ်တော်ရုံးများသို့ ဝင်ထွက်နိုင်သည့် လမ်းများကို အပြင်လူ အလွယ်တကူမဝင်နိုင်ရန် စစ်ကောင်စီက သံဆူးကြိုးအတားအဆီးဂိတ်များ အထပ်ထပ်ချထားပြီး လေယာဉ်ကွင်းပတ်ပတ်လည် ကင်းချထားကြောင်း မြို့ခံများက ဆိုသည်။

တိုက်ခြောက်လုံးဟု ခေါ်သည့် ဝန်ထမ်းအိမ်ရာ၊ အကျဉ်းထောင်၊ ခရိုင်ရဲတပ်ဖွဲ့ရုံး စသည့် အနီးအနားများတွင်လည်း ဂိတ်စခန်းများဖြင့် လုံခြုံရေးတင်းကျပ်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ ဆေးခန်းတစ်ခုကို ၂၀၂၂ ဩဂုတ်လက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ပြည်နယ်အားကစားခန်းမကဲ့သို့ နေရာမျိုးတွင်လည်း တပ်စွဲထားသကဲ့သို့ မြို့လယ်ကောင် နာရီစင်အနီးရှိ မြို့နယ်ထွေအုပ်ရုံး လုံခြုံရေးအတွက် ဘေးပတ်လည်ရှိ ဈေးဆိုင်ခန်းငယ်များ ဖျက်သိမ်းပြီး စစ်ကောင်စီက အုတ်တံတိုင်းအမြင့် ကာရံလိုက်သည်။

မြို့လယ်ကောင်တွင် ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ – လွိုင်ကော်) တည်ရှိပြီး မြို့ပတ်ပတ်လည်တွင် အမှတ် (၂၅၀)၊ အမှတ် (၂၆၁) နှင့် အမှတ် (၅၄) ခြေလျင်တပ်၊ အမှတ် (၃၅၆) နှင့် အမှတ် (၃၆၂) အမြောက်တပ်တို့ရှိသည်။ လွိုင်ကော်မြို့နယ် လောပိတမြို့တွင် အမှတ် (၇၂) ခြေလျင်တပ်နှင့် လွိုင်လင်လေးမြို့တွင် အမှတ် (၅၃၀) ခြေမြန်တပ်တို့ရှိသည်။

အဆိုပါ တပ်ရင်းများသည် လွိုင်ကော်မြို့ပတ်ဝန်းကျင် ဒေသများရှိ စစ်ရှောင်စခန်းများပင် မချန် နေ့ရောညပါ လက်နက်ကြီးများ ပစ်ခတ်သည့် နေရာများဖြစ်သည်။

ထိုသို့ တပ်ရင်းများဝန်းရံထားပြီး မြို့တွင်းမြို့ပြင် လုံခြုံရေးအထပ်ထပ် ချထားသည့် ကြားမှပင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဒကစ – လွိုင်ကော် ဒရုန်းဖြင့် ဗုံးကြဲခံရသလို ဇန်နဝါရီလတွင်လည်း လွိုင်ကော်လေဆိပ်မှာလည်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းဖြင့် ဗုံးကြဲခံရသည်။

မြို့တော်ဘက် မိုင်းလုံး၊ ပန်ကန်းရပ်ကွက်များတွင် လွန်ခဲ့သည့် နှစ်က စစ်မြေပြင်ဖြစ်ခဲ့သည့် အထောက်အထားများ ယနေ့တိုင် ရှိနေသေးသည်။ လက်နက်ကြီးထိမှန်ထားသော၊ မီးလောင်ပျက်စီးသွားသော နေအိမ်များရှိနေဆဲဖြစ်ပြီး လက်ရှိတွင် ထိုရပ်ကွက်နေ ပြည်သူအနည်းငယ်သာ ပြန်လည်နေထိုင်နိုင်သေးသည်ဟု ဒေသခံသတင်းရင်းမြစ်တို့ထံမှ သိရသည်။

“မြို့အဝင်ရွာတွေမှာ အိမ်အပျက်အစီးတချို့ ရှိတယ်။ မြို့ပေါ်မှာတော့ အပျက်အစီးမရှိဘူး။ ညဘက် ခါတိုင်းလိုမဟုတ်ဘဲ တိတ်ဆိတ်သွားတယ်” ဟု CDM ဆရာမ ဒေါ်ခိုင်ခိုင်က ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ဘေးရှောင်ကလေးများကို ပညာသင်ပေးနေသည့် နွေဦးဂုရုလေးများ စာသင်ကျောင်းကို ၂၀၂၂ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ခွန်လှဉာဏ်

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏ Relief Web တွင် နိုဝင်ဘာ ၂၀၂၂ တွင် ထုတ်ပြန်သည့် စာရင်းများအရ ကယား (ကရင်နီ) ပြည်နယ်ရှိ အိမ်ထောင်စုအားလုံး၏ ၈၈ ရာခိုင်နှုန်းမှာ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး ၁၀ ရာခိုင်နှုန်းသာ နေအိမ်ပြန်လာနိုင်ကြောင်း ဖော်ပြထားသည်။

ထိုစစ်ဘေးရှောင် ၅၂ ရာခိုင်နှုန်းမှာ ပြည်နယ်တွင်းရှိ အခြားမြို့နယ်များတွင် တိမ်းရှောင်ပြီး ၂၃ ရာခိုင်နှုန်းမှာ အခြားပြည်နယ်များတွင် တိမ်းရှောင်နေသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှစ၍ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာသည့် လွိုင်ကော်မြို့ခံများကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဖြင့် စားနပ်ရိက္ခာများထောက်ပံ့လျက်ရှိသည်။ သို့သော် စစ်ကောင်စီ ခွင့်ပြုချက်မရသည့်အတွက် အခြားမြို့နယ်များတွင် စစ်ဘေးရှောင် တစ်သိန်းခွဲခန့် ရိက္ခာပြတ်လပ်နေသော်လည်း WFP က ထောက်ပံ့နိုင်ခြင်း မရှိပေ။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ၏ ဇန်နဝါရီ ၁ ရက် စာရင်းများအရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ဘေးရှောင် ၂ သိန်းကျော်ရှိသည်။

ထိုစစ်ရှောင်များအနက် ၅၂၀၀၀ ကျော်မှာ လွိုင်ကော်မြို့နယ်မှဖြစ်ကြောင်း KCSN က ဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်ပြီးနောက် ဧပြီလမှစ၍ မြို့ခံများ တဖြည်းဖြည်း အိမ်ပြန်လာကြသည်။ ထိုနောက်ပိုင်းတွင် အထက်ပါအတိုင်း လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ ယန္တရား တဖြည်းဖြည်း ပြန်လည်ပတ်လာသည်။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအပြီး မီးလောင်ပျက်စီးနေသည့် နေအိမ်တစ်လုံးကို ၂၀၂၂ ဇန်နဝါရီ ၁၃ တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ – PKPF)

ထို့ပြင် နိုင်ငံအနှံ့ အခွန်မဆောင်သည့် နည်းဖြင့် ပြည်သူတို့၏ သပိတ်မှောက်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက လွိုင်ကော်မြို့ပေါ်တွင် နည်းမျိုးစုံသုံး၍ တင်းကျပ်မှုကြောင့် နှစ်နှစ်နီးပါး တင်းခံခဲ့သည့် ဒေသခံတို့မှာ လွန်ခဲ့သည့်လမှစ၍ မီတာခကိုပင် လျှပ်စစ်ရုံးများ၌ ကြိတ်ကြိတ်တိုး ပေးနေကြပြီဟု သိရသည်။

မီတာနှင့် အခွန်မဆောင်သည့် စတိုးဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာလအတွင်းက ဌာနဆိုင်ရာပေါင်းစုံ ရဲအင်အား အများအပြားဖြင့် လာရောက်ကာ ခြိမ်းခြောက်ငွေကောက်ခံခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်တို့က ဆိုကြသည်။ အသေးစိတ်မသိရပါ။

ထို့အတူ ပုံမှန်အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးမှာ ယခင်ကဲ့သို့ ချောင်ချောင်လည်လည်မရှိတော့သည့် အခြေအနေကို လွိုင်ကော်မြို့ခံများ ရင်ဆိုင်နေရသည်။ ထိုအထဲတွင် CDM ဆရာမ ဒေါ်ခိုင်ခိုင်လည်း ပါသည်။

လွိုင်ကော်မြို့ပေါ်တွင် ပုံမှန်လည်ပတ်နေပြီဖြစ်သည့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားထဲတွင် ဘွဲ့ရချိန် အသက် ၂၀ ကျော်ကတည်းက အာဏာမသိမ်းမီအထိ ဒေါ်ခိုင်ခိုင် စွဲစွဲမြဲမြဲ တာဝန်ထမ်းခဲ့သည့် အစိုးရအခြေခံပညာသင်ကျောင်းများလည်း ပါသည်။

“စိတ်မကောင်းဖြစ်တာပေါ့ အဖြူအစိမ်းလေးတွေနဲ့ အိမ်ရှေ့က ဖြတ်သွားတာတွေ့ရင် အရမ်းခံစားရတယ်။ ကျောင်းသွားရမယ့် အချိန်ရောက်ရင် အရမ်းခံစားရတယ်” ဟု CDM ဆရာမ ဒေါ်ခိုင်ခိုင်က ပြောသည်။

“ကျွန်မတို့နေရာကို လူစားခန့်လိုက်ပြီဆိုတော့ မျက်ရည်ကျရတယ် ဘဝတစ်ခုလုံးနဲ့ ရင်းလိုက်တာပဲလေ။ ပြန်ဝင်တဲ့လူတွေကိုလည်း အပြစ်မပြောချင်ပါဘူး။ သူတို့လည်း စားဝတ်နေရေးက သူတို့အပေါ် မှီခိုနေတဲ့ မိသားစုဝင်တွေ ရှိတယ်လေ” ဟု သူက ဆက်ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ပုံမှန်အသွားအလာ ရှိနေပြီး အစိုးရရုံးများ၊ ကျောင်းများ၊ ဘဏ်များ၊ ဈေးများ ပုံမှန်လည်ပတ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။ အစိုးရရုံးနှင့် ဘဏ်များတွင် စစ်သားများ ပေါ်ပေါ်တင်တင် လုံခြုံရေးယူပေးသကဲ့သို့ ပုဂ္ဂလိကဘဏ်အနီးအနားတွင်လည်း မသိမသာ လုံခြုံရေးများချထားသည်။

သို့သော် လုံခြုရေးအခြေအနေမှာ အစိုးမရ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ညအချိန်၌ အိမ်အနီး ဗြောက်အိုးသံလိုလို၊ သေနတ်သံလိုလို ကြားသဖြင့် လုပ်လက်စ အိမ်အလုပ်များရပ်ကာ မီးအမြန်ပိတ်ရကြောင်း ဒေါ်ခိုင်ခိုင်က ဆိုသည်။

“လုံးဝ စိတ်ကမပျော်ဘူး၊ သွားတာလာတာ နေတာထိုင်တာ အကုန်လုံးက ကျဉ်းထဲကျပ်ထဲရောက်နေပြီး ဘာပဲလုပ်လုပ် ကျီးလန့်စာစားနေရတဲ့ ပုံစံမျိုး။ ဘယ်အချိန် ဘာဖြစ်လာမလဲ စစ်တပ်ကားတွေမြင်ရင်လည်း ကိုယ့်မှာ ထိတ်လန့်နေရတယ်”။

မည်သို့အခြေအနေရှိပါစေ ယမန်နှစ်က စစ်ဘေးရှောင်ခဲ့စဉ်က တစ်ရပ်တစ်ကျေးတွင် ငွေကုန်ကြေးကျများလွန်းသဖြင့် မည်သည့်အခြေအနေမျိုး ကြုံရသည်ဖြစ်စေ ထပ်မပြေးတော့ဘဲ ဇာတိမြို့ လွိုင်ကော်တွင်သာ ကြိတ်မှိတ်သည်းခံရန် ဒေါ်ခိုင်ခိုင် ဆုံးဖြတ်ထားသည်။

လက်နက်ကြီးလက်နက်ငယ်အသံများ တဒိုင်းဒိုင်းကြားနေရသည့် လွိုင်ကော်တွင် ရင်းနှီးသည့် မိတ်ဆွေများအကြား တိုးတိုးတိတ်တိတ် မျှဝေစရာဆို၍ အပေါင်းအသင်းများ အဖမ်းခံရကြောင်း၊ ဘယ်နေ့က ဘယ်နားမှာ သေနတ်သံကြားရကြောင်း စသည့် သတင်းဆိုးများသာ ရှိတော့သည်ဟု ဒေသခံတို့က ဆိုသည်။

“(မြို့ခံတွေကြားမှာ တခြားအကြောင်းကို မပြောဖြစ်ဘူး။ စိတ်ဆင်းရဲတဲ့အကြောင်း စိတ်မပျော်တဲ့အကြောင်း ဒီလိုမျိုးပဲ ပြောဖြစ်ကြတာ။ ဒီအတိုင်းပဲဆိုရင် အသက်တိုမှာပါ” ဟု ဒေါ်ခိုင်ခိုင်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးကို ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အနီးတွင် ၂၀၂၂ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-မောက်ခမ်းဝါ

ထိုသို့ အခြေအနေကြုံနေရသည့် လွိုင်ကော်ကို စစ်ကောင်စီက မည်မျှတင်းကျပ်၍ မည်မျှ ဖိနှိပ်ချုပ်ချယ်ထားသည်ဖြစ်စေ ရအောင် ပြန်ယူမည်ဟု ဆုံးဖြတ်ထားကြောင်း စစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော် သူရ*က ပြောသည်။

“လွိုင်ကော်ကို (တော်လှန်ရေးအဖွဲ့တွေ) ဝင်မလား မဝင်ဘူးလားဆိုတာကတော့ ကျွန်တော်တို့ရဲဘော်တွေနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့မြို့ ကျွန်တော်တို့ပြည်ကို ကျွန်တော်တို့ ပိုင်တယ်”။

“စစ်ကောင်စီဟာ လွိုင်ကော်ကို သေလောက်အောင် ပိတ်ဆို့ထားလည်း တစ်နေ့၊ အချိန်ကျရင် အကျအဆုံးတွေနဲ့ အသေသေအကျေကျေ ဆုတ်ခွာကြရမှာပါ။ ရှိသမျှ အင်အားအကုန်သုံးပြီး ကာထားရင်တောင် ကာလို့ရမှာ မဟုတ်ပါဘူး” ဟု ရဲဘော်သူရက ဆိုလိုက်သည်။

(*သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲထားသည်။ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button