သတင်း

ရခိုင်ဒေသရေဘေးကြောင့် ရွာပေါင်း ၄၀၀ နီးပါး အရေးပေါ်အကူအညီလိုနေ

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာပေါင်း ၃၉၀ ရေကြီးမှုဒဏ်ခံခဲ့ရပြီး အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဩဂုတ် ၁၄) တွင် ထုတ်ပြန်သည်။

ဇူလိုင် ၃၁ မှ သြဂုတ် ၁၀ အတွင်း ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် ရေကြီးမှုကြောင့် လူနေအိမ် ၂၈၀၇၂ အိမ် ထိခိုက်ခဲ့သည်ဟု ဆိုသည်။

လူ ၅ ဦးနှင့် ကျွဲနွားတိရစ္ဆာန် ၁၅၀ ခန့် သေဆုံးသည်၊ လယ်ဧကပေါင်း ၇၀၅၃၇ ဧက၊ သောက်ရေကန် ၈၅ ကန်၊ တာတမံ ၅ ခု၊ တံတား ၃ စင်း ပျက်စီးသည်ဟု AA က ဆိုသည်။

ရခိုင်ဒေသသည် မေလလယ်ပိုင်းကလည်း မိုခါမုန်တိုင်းတိုက်ခတ်မှု ခံခဲ့ရသည်၊ ယခုအခါ ရေကြီးမှုကိုပါ ထပ်မံကြုံရခြင်းကြောင့် အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ ရရန် အရေးပေါ်လိုအပ်လျက်ရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူဦးရေ ၃၀၀၀ နီးပါး ခိုလှုံနေသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်လည်း ရေကြီးမှုကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးသွားသည့် နေအိမ် ၁၅၀ ခန့်ရှိသည်။

ထိုအိမ်များ ပြန်လည်ပြုပြင်ရေး၊ စားနပ်ရိက္ခာ ရရှိရေး အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုဦးသန်းအေးက ပြောသည်။

“ရေက အိပ်ဆောင်တွေအထိ တက်သွားတယ်။ ရေက ၇ ပေ အကျော်ကြီး တက်သွားတယ်။ လူနေတဲ့အဆောင်တွေ ပျက်စီးသွားတာ၊ ယိုင်နဲ့သွားတာရှိတယ်။ လိုအပ်တာကတော့ စားနပ်ရိက္ခာပိုင်းရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းရယ် လိုအပ်တယ်။ ရေကျသွားတော့ နွံတွေ ကျန်လိုက်တယ်။ အဲ့တော့ နေပူလာရင် အနံ့တွေထွက်လာလို့ ကျန်းမာရေးပိုင်းတွေလည်း ထိခိုက်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာ ရေလွှမ်းမိုးခံရသည်ကို ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်။

လူနေအိမ် ၃၀၀ နီးပါးရှိသည့် မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေကြီးမှုကြောင့် စစ်ဘေးရှောင်နေအိမ် ၃၁ လုံး အနည်းငယ် ပျက်စီးသွားသည်၊ ၉ အိမ်မှာ လုံးဝ ပျက်စီးသွားသည်ဟု စခန်းတာဝန်ခံ ဆရာတော် အရှင်နန္ဒသာရက မိန့်သည်။

“မိုခါမုန်တိုင်းတိုက်တုန်းက ကယ်ဆယ်ရေးစခန်းတစ်ခုလုံး ပျက်စီးသွားတယ်။ အဲဒီတုန်းကလည်း ဘယ်သူ့ဆီကမှ အကူအညီမရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ရတယ်။ ရှိတာလေးကို ရောင်းတာရောင်း၊ ပေါင်တာပေါင်ပေါ့၊ မိုးရေထဲမှာ နေလို့မရတာကိုး၊ အခုတစ်ကြိမ် ရေကြီးလာတော့ ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ဖို့ဆိုတာ မလွယ်ဘူး” ဟု ဆရာတော်က မိန့်သည်။

အလားတူ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာတွင်လည်း ကျေးရွာအတွင်း ရေ (၇) ပေခန့် မြင့်တက်ခဲ့သည်။ နေအိမ်များ မပျက်စီးသော်လည်း လယ်ယာမြေများစွာ ပျက်စီးဆုံးရှုံးမှုရှိသဖြင့် အလွန်ခက်ခဲနေကြသည်ဟု လယ်သမား ဦးမောင်နှောင်းက ပြောသည်။

“ရေကြီးတော့ နွံတွေ ကျန်နေတယ်၊ မိုးမရွာတော့ဘူး၊ နေပူနေတယ်ဆိုတော့ အပင်တွေ သေသွားတယ်၊ အခုက ပြန်ထွန်နေရတယ်။ ဒါပေမဲ့ မျိုးစပါးတွေ၊ မြေဆီတွေ လိုအပ်ချက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အခြေအနေများကြောင့် ရေဘေး၊ လေဘေး ဒဏ်သင့်များအတွက် လတ်တလော အရေးတကြီးလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီပေးကြရန် AA က အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၄ က မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများစွာရှိခဲ့သည်။ ပြည်သူများလည်း အရေးပေါ်အကူအညီ လိုအပ်နေသော်လည်း စစ်ကောင်စီ ကူညီထောက်ပံ့ပေးမှု နည်းပါးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင် ကန့်သတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button