
မြန်မာနိုင်ငံ၏ လူဦးရေ ၃ ပုံ ၁ ပုံသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပြီး ပိုမိုကျယ်ပြန့်သည့် အကူအညီများပေးခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ Martin Griffiths က တောင်းဆိုလိုက်သည်။
Martin Griffiths သည် ယခုလ ၁၅ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ပဋိပက္ခနှင့် သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများကို တိုက်ရိုက်အကူအညီပေးနိုင်ရန် ဆွေးနွေးခဲ့သည်ဟု UNOCHA ၏ ဩဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
အရပ်သားများ ရင်ဆိုင်နေရသည့် အန္တရာယ်များနှင့် စာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် ဗျူရိုကရေစီ ကန်သတ်ချက်များရှိနေသည်ဟုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Martin Griffiths ၏ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်း အပါအဝင် ပဋိပက္ခနှင့် သဘာဝဘေးဒဏ်သင့် မိသားစုများနှင့် တွေ့ဆုံခဲ့သည်ဟုလည်း ပါရှိသည်။
“ပဋိပက္ခများနှင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မိသားစုများသည် ရုန်းကန်နေကြရပါတယ် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ ပိုပြီးလုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ဒီလိုလုပ်ခွင့်ရဖို့နဲ့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေပါတယ်” ဟု Martin Griffiths က ဆိုသည်။
ပြီးခဲ့သည့် မေလအတွင်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်ပြည်နယ်တို့မှ လူပေါင်း ၁.၆ သန်းကို ထိခိုက်စေခဲ့သည်ဟု UNOCHA က ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ထားသည်။
မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုံလောက်စွာမလုပ်နိုင်မီ ရခိုင်ပြည်နယ် ဇူလိုင် ၃၁ မှ သြဂုတ် ၁၀ အတွင်း ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာပေါင်း ၃၉၀ ရေကြီးမှုဒဏ်ခံခဲ့ရပြီး လူနေအိမ် ၂၈၀၇၂ အိမ် ထိခိုက်ခဲ့ကာ လယ်ဧကပေါင်း ၇၀၅၃၇ ဧက ရေလွှမ်းခံခဲ့ရသည်ဟု ရက္ခိုင့်တပ်တော် (AA) က ဩဂုတ် ၁၄ တွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းဒဏ်နှင့် ရေကြီးမှုဒဏ်ကို ၂ ထပ်ကွမ်းခံခဲ့ရသည့် ရခိုင်ဒေသအတွင်း ပြန်လည်ထူထောင်ရေးနှင့် လတ်တလော စာဝတ်နေရေးအဆင်ပြေရန် နိုင်ငံတကာနှင့် စစ်ကောင်စီ၏ အကူအညီများ မရဟုလည်း ရခိုင်ဒေသခံများက ပြောသည်။
“နိုင်ငံတကာက အကူအညီတွေလည်းမရဘူး။ ပြည်တွင်းကလည်း အကူအညီမရဘူး။ ဒီအတိုင်းပဲ ကြိတ်မှိတ်ခံနေရုံပေါ့။ ပြောရမှာလည်း တအားခက်တယ်ဗျာ။ လူတွေက မသေရုံတမည် ရှင်သန်ဖို့ ကြိုးစားနေရတဲ့ အနေအထားပါပဲ။ နိုင်ငံခြားမှာ ရောက်နေတဲ့ သားသမီးတွေက အကူညီပေးတဲ့လူတွေကတော့ တော်သေးတယ်။ ဒါပေမဲ့ ၃ ချိုး ၁ ချိုးလောက်က စားဝတ်နေရေး ခက်ခဲနေတာ အခြေအနေမကောင်းဘူး” ဟု ရသေ့တောင်မြို့နယ် ဒေသခံ ဦးအေးထွန်းဘူက ပြောသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်များ ပြန်လည်ပြင်ဆင်ရန် လိုအပ်ချက်များရှိနေသလို လယ်ဧကပေါင်း သောင်းနှင့်ချီ ရေလွှမ်းခံရပြီး ပြန်လည်စိုက်ပျိုးရန် မျိုးစပါးလိုအပ်ချက်လည်း ရှိနေသည်ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာဒေသခံ အဒူလ်ရာမန်ကမူ မုန်တိုင်းဒဏ်ကြာင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားသည့် ယင်းတို့ရွာအတွက် အိမ်ခြေ ၂၃ အိမ်သာ ဆန် နို့ဆီဗူး ၆ဗူး၊ ဆီ ၁လီတာ ရသည်၊ ကျန်အိမ်ထောင်စုများမှာမူ အိမ် ၅ အိမ်ပေါင်း ဆီ ၁ လီတာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအဆင့်ရှိသူတို့က ထောက်ပံ့သည်ဟု ဆိုသည်။ အခြားအကူအညီများမရရှိဟု ဆိုသည်။
ထိုကူညီမှုသည် မိုခါ ၃ လပြည့်သည့်တိုင် ဒေသအုပ်ချုပ်ရေးအဖွဲ့ ပေးခဲ့ဖူးသော အကူအညီဟုလည်း အဒူလ်ရာမန်ကပြောသည်။
လတ်တလောတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များမှာ တာလပတ်မိုးကာ နေကြရပြီး၊ လယ်များ ရေလွှမ်းသွားခြင်းကြောင့် လယ်သမားတို့ စိုက်ပျိုးရေး အခက်တွေ့နေပြီး မျိုးစပါးလိုအပ်ချက်ရှိနေသည်ဟု ဆိုသည်။
ထိုကဲ့သို့ ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသော လူပေါင်း ၁၈ သန်း ရှိနေသည်ဟုလည်း UNOCHA ၏ ဩဂုတ်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၂၀၂၁ ခုနှစ်အစတွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ရှိသူ ၃၈၀,၀၀၀ ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း ၁.၉ သန်း (ငါးဆနီးပါး) တိုးလာသည်ဟုလည်း UNOCHA က ဆိုသည်။
ထိုကဲ့သို့ လိုအပ်ချက်များ မြင့်တက်လာသော်လည်း မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသည် တစ်နှစ်ပတ်လုံး လိုအပ်သော ရန်ပုံငွေ၏ ၂၂ ရာခိုင်နှုန်းသာ ရရှိပြီး ကြီးမားသည့် ကွာဟချက်ရှိနေသည်ဟုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)