သတင်း

လွိုင်ကော်မြို့ပေါ်ရှိ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို ကရင်နီပူးပေါင်းတပ်များ သိမ်းယူ

တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်၊ မြို့တော်လွိုင်ကော်၌ အခြေစိုက်ထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၉ ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။

အင်အား ၅၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းယူခဲ့ပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအရေအတွက်ကို မသိရသေးကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က Myanmar Now ကို ယနေ့ နေ့လယ်က ပြောသည်။

“ပြည်နယ်ရဲစခန်းကုန်းကို ကျွန်တော်တို့ သိမ်းယူနိုင်ခဲ့ပါပြီ။ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းစာရင်းတွေတော့ မရသေးဘူး။ ဖုန်းလိုင်းရော ဘာရော အဆက်အသွယ်က ပြတ်နေတော့ တိကျတဲ့ စာရင်းဇယားတွေ မရသေးဘူး” ဟု KA စစ်ရေးချုပ်က ဆိုသည်။

လွိုင်ကော်မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံကဲ့သို့ နေရာ ၁၈ ခုခန့်တွင် စစ်တပ်က နေရာယူထားရာ ပြည်နယ်ရဲစခန်းကုန်းအပါအဝင် ၁၀ နေရာခန့် တိုက်ခိုက်သိမ်းယူခဲ့ပြီးဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း ပြောသည်။

“လွိုင်ကော် ပြည်နယ်ရဲစခန်းကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်စခန်းတွေလည်း တိုက်ခိုက်ချေမှုန်းဖို့ လုပ်နေပါတယ်” ဟု သူက ပြောသည်။

ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို သိမ်းယူပြီးနောက် တွေ့ရသော ကရင်နီပူးပေါင်းတပ်များ။ (ဓာတ်ပုံ-PKPF)

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝိုင်းဝန်းတိုက်ခိုက်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိုရုံးအတွင်းရှိ ပစ္စည်းတချို့ ပျက်စီးပြီး စစ်လက်နက်တချို့လည်း ပေါက်ကွဲခဲ့သည်ဟု ခွန်းဘီထူးက ဆိုသည်။

“ရဲစခန်းကို တိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီရဲ့ လက်နက်တွေ ယမ်းတွေက တော်တော်များများက ပေါက်ကွဲသွားပြီးတော့ လက်နက်တချို့ ပျက်စီးသွားတယ်။ အထူးသဖြင့် လေယာဉ်က ဗုံးကြဲသွားပြီးတော့မှ ရဲတွေ အသုံးပြုတဲ့ ကားတွေ ပျက်စီးသွားတဲ့ အခြေအနေမျိုးရှိတယ်” ဟု သူက ပြောသည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ အခြေချရာ နေပြည်တော်နှင့် မြေပုံပေါ်တွင် အဖြောင့်တိုင်းပါက မိုင် ၇၀ ခန့်သာ ကွာဝေးသည့် လွိုင်ကော်မြို့ကို သိမ်းနိုင်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်မှ စပြီး ၁၁.၁၁ စစ်ဆင်ရေးအမည်ဖြင့် ကရင်နီတော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ ဌာနချုပ်ရှိရာ နေပြည်တော်နှင့် အလှမ်းဝေးကွာလှခြင်း မရှိသည့် လွိုင်ကော်တွင် စစ်တပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခု ဖွဲ့စည်းထားပြီး အခိုင်အမာ တပ်စွဲထားသည်၊ မြို့မကျစေရေးအတွက် စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အများအပြားအသုံးပြုပြီး ခုခံနေဆဲဖြစ်သည်။

လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီးအတွင်း မီးလောင်နေသည်ကို ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- Oozin Kaye)

ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ပြည်နယ်တစ်ခုလုံး အားထားရာ အဓိကဈေးဖြစ်သည့် လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီးအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ဈေးတစ်ခုလုံးနီးပါး မီးလောင်သွားသည်။

“သီရိမင်္ဂလာတောင်ဈေးကတော့ မီးလောင်သွားတာ မှန်ပါတယ်၊ (စစ်တပ်က) လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်တော့ အဲ့ဒီမှာ ကျပြီး မီးလောင်ကုန်တာပါ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

စစ်ကောင်စီကမူ ၎င်းနှင့် ဆန့်ကျင်ဘက် ပြောသည်။

လွိုင်ကော်မြို့ ဈေးကို PDF များက ဝင်ရောက်ကာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး  ပြည်နယ်ရဲရုံးတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီ၏ ဒီဇင်ဘာ ၁၁ ရက်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

သို့ရာတွင် လွိုင်ကော်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး သိမ်းယူခံရကြောင်းကို ချန်လှပ်ထားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေဆဲဟုသာ ၎င်းက ဆိုသည်။

KNDF ဦးဆောင်သူ ခွန်းဘီထူး၏ အဆိုအရ လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပြိုပျက်ရေးသည် တော်လှန်ရေးအင်အားစုများ၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်သည့်အတွက် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရှိရသည်။

လွိုင်ကော်မြို့သိမ်းနိုင်ရေးအတွက် ကရင်နီတပ်မတော် (KA) နှင့် KNDF၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှမ်းတောင်နှင့် ကရင်နီစစ်ဒေသခွဲတို့မှ PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့နယ်သည် စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာ ရှိပြီး ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုဖြင့် ဖွဲ့စည်းထားကာ လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။

ခွန်းဘီထူးက လွိုင်ကော်မြို့၏ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချမည်ဟု နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန် ပြောဆိုခဲ့သည်၊ မြို့သိမ်းတိုက်ပွဲများသည် ပျက်စီးနစ်နာမှုများနိုင်သည်ကို သိသော်လည်း အာဏာရှင်စနစ် အမြစ်တွယ်မည်ဆိုး၍ စစ်ဆင်ရေးကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ ဘေးလွှတ်ရာ ရွှေ့ပေးစေလိုကြောင်း တောင်းဆိုထားသည်။

ထိုမတိုင်ခင်ကတည်းက လွိုင်ကော်ဒေသခံအများစုသည် နယ်မြေထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ခိုလှုံနေကြရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ ဖွဲ့စည်းထူထောင်ခဲ့သည့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ကယားပြည်နယ်အစား “ကရင်နီပြည်နယ်” ဟု ခေါ်ဝေါ်သုံးစွဲရန် နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို သိမ်းယူပြီးနောက် တွေ့ရသော ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။(ဓာတ်ပုံ-မောက်ခမ်းဝါ)

Show More

Related Articles

Back to top button