သတင်း

လွိုင်ကော်ကို စစ်တပ်က ဗုံးဆက်ကြဲ၊ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

တော်လှန်ရေးအင်အားစု ဝိုင်းတိုက်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီလေတပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲနေခြင်းကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ကို တော်လှန်ရေးအင်အားစုများက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေချိန်တွင် အာဏာသိမ်းစစ်တပ်ကလည်း လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘာဒို၊ ထေးငှားလျား၊ ဒေါဥခူ၊ မိုင်းလုံး၊ နောင်ယား စသည့် ရပ်ကွက်များမှ ဒေသခံများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဆီဆိုင် အစရှိသည့် မြို့များအထိ ထွက်ပြေးတိမ်းရှောင်နေကြသည်။

၁၁.၁၁ စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက လွိုင်ကော်ကို စတင်တိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးစတင်ပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် လွိုင်ကော်မြို့ခံများ လေးလွတ်ရာ ရှောင်တိမ်းနေရခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ စစ်တပ်က လွိုင်ကော်မြို့တွင်းကို အရပ်ဘက်ပစ်မှတ်ပါမချန် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အဆောက်အအုံကြီးကြီးမားမားတွေဆို အကုန်ပစ်တာ၊ ဗုံးကြဲတယ်။ တိုက်ပွဲဖြစ်တဲ့ နှစ်ရက်မြောက်နေ့လောက်ကစပြီး ဒီနေ့အထိကို နေ့တိုင်း ဗုံးကြဲတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်ရင်းနှစ်ရင်း အခြေစိုက် တပ်စွဲထားသည့် လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူထားသည်။ KNDF စစ်ရေးချုပ် ခူးရီဒူးက လွိုင်ကော်မြို့လယ်ရှိ စစ်ကောင်စီ (စကစ) ၏ ခရိုင်တရားရုံး မီးလောင်နေသည့် ဓာတ်ပုံတစ်ပုံကို သူ၏ facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်လိုက်ပြီး “ပျက်စီးယိုယွင်းနေသော စကစ၏ တရားရေးအား အရင် တည့်မတ်ပေးရတယ်” ဟု ယနေ့ (နိုဝင်ဘာ ၁၇) ရက်နေ့တွင် ရေးသားလိုက်သည်။

စစ်ကောင်စီကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညပိုင်းအထိ ဒီးမော့ဆိုတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်က လွိုင်ကော်တက္ကသိုလ်တည်ရှိရာ မြို့အနောက်ဘက်သို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

၁၂၀ မမ လက်နက်ကြီးများကို တစ်မိနစ်လျှင် တစ်လုံးနှုန်းဖြင့် ပစ်ခတ်နေပြီး လေထဲတွင် အမြောက်ဆန်များကြောင့် ဖြစ်ပေါ်လာသည့် မီးရောင်များကို ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ မြင်တွေ့နေရသည်။

မြို့တွင်းတိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေရာ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသည့် ဒေသခံတို့သည် စစ်တပ် အခြေစိုက် တပ်စွဲထားရာ နေရာများနှင့် ဝေးကွာသည့် ရပ်ကွက်များဆီသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း လွိုင်ကော်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“အစိုးရရုံးတို့ တပ်တို့နဲ့ နည်းနည်းဝေးတဲ့ ရပ်ကွက်ကို ပြောင်းတာပေါ့ဗျာ၊ လေယာဉ်ပစ်တာနဲ့ လက်နက်ကြီးလက်နက်ငယ် ပစ်တဲ့အသံတွေတော့ ကောင်းကောင်းကြားရတယ်။ မြေကြီးတုန်သွားတာတို့ အိမ်တွေလှုပ်တာတွေကို ကြုံရတာပေါ့၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေတော့ နည်းနည်းကြောက်ကြတာပေါ့” ဟု အထက်ပါ လွိုင်ကော်မြို့ဒေသခံက ဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ၎င်းတို့ အခြေပြုရာ ဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်း၊ တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း လွိုင်ကော်မြို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ဖိတ်ခေါ်သည့်စာ ထုတ်ပြန်ထားသည်။

“ပိတ်မိနေတဲ့သူတွေ ရှိတယ်လို့ ကြားတယ်။ တချို့ကလည်း တခြားနေရာ သွားလို့မရဘူးလို့ လက်မခံဘူးလို့ ပြောနေတာတွေ ကြားမိလို့ ကျွန်တော်တို့အဖွဲ့အစည်းက ကူညီဖို့ လုပ်တာပါ” ဟု PNLO မှ ဒုဗိုလ်မှူးကြီး ခွန်အာဋ္ဌာရက ဆိုသည်။

လွိုင်ကော်မြို့ တိုက်ခိုက်ခံနေရကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၄ ရက်နေ့တွင် တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ စစ်တပ်ဘက်က ပြောဆိုချက်တွင် လွိုင်ကော်တက္ကသိုလ် တိုက်ခိုက်ခံခဲ့ရကြောင်း ပါဝင်သော်လည်း တက္ကသိုလ်နယ်မြေတွင် စစ်တပ် နေရာယူတပ်စွဲထားသည့်အချက် မပါဝင်ခဲ့ပေ။

စစ်ဆင်ရေးစတင်ပြီး လေးရက်အကြာတွင် တက္ကသိုလ်ဝင်းအတွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို ချေမှုန်းကာ တက္ကသိုလ်ကို သိမ်းယူနိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် KNDF က သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့ပြီး ၃၈ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု KNDF က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၇၀ ခန့်သာ ကွာဝေးသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်သည် လူဦးရေ ၅၀၀၀၀ ကျော်ခန့် နေထိုင်ပြီး ပထဝီအနေအထားအရ အရေးပါသည့် မြို့ဖြစ်သည်။

နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ပေးနေသော လောပိတရေအားလျှပ်စစ်စက်ရုံသည် လွိုင်ကော်မြို့နယ်ထဲတွင် တည်ရှိသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးများကမူ နေအိမ်မီးရှို့သူများသည် ယင်းလက်အောက်ခံတပ်သားများ မဟုတ်၊ လေကြောင်းတိုက်ခိုက်ရာတွင်လည်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။

ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာပြေးကြရသည့် ဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း ပဋိပက္ခများပြင်းထန်လာချိန်တွင် အရပ်သားများကို အကာအကွယ်ပေးရန်၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေများကို လိုက်နာရန်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နိုဝင်ဘာ ၁၅ ရက်တွင် တိုက်တွန်းထားသည်။

Show More

Related Articles

Back to top button