ဆောင်းပါး

မိုဆိုရွာမှ တစ်နှစ်ပြည့်အလွမ်းနှင့် တရားမျှတမှုတောင့်တသံ

ကယားပြည်နယ်အတွင်းပိုင်း တောတောင်တစ်နေရာတွင် သံချေးတက်နေသော ကားပျက်များ အပုံလိုက် တွေ့ရသည်။ သံဆူးကြိုးကာရံထားသည့် ကားပျက်ပုံဘေးတွင် ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက်နေသည်။ လူသူကင်းမဲ့သောနေရာတွင် ထူးထူးဆန်းဆန်း အလှဆင်ပန်းအိုးလေးများ ရောက်ရှိနေသည်။

ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်နေ့ဖြစ်သော်လည်း ထိုအလှဆင်ပန်းများသည် ခရစ္စမတ်ကို ကြိုဆိုခြင်း မဟုတ်ပေ။ အာဏာသိမ်းစစ်တပ်၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသူများကို ရည်စူးထားခြင်းပင်။ တိတ်တဆိတ်ကျင်းပသော နှစ်ပတ်လည်နေ့ဖြစ်သည်။ မြန်မာနိုင်ငံအရှေ့ဖျားရှိ ကရင်နီတိုင်းရင်းသားများနေထိုင်ရာ ဖရူဆိုမြို့နယ် မိုဆိုရွာအနီးဖြစ်သည်။ 

လွန်ခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ်အတွင်း မိုဆိုနှင့် ကွိုင်ကံရွာချင်းဆက်လမ်းတွင် ဖြတ်သန်းသွားလာသူ ၄၀ ခန့်ကို စစ်ကောင်စီ၏တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းက ဖမ်းဆီးကာ မော်တော်ယာဉ်များနှင့်အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ 

အဆိုပါဖြစ်ရပ်တွင် တာဝန်ရှိသည့် အာဏာသိမ်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးတွင် အမြန်ဆုံး အရေးယူဒဏ်ခတ်နိုင်ရန် မိုဆိုဒေသခံများ၊ သေဆုံးသူများ၏ မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူများက အလိုရှိသည်။

“နောက်တစ်နှစ်ဆို ခံစားချက်တွေ တဖြည်းဖြည်းနဲ့ မေ့ပျောက်မှာစိုးလို့ နှစ်ပတ်လည်နေ့ဆို တခမ်းတနားနဲ့ လူတွေတစ်အုပ်ကြီးနဲ့ သွားပြီးတော့မှ ဆုတောင်းရမယ်။ ဒါပေမဲ့ အခြေအနေက ဒီလိုပေးလာတယ်ဆိုတော့ ကျွန်မတို့ နှစ်ယောက်စသုံးယောက်စနဲ့ သွားရတယ်” ဟု ဆိုလာသူမှာ မိုဆိုရွာသူ မသဲမာ (အမည်လွှဲ) ပင်။

ကွယ်လွန်သူများအတွက် ရည်စူးကာ ဂန္ဓမာပန်း အဖြူအဝါ၊ နှင်းဆီပန်း၊ ပိန်းပန်း၊ ဂမုန်းပန်းနှင့် ကျောက်ခတ်ပန်းများဖြင့် သပ်သပ်ရပ်ရပ် အလှဆင်ထားသည့် ပန်းအိုများကို ဖန်တီးသူမှာ မသဲမာ ဖြစ်သည်။ 

အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသူများတွင် လွိုင်ကော်မြို့မှ မသဲမာ၏ တစ်ဝမ်းကွဲ မောင်လေးလည်း ပါသည်။ ၎င်းထိုးထားသည့် ပန်းအိုးများထဲမှ တစ်အိုးကို မီးရှို့ခံထားရသည့် မောင်ဖြစ်သူ၏ ကားပေါ်တွင် တင်ပေးခဲ့သည်။  

မိုဆိုရွာအနီးက ထိုနှစ်ပတ်လည်အထိမ်းအမှတ်အတွက် မသဲမာတစ်ယောက် ပန်းများ စိတ်ကြိုက်ဝယ်ယူကာ ပြင်ဆင်ပေးလိုခဲ့သော်လည်း ငွေကြေးနှင့် လမ်းခရီးကြန့်ကြာမှုကြောင့် အနည်းငယ်သာ ဖြည့်ဆည်းပေးလိုက်နိုင်သည်။ နှစ်ပတ်လည်ဆုတောင်းပွဲ မဖြစ်မြောက်မည်ကို မသဲမာစိုးရိမ်နေခဲ့သည်။

ကရင်နီဒေသတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်နေသည်မှာ အာဏာသိမ်းပြီး လအတန်ကြာကတည်းက ဖြစ်သည်။ စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းများအပြင် လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြရသည်။

ကလေးတွဲလဲဖြင့် မသေရုံတစ်မည်ဘဝ 

ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် ဒေသခံ ၄၀ ခန့် အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရသည်မှာ တစ်နှစ်ပြည့်လွန်သွားပြီဖြစ်သည်။ ချောက်ချားဖွယ်အဖြစ်ဆိုးကြီးက ကျန်ရစ်သူ မိသားစုဝင်များကို အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့သည်။ မေ့ဖျောက်ရန် မဖြစ်နိုင်သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်သည်။ 

“မင်းအောင်လှိုင် အာဏာရူးတာ ကောင်းကောင်းရူးပါလား။ ဘာလို့ ကျွန်မတို့ ပြည်သူတွေ ကျွန်မတို့ ယောက်ျားတွေကို သတ်လဲ။ ကျွန်မ အခုချိန်ထိ လုံးဝအခဲမကျေဘူး။ လုံးဝမေ့ပျောက်လို့ မရဘူး ကျွန်မ သေတဲ့အချိန်ထိ သူတို့ကို လုံးဝခွင့်မလွှတ်နိုင်ဘူး” ဟု နာနာကြည်းကြည်းဆိုလာသူမှာ မော်နီကာဖြူစင်ဆိုသူ အမျိုးသမီးဖြစ်သည်။

မော်နီကာဖြူစင်နှင့် ကလေးငယ်များကို ကရင်နီဒေသ ဖရူမြို့နယ်တစ်နေရာရှိ စစ်ဘေး ရှောင်စခန်းတစ်ခုတွင် ယခုလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ​ – ပေးပို့) 

မိုဆိုရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများတွင် မော်နီကာဖြူစင်၏ခင်ပွန်း ဧလိယဘူးရယ်လည်း ပါဝင်ခဲ့သည်။ ခင်ပွန်းသည်ကို ဆုံးရှုံးရပြီးနောက် လူမမည် ကလေးလေးယောက်နှင့်အတူ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ ၁၂ နှစ်အရွယ် အကြီးဆုံးသမီးနှင့် ၆ နှစ်နှင့် ၇ နှစ်အရွယ် သားနှစ်ဦး၊ အငယ်ဆုံးလေးမှာ တစ်နှစ်နှင့် ကိုးလအရွယ်သာ ရှိသေးသည်။ 

လယ်ပိုင်ယာပိုင်မရှိသည့် ၎င်းတို့မိသားစုမှာ ဧလိယဘူးရယ်ရှိစဉ်ကပင် ကြုံရာကျပန်းအလုပ်ဖြင့် အသက်မွေးခဲ့ရသည်။ နောက်ပိုင်းတွင် အခြေအနေဆိုးသည်ထက်ဆိုးလာကာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန် အလှူရှင်များ ထောက်ပံ့လှူဒါန်းမှုဖြင့် မသေရုံတစ်မည် ရပ်တည်နေရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးကျဆင်းလာသည်နှင့်အမျှ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် များသည်ထက်များလာရာ မဖြူစင်တို့မိသားစုထံ ကူညီထောက်ပံ့မှုများ မရောက်တော့သည်မှာ လချီနေပြီဖြစ်သည်။“ဒီလကုန်ရင် စားစရာ ဆန်မရှိတော့ဘူး” ဟု မော်နီကာဖြူစင်က ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း ခွေးပြေးဝက်ပြေး ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်ကတည်းက အသားဟင်း ငါးဟင်း မစားရတော့ကြောင်း၊ လက်ရှိတွင်လည်း ရနိုင်သမျှ ဖရုံ သခွား စသည့် ဟင်းချက်စရာကို အားကိုးနေရပြီး ဘုန်းတော်ကြီးက ပေးသည့် ဆန်အချို့ဖြင့် စားသောက်နေရကြောင်းလည်း သူက ဆက်ပြောသည်။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယခုလ ၃ ရက် ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းရှိပြီဖြစ်သည်။ ထိုအထဲမှ နှစ်သိန်းကျော်မှာ ကရင်နီဒေသမှဖြစ်သည်။။ မြန်မာနိုင်ငံ၏ အသေးဆုံးပြည်နယ်လေးတွင် စုစုပေါင်းမှ လူဦးရေ သုံးသိန်းကျော်သာရှိသည်။ 

ဒီဇင်ဘာ၏ အအေးဒဏ်ကို မဖြူစင်တို့ မိသားစုရင်ဆိုင်နေရသည်။ အာဟာရမပြည့်သဖြင့် ကလေးများ မကြာခဏ ဖျားနာတတ်သည်။ လူမမည် ကလေးများနှင့်အတူ ဆွေမဲ့မျိုးမဲ့ဘဝဖြင့် မော်နီကာဖြူစင်တစ်ယောက် ခင်ပွန်းသည်ကို တမ်းတရင်းငိုကြွေးမိသည်က အခါခါပင်။ 

ရှာဖွေနေဆဲ တရားမျှတမှု 

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် လူပေါင်း ၄၀ နီးပါး အစု လိုက်အပြုံသတ်ဖြတ်ခံရပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံ။ (ဓာတ်ပုံ – KNDF) 

မော်နီကာဖြူစင်နှင့် မသဲမာအပါအဝင် ယမန်နှစ် ခရစ္စမတ်အကြိုနေ့ကတည်းက ထွက်ပြေးခဲ့ရသည့် ဖရူဆိုမြို့နယ် မိုဆိုရွာမှ ဒေသခံ ၅၃၀ မှာ ယနေ့ထက်တိုင် အိမ်မပြန်နိုင်သေးပေ။ စစ်ကြောင့် တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်ရင်း အငတ်ငတ်အပြတ်ပြတ် ဖြစ်နေသော်လည်း စစ်ကောင်စီ၏ ရက်စက်ယုတ်မှုကို နေ့စဉ် သတိရနေသည်။ နာကြည်းဖွယ် အဖြစ်ဆိုးကြီး ကြုံတွေ့ခဲ့ရသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

လူမဆန်သော လုပ်ရပ်အတွက် အာဏာသိမ်းစစ်တပ်ကို ထိုက်သင့်သောပြစ်ဒဏ်ပေးရန် မိုဆိုရွာသူ မော်နီကာဖြူစင်နှင့် မသဲမာတို့ အလိုရှိနေကြသည်။​

မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်ရပ်နှင့် ပတ်သက်သော အချက်အလက်များကို စစ်ကောင်စီကို တော်လှန်သူများဖြင့် စုဖွဲ့ထားသည့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ဆရာဝန်အချို့ ပူးပေါင်းကာ ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ လူပျောက်တိုင်ထားသူ ၄၀ ဦးအထိ ရှိသည်ဟု ဆိုသည်။ စစ်ပွဲကာလဖြစ်သောကြောင့် အတိအကျ အတည်မပြုနိုင်သေးကြောင်းလည်း KSP ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောသည်။

မီးလောင်ထားသည့် ရုပ်အလောင်း ၃၁ ခုကို အသေးစိတ် ခွဲစိတ်စစ်ဆေးအတည်ပြုချက်အရ အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၅ ဦးဖြစ်သည်။ လူပျောက်တိုင်ကြားချက်များနှင့် ထပ်မံတွေ့ရှိမှုများအရ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးအပါအဝင် သေဆုံးသူ ၃၇ ဦးရှိကြောင်း အတိအကျ အတည်ပြုထားနိုင်သည်။ အသက် ၁၅ နှစ်အောက် မိန်းကလေးတစ်ဦး ပါဝင်နေသည်။ 

ဖော်ထုတ်ရရှိသည့် အချက်အလက်များကို ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar – IIMM) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနထံ​ ပေးပို့ထားသည်ဟု ဆိုသည်။ 

“အခု နိုင်ငံတကာကလည်း နည်းလမ်းပေါင်းစုံနဲ့ အရေးယူနေတယ်။ အရေးယူဖို့လဲ ကြိုးစားနေပါပြီ။ ကျွန်တော်တို့ KSP ကလဲ အရေးတော်ပုံအောင်ရင် ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိဖို့ တရားစွဲဆို ဆောင်ရွက်သွားမှာပါ” ဟု မိုဆိုရွာအနီးဖြစ်စဉ်နှင့် ပတ်သက်၍ ကိုဘိုဘိုက ပြောသည်။ တစ်နှစ်ပြည့်ပြီဖြစ်သော် လည်း ရလဒ်တစ်စုံတစ်ရာတော့ ထွက်ပေါ်မလာသေးပေ။

“တကယ်ဆို ဒီဟာတွေဖြစ်ခဲ့တာ တစ်နှစ်တောင်ကြာနေပြီ။ စဖြစ်ခဲ့တုန်းကလည်း အချက်အလက်တွေ သက်သေတွေ ကျွန်တော်တို့ အကုန်လုံး လုပ်ဆောင်ခဲ့ပြီးပြီ။ ဒါတောင် ဘာလို့ အဲလောက်ထိ ကြာနေရတာလဲပေါ့နော်။ အားမရဘူး။ တကယ်ဆို ဖိအားပေးနိုင်နေရမယ်” ဟု ရုပ်အလောင်းများ ခွဲစိတ်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ကရင်နီဒေသ ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲဇော်က ပြောသည်။

အနည်းဆုံးအနေဖြင့် နိုင်ငံတကာတရားရုံးများအနေဖြင့် တရားရုံးလုပ်ထုံးလုပ်နည်းအရ စစ်ကောင်စီကို လာရောက်ဖြေရှင်းခိုင်းခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ လုပ်ဆောင်နိုင်ရမည်ဟု သူက ယူဆသည်။

“သူတို့အပေါ်မှာ အရမ်းကြီး မျှော်လင့်ချက်မရှိဘူး။ ဒါပေမဲ့ အာဏာရှင်တွေပါ ဒီလောက်ယုတ်မာတယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် လုပ်တော့လုပ်နေရမယ်ပေါ့။ ကျွန်တော်တို့ကတော့ အမြဲတမ်းဖိအားပေးမယ်၊ တွန်းအားပေးမယ်” ဟု ဒေါက်တာရဲဇော်က ပြောသည်။ 

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်များအနေဖြင့် အမှားကို ဝန်ခံပြီး ကြိုးစင်တင်အပြစ်ပေးမှုကို ခံယူမှသာ ပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိသည်ဟု ဆိုနိုင်မည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

ယခုလ ၃ ရက်နေ့က ကရင်နီဒေသအတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ မှ စစ်သားလေးဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖမ်းဆီးရမိသည်။ ထိုစစ်သားများမှာ မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူများ ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။

သို့သော် စစ်အတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းဖြစ်နေသောကြောင့် မိုဆိုရွာအနီး အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်အတွက် သက်သေထွက်ခိုင်းမရ ဖြစ်နေသည်။ 

“IIMM က ကျွန်တော့်ကို ပြောတာပါ။ သူတို့က စစ်သုံ့ပန်းဖြစ်နေလို့ သက်သေထွက်ဆိုလို့ မရဘူးပေါ့နော်။ စစ်သုံ့ပန်းဖြစ်နေလို့ သူတို့ရဲ့ထွက်ဆိုချက်က ကိုယ့်သဘောနဲ့ကိုယ် မဟုတ်ဘူးပေါ့နော်။ တခြားရဲ့ လွှမ်းမိုးမှုတွေ ပါနိုင်တဲ့အတွက် နိုင်ငံတကာခုံရုံးမှာ သုံးလို့မရဘူး” ဟု KSP ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုသာမက မြန်မာနိုင်ငံအနှံ့တွင် စစ်တပ်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ အချက်အလက်စုဆောင်းနေပြီး ကျူးလွန်သူများ တရားရင်ဆိုင်ရစေရန် ကြိုးပမ်းလျက်ရှိကြောင်း IIMM အကြီးအကဲ Nicholas Koumjian က ယခုလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ကွယ်လွန်သူအတွက် ပန်းအိုးများ

“ဒီနှစ် သေလွန်သူအတွက် ပန်းထိုးတာ မနည်းတော့ဘူး” ဟု မိုဆိုရွာမှ ပန်းအလှဖန်တီးရှင်က မသဲမာက ဆိုသည်။ “ဖြတ်သန်းရတဲ့ အချိန်အားလုံးဟာ ယူကျုံးမရဖြစ်တဲ့အရာတွေလို့ ပြောလို့ရမှာပေါ့နော်။ မကြုံစဖူး အဲဒီအရာတွေအားလုံးဟာ တော်တော်လေးတော့ ဝမ်းနည်းစရာကောင်းတယ်” 

ပန်းထိုးဝါသနာပါသည့် မသဲမာအနေဖြင့် ရွာထဲက ကွယ်လွန်သူများအတွက် စေတနာဖြင့် ပန်းအိုးထိုးပေးခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်သည်။ သို့သော် တစ်ဦးစနှစ်ဦးစ အတွက်သာ ပန်းထိုးပေးခဲ့ရခြင်းဖြစ်သည်။ မိုဆိုရွာဖြစ်စဉ်တွင် မသဲမာတစ်ယောက် ပန်းအိုး ၃၀ မှ ၄၀ ကြားအထိ ပန်းအိုးထိုးပေးခဲ့ရသည်။ 

ယခုနှစ်အတွင်း စစ်ဘေးရှောင်ရင်း စိတ်ဒဏ်ရာနှင့် ရောဂါဘယဒဏ်ကြောင့် မိုဆိုရွာခံငါးဦး သေဆုံးခဲ့သည်။ ထို့ပြင် ရီးခီးဘူးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ယခုနှစ် မတ်လအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။ ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသူများတွင် မိုဆိုရွာခံ အမျိုးသားလေးဦး ပါဝင်ခဲ့သည်။ 

“ဒီ ၂၀၂၂ တစ်နှစ်ပတ်လုံး အမြန်ဆုံး ပြီးသွားပြီးမှ လာမယ့်နှစ်သစ်မှာ ကျွန်မတို့ ဒီဟာမျိုးတွေ ထပ်မကြုံရဖို့ ဒါတွေကို အမြန်ဆုံးကျော်လွှားနိုင်ဖို့ကို ဖြစ်စေချင်တယ်” ဟု မသဲမာက ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button