သတင်း

လွိုင်ကော်မြို့ နေရာအများအပြားကို တော်လှန်ရေးအင်အားစု ဆက်ထိန်းချုပ်ထား

လွိုင်ကော်မြို့တော်အတွင်း စစ်ကောင်စီတပ် ခုခံစစ်ဆင်သည့် နေရာများထဲတွင် ဘုရားကျောင်း၊ အကျဉ်းသား ရာနှင့်ချီရှိသော လွိုင်ကော်ထောင်တို့လည်း ပါဝင်သည်။

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ပိတ်ဆို့ တိုက်ခိုက်မှု တစ်လကျော်ကြာလာချိန်တွင်  မြို့ဧရိယာ နယ်မြေ အများစုကို ဆက်လက်ထိန်းချုပ်ထားသည်ဟု ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF တပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင် တိုက်ခိုက်နေပြီး ထိုထိုးစစ်ကို   ၁၁.၁၁ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

လွိုင်ကော်တွင် စစ်ကောင်စီတပ်က နေရာအနည်းစုတွင်သာ ရှိနေပြီး တော်လှန်ရေးအင်အားစုက နေရာ အများအပြားကို သိမ်းယူထားနိုင်သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

“လွိုင်ကော်မြို့ရဲ့ ၈၅ ရာခိုင်နှုန်းကို သိမ်းယူထားနိုင်ပြီလို့ ပြောလို့ရပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ် ရှိနေသည့် နေရာများမှာ နောင်ယားရပ်ကွက်ရှိ ကက်သလစ် ဘုရားကျောင်း၊ မီးသတ်ရုံး၊ မင်းစုရပ်ကွက်ရှိ ဆေးရုံကုန်း၊ လွိုင်ကော်အကျဉ်းထောင်တို့ ဖြစ်သည်ဟု သိရသည်။

လွိုင်ကော်အကျဉ်းထောင်ကို သိမ်းယူနိုင်ရန် ဒီဇင်ဘာ ၁၆ နှင့် ၁၇ တို့တွင်  ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

“လွိုင်ကော်ထောင်ကို နှစ်ရက်ရှိပြီ လုပ်တာ၊ အဆင်မပြေဘူး။ ခဏပြန်နားထားတယ်။ အခြေအနေ အမျိုးမျိုးကြောင့်ပေါ့နော်” ဟု ၎င်းက ဆိုသည်။ 

ထိုတိုက်ပွဲအခြေအနေ အသေးစိတ်ကို ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုခြင်းမရှိပေ။

တိုက်ပွဲတွင် KNDF တပ်မှူးတစ်ဦးဖြစ်သူ ဆရာကျောင်း  ထိခိုက် သေဆုံးသွားသည်ဟု Myanmar Now က အတည်ပြုနိုင်သည်။

လွိုင်ကော်ထောင်အတွင်း ထိန်းသိမ်းခံနေရသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပါဝင်နေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းပြုချက်အရ သိရသည်။

စစ်ကောင်စီတပ် ခံစစ်ပြင်ထားသည့် နေရာတွင် အကျဉ်းသားများလည်း ရှိနေသဖြင့် တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်ရ ခက်နေသည်ဟုလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

ဒီဇင်ဘာ ၉ ရက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို သိမ်းယူပြီးနောက် တွေ့ရသည့် ကရင်နီပူးပေါင်းတပ်များ။ (ဓာတ်ပုံ-PKPF)

၁၁.၁၁ စစ်ဆင်ရေး၏ အထင်ကရ တိုက်ပွဲများ

လွိုင်ကော်မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံကဲ့သို့ နေရာ ၁၈ ခုခန့်တွင် စစ်တပ်က ခံစစ် ပြင်ထားခဲ့ရာ ထိုအထဲမှ နေရာ ၁၀ ခုခန့်ကို တော်လှန်ရေးအင်အားစုက သိမ်းယူထားနိုင်ပြီဟု KNDF  ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုထားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က အစပြုသည့်   ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်တက္ကသိုလ်၊  ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများမှာ ထင်ရှားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်အတွင်းရှိ တပ်စခန်းကို KNDF က တိုက်ခိုက်သိမ်းယူလိုက်နိုင်သည်။ တိုက်ပွဲအတွင်း  စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်သား ၁၁၀ ခန့် သေဆုံးသည်ဟု KNDF က ဆိုသည်။

တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို အပါအဝင် အထိနာနေကြသော စစ်သား ၃၂ ဦး လက်နက်ချခဲ့ကြသည်၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်ခဲ့သည်။

KNDF က လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမနှင့် မိသားစုဝင် ၂၀၀ ကျော်ကို  တိုက်ပွဲဖြစ်သည့် နေရာမှ ကယ်ထုတ်ခဲ့ရသည်။ 

လတ်တလော လွိုင်ကော်တက္ကသိုလ်တွင် ကျင်းပမည့် အဝေးသင်စာမေးပွဲများကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ – KNDF)

မြို့တော်လွိုင်ကော်၌ အခြေစိုက်ထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၉ ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူခဲ့သည်။ အင်အား ၅၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု Progressive Karenni People Force – PKPF ၏ ထုတ်ပြန်ချက်တွင် ရဲအချုပ်ကား၊ အထိကရုဏ်းနှိမ်နင်းရေး ရဲကား၊ ရဲတပ်ဖွဲ့သုံး ဆိုင်ကယ် ၁၀ စီးခန့်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် လွိုင်ကော်ခရိုင်တရားရုံးလည်း နိုဝင်ဘာ ၁၆ ရက်နေ့ တိုက်ပွဲကာလတွင် မီးလောင်သွားခဲ့သည်။

လွိုင်ကော်မြို့နယ်သည် စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာရှိပြီး ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်အတွင်း လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။   မြို့နေလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် နယ်မြေထိစပ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ခိုလှုံနေကြရသည်။

KNDF  ဥက္ကဋ္ဌ ခွန်းဘီထူးက လွိုင်ကော်မြို့၏ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချမည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ မြို့သိမ်းတိုက်ပွဲများသည် ပျက်စီးနစ်နာမှုများနိုင်သည်ကို သိသော်လည်း အာဏာရှင်စနစ် အမြစ်မတွယ်ရန် စစ်ဆင်ရေးကို ချမှတ်ခြင်းဖြစ်ရာ ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြရန် ခွန်းဘီထူးက တိုက်တွန်းထားသည်။

နိုဝင်ဘာ ၁၆ ရက်က မီးလောင်သွားသည့် လွိုင်ကော်ခရိုင်တရားရုံးကို တွေ့ရစဉ်၊ (ဓာတ်ပုံ − Khu Reedu)

မယ်စဲ့မြို့ကို အပြည့်အဝ ထိန်းချုပ်ထား

ကရင်နီပြည်နယ်အတွင်းရှိ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ ရှမ်းပြည်နယ် မိုးဗြဲမြို့များကိုလည်း သိမ်းပြီးဖြစ်သည်ဟု ခွန်းဘီထူးက Myanmar Now ကို ပြောသည်။ ကရင်နီပြည်နယ်၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် လူဦးရေ ၈၀၀၀ ခန့်နေထိုင်သည့် မယ်စဲ့မြို့ကိုလည်း တော်လှန်ရေး အင်အားစုက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

မယ်စဲ့မြို့နယ် ပန်တိန်းဒေသအတွင်း၌ နေရာယူတပ်စွဲထားသည့် စစ်တပ်သည် နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားရာ မယ်စဲ့မြို့နယ်သည် တော်လှန်ရေး အင်အားစု ထိန်းချုပ်ရာ ဒေသဖြစ်လာခဲ့သည်။

တော်လှန်ရေးအင်အားစုက မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ယခုနှစ် ဇွန်လ ဆန်းတွင် တိုက်ခိုက်ရာ မယ်စဲ့ဒေသအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်တပ်က  စစ်ကူလိုက်ပါလာပြီး မယ်စဲ့မြို့နယ် ပန်တိန်းရှိ နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်နှစ်ခုကို  ဇွန်လကုန်ပိုင်းက စတင်ပြီး ယာယီ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း ၁၁.၁၁ စစ်ဆင်ရေးကြောင့်   စစ်ကောင်စီတပ် ပန်တိန်းဒေသမှ ဆုတ်ခွာသွားခဲ့ခြင်းကြောင့် မယ်စဲ့ဒေသအတွင်း၌ စစ်ကောင်စီ တပ်စခန်းများ မရှိတော့ပေ။

တိုက်ခိုက်ခံရသော မယ်စဲ့မြို့မရဲစခန်းကို ၂၀၂၀ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အက်စတာဂျေ/Myanmar Now)

လက်ရှိ ကရင်နီဒေသအတွင်း၌ စစ်တပ်က ဖားဆောင်း၊ ရှားတော၊ ဘော်လခဲ နှင့် လွိုင်ကော်မြို့ရှိ နေရာအချို့တွင်သာ ကျန်တော့ကြောင်း ကရင်နီတပ်မတော် (KA)ဘက်က  ဆိုသည်။

“သူတို့ တပ်က ဖားဆောင်းမှာ ရှိမယ်၊ ဘော်လခဲမှာက သူတို့ ဗျူဟာရုံးရှိမယ်၊ လွိုင်ကော်မှာက သုံးလေးနေရာလောက် ကျန်မယ်။ လွိုင်ကော်ကနေ ရှားတောသွားတဲ့ ပွန်ချောင်းလမ်းကိုလည်း ကျွန်တော်တို့ သိမ်းလိုက်ပြီ။ မိုးဗြဲကိုလည်း သိမ်းထားပြီးပြီ” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

မိုးဗြဲမြို့သည် ရှမ်းပြည်နယ်၊​ ဖယ်ခုံမြို့နယ်အတွင်း ပါဝင်သော်လည်း ထိုဒေသကို ကရင်နီပြည်နယ်အရေး လှုပ်ရှားသူတို့က ၎င်းတို့၏ ဒေသအဖြစ် သတ်မှတ်ထားသည်။  

မိုးဗြဲမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှာ  မြို့မြောက်ဘက်ရှိ မိုးဗြဲဆည်တွင် တပ်စွဲထားဆဲဖြစ်ကြောင်း  ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

မိုးဗြဲ မှ လွိုင်ကော်မြို့သို့ သွားရာလမ်းကြောင်းကိုလည်း တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်ကို ဝိုင်းပတ် ပိတ်ဆို့ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်လိုသူ အများအပြားသည် ကရင်နီဒေသ လက်နက်ကိုင်အဖွဲ့များတွင်လည်း ပူးပေါင်းပါဝင်နေကြသည်။

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသများပြမြေပုံ။

နယ်စပ်ဒေသဖြစ်သော၊ ရှမ်းပြည်နယ်နှင့်လည်း ထိစပ်နေသော ဤဒေသသည် လက်နက်ခဲယမ်း ဝယ်ယူနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိပြီး စစ်ကောင်စီတပ် အထိနာစေရန် တိုက်ခိုက်နိုင်သော  ဒေသများထဲတွင် ကရင်နီပြည်နယ်လည်း ပါဝင်လာသည်။

ဒေသတွင်း တော်လှန်ရေးအင်အားစု၏ အောင်မြင်မှုများမှာ  ရှမ်းပြည်နယ်အတွင်း   စခန်းသိမ်းတိုက်ပွဲကြီးများ ပါဝင်သည့်  ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။

ကရင်နီပြည်နယ် တော်လှန်ရေး အင်အားစုထဲမှ KNDF သည်  ၁၀၂၇ စစ်ဆင်ရေးတွင်ပင် ပါဝင် အားဖြည့်ထားသည်။

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ အခြေချရာ နေပြည်တော်နှင့် မိုင် ၁၄၀ ကွာဝေးပြီး ကားလမ်းခရီးဖြင့် သွားရောက်ပါက ၅ နာရီခန့် ကြာမြင့်နိုင်သည်။

ကရင်နီပြည်နယ်ကို ပါလီမန်ခေတ် ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက် ၁၉၅၂ ခုနှစ်တွင် ကယားပြည်နယ်ဟု အမည်ပြောင်းခဲ့သည်။ 
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစု ဖွဲ့စည်းထူထောင်ခဲ့သည့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ကယားပြည်နယ်အစား “ကရင်နီပြည်နယ်” ဟု ခေါ်ဝေါ်သုံးစွဲရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button