သတင်း

လွိုင်ကော်နှင့် ဒီးမော့ဆို ပြင်းပြင်းထန်ထန် တိုက်ခံရ၊ အရပ်သား ၃ ဦး သေ

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယနေ့ (ဩဂုတ် ၃၁) ၌ စစ်လေယာဉ် ဗုံးကျဲမှု၊  လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရကြောင်း သိရသည်။

နံနက် ၇ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ပွန်ချောင်းအနီးရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေယာဉ် လာရောက် ဗုံးကြဲရာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရကြောင်း စစ်ရှောင်ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တွေ့တဲ့အချိန် ကားနဲ့ (လူနာ) လာသယ်တုန်းက အသက်ရှိနေသေးတယ်။ လမ်းမှာပဲ သွေးလွန်လို့ သေသွားတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဒဏ်ရာရသူနှစ်ဦးအနက် ပေါင်ရိုးကျိုးသွားသူ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ် ၁၁ မိုင်ကုန်းကို ၂၀၂၃ ဧပြီလ ၂၉ ရက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ – Myanmar Now)

လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စု ဆော်ခီးဒေါရွာတွင်လည်း နံနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရွာခံများထံမှ သိရသည်။

လက်နက်ကြီး သုံးလုံးမှာ ရွာအတွင်း ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ လယ်ကွက်ထဲ ကျခဲ့ကြောင်း၊ ရွာထဲရှိ ၄၆ နှစ်အရွယ် ဦးကူးရယ်၊ ၃၃ နှစ်အရွယ် မငြိမ်းမြာတို့ သေဆုံးခဲ့ကြောင်း ရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အမျိုးသားက သူ့ကို ထိပြီး ဆေးရုံပို့လိုက်တာ၊ ဆေးရုံရောက်တာနဲ့ အသက်ထွက်သွားတယ်။ အမျိုးသမီးကတော့ သူ့အိမ်ထိလို့ အိမ်ပေါ်မှာပဲ သေသွားတယ်” ဟု ၎င်းက ပြောသည်။

ဦးကူးရယ်မှာ ၎င်း၏ ဘေးကပ်လျက် နေအိမ်တွင် ကျသည့် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးကြောင်း၊ လက်နက်ကြီးဒဏ်ကြောင့် ရွာထဲရှိ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဦးကူးရယ်သည် စစ်တပ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်တစ်ဦးဖြစ်ပြီး စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းဖြစ်ကြောင်း အထက်ပါ ရွာရပ်မိရပ်ဖက ဆိုသည်။

“လက်နက်ကြီးကျလို့ ထွက်ပြေးတဲ့လူလည်း ထွက်ပြေးတာပေါ့။ ဒါပေမဲ့ လူတောင်မှ တစ်ယောက်နဲ့တစ်ယောက် လှမ်းမတွေ့ရတော့ဘူး။ သူလည်း ကြောက်၊ ကိုယ်လည်း ကြောက်ပေါ့။ တချို့ ပြန်မလာသေးတာ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ အခြေစိုက်သည့် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်၊ မည်သည့်အဖွဲ့ မည်သည့်ဒေသမှ ပစ်ခတ်သည်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု သိရသည်။

ဩဂုတ် ၃၁ နံနက်အစောပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်လေယာဉ် သွားရောက် တိုက်ခိုက်ခဲ့သည်။ လူအသေအပျောက် မရှိခဲ့ပေ။

စစ်လေယာဉ် လာရောက် တိုက်ခိုက်ချိန်တွင် ဗုံးခိုကျင်းရှိရာသို့ သွားရောက်ရန် အခြေအနေမပေးခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲသည့် နေရာနှင့် အနည်းငယ် ဝေးကွာသော်လည်း ပေါက်ကွဲမှုအရှိန်ကို သိသိသာသာ ခံစားရကြောင်း ထိုနေရာတွင် ရောက်နေသော အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက Myanmar Now ရုံးကို နံနက် ၄ နာရီခွဲခန့်တွင် သတင်းပို့သည်။

“အခုပဲ လေယာဉ်လာကြဲသွားတာ၊ လေပါ ဟပ်တယ်။ သုံးခါ ကြဲတာ။ မြန်တယ်၊ ‌လေယာဉ်သံကြားတာနဲ့ ဒုန်းဆို ကြဲချလိုက်တာ၊ ဒါတောင် မိုးကလည်း ရွာနေတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

၂၀၂၃ သြဂုတ် ၃၀ နံနက်အစောပိုင်းက ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်တပ်က လေယာဉ်ဖြင့် ကြဲချသည့် ဗုံးများအနက်မှ မပေါက်ကွဲခဲ့သည့် ဗုံးဆန်တစ်ခုကို တော်လှန်ရေးတပ်သားများက သိမ်းဆည်းနေစဉ် (ဓာတ်ပုံ – အက်စတာဂျေ/ Myanmar Now)

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် အရပ်သား ၃၇၉ ဦး သတ်ဖြတ်ခံရကြောင်း ဒေသတွင်းသတင်းအချက်အလက်များ စုဆောင်းနေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF – Information Centre) ၏ ဩဂုတ်လ ၁ ရက်နေ့ စာရင်းများအရ သိရသည်။

နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသည့် ကရင်နီဒေသ စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။

ပြင်းပြင်းထန်ထန် ခုခံသည့် ကရင်နီဒေသတွင် စစ်ကောင်စီတပ် အထိနာလျက်ရှိသလို ဒေသခံများလည်း ဗုံး၊ အမြောက်ကျည် ကျရောက်မှုကို နေ့စဉ်လိုလို ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button