
ကချင်ပြည်နယ်၊ ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်းရှိ ဆဒုံးမြို့အပါအဝင် စစ်ကောင်စီတပ်၏ အထိုင်စခန်းများကို ဇွန်လ ၁၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ပြီးနောက် တရုတ်−မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ကန်ပိုင်တည်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်သွားသည်။
ထိုနေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ စစ်တပ်ကုန်းများ၊ စစ်ဆေးရေးဂိတ်များ၊ နယ်ခြားစောင့်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများ တစ်နေကုန် ဖြစ်ပွားပြီးနောက် ဆဒုံးမြို့ဗျူဟာကုန်းစခန်း၊ နယ်ခြားစောင့်တပ်စခန်းများ၊ ပြည်သူ့စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့က သိမ်းလိုက်တာကတော့ စခန်းက ၄ ခုဖြစ်ပါတယ်၊ သူတို့ဘာသာ သူတို့ထွက်ပြေးသွားတဲ့ စခန်းကတော့ ၆ ခုဖြစ်ပါတယ်၊ အားလုံးကတော့ ၁၀ ခုပေါ့။ ဆဒုံးကတော့ ဗျူဟာရုံးပေါ့နော်၊ အဲဒါကတော့ မနေ့ညနေပိုင်းက သိမ်းလိုက်ရတာဖြစ်ပါတယ်” ဟု ယနေ့ (ဇွန် ၁၂) နေ့လယ်ပိုင်းတွင် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဆဒုံးမြို့အနီးရှိ ဗျူဟာကုန်းကို ယမန်နေ့ (ဇွန် ၁၁ ရက်) က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့အဝင်စစ်ဆေးရေးဂိတ် စသည်တို့ကို ယနေ့နံနက်တွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
ဆဒုံးမြို့တွင်း နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်နေသလို စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်များက လိုက်လံ တိုက်ခိုက်နေသည်ဟု ဆိုသည်။
အဆိုပါ စခန်းများ သိမ်းပိုက်ခံရပြီးနောက် မိုင် ၇၀ ကျော် ရှည်သည့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်းကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး လမ်းကို ယာယီပိတ်ဆို့ထားကာ ကုန်သွယ်မှု ရပ်ထားသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အခုလောလောဆယ်ကတော့ ကားတွေလည်း သွားလာလို့မရတော့ဘူးပေါ့နော်၊ တိုက်ပွဲတွေ ရှိတဲ့အခါကျတော့ လုံခြုံရေးအရ ပိတ်ထားတာပေါ့၊ (ကုန်သွယ်ရေး) လောလောဆယ်ကတော့ ရပ်ထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်အတွင်း တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ နှစ်မြို့ရှိရာတွင် လွယ်ဂျယ်မြို့ကို ဧပြီလအတွင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဖြစ်သည်။
ယခုနှစ် မေ ၁၄ ရက်မှ ၁၈ ရက်အတွင်း ကန်ပိုင်တည် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုးမှာ ၅ ရက်အတွင်း ဒေါ်လာ ၅.၅၂၇ သန်း ရှိကြောင်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် The Global New Light of Myanmar သတင်းစာတွင် ရေးသားထားသည်။ တစ်ရှုးငှက်ပျောကို အများဆုံးတင်ပို့ပြီး ဆန်နှင့် ပဲအမျိုးမျိုးတို့ကို တရုတ်နိုင်ငံသို့ အများဆုံး ကုန်သွယ်ကြသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ကန်ပိုင်တည်မြို့အနီးတွင် စစ်ကောင်စီတပ်စခန်းတချို့ ကျန်ရှိနေပြီး မြို့ကို စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားသည်ဟု သိရသည်။
ဝိုင်းမော်-ကန်ပိုင်တည်လမ်းတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေသလို ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဧရာဝတီမြစ်သာ ခြားသည့် ဝိုင်းမော်မြို့တွင်လည်း မြို့အနီး၌ပင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။ ဝိုင်းမော်မြို့နှင့် ၁၃ မိုင်ခန့်အကွာရှိ ၁၃ မိုင် စုပေါင်းဂိတ်တွင် KIA က ပိတ်ဆို့ထားသည်ဟု သိရသည်။
ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေချိန်တွင် KIA က ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ မြို့လှ၊ ဆွမ်ပရာဘွမ်မြို့တို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားရာ ယခု သိမ်းပိုက်လိုက်သည့် ဆဒုံးမြို့နှင့်ဆိုလျှင် မြို့ပေါင်း ၇ မြို့အထိ သိမ်းပိုက်ထားသည်။