သတင်း

စစ်ကိုင်းမြို့မှ CDM ဝန်ထမ်းဇနီးမောင်နှံနှင့် မိသားစုဝင် ဖမ်းဆီးခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်နေ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဇနီးမောင်နှံနှင့် မိသားစုဝင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီက စက်တင်ဘာ ၃၀ မနက်ပိုင်းတွင် ဖမ်းဆီးသွားသည်ဟု သိရသည်။

ထိုသူတို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာများဖြစ်ကြသည့် ၃၅ နှစ်အရွယ် ဦးအောင်ဆန်းဝင်း၊ ဇနီး ဒေါ်မျိုးစုသက်၊ ညီမဝမ်းကွဲတော်စပ်သူ ဂျပန်ဘာသာစကား ဆရာမတို့ ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းမြို့ခံနှစ်ဦးက အတည်ပြုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဇနီးမောင်နှံတို့၏ နေအိမ်သို့ ဝင်ရောက်ကာ ကွန်ပျူတာကို စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသားက Myanmar Now ကို ပြောသည်။

“သူတို့အိမ်မှာပဲ (စစ်ကောင်စီတပ်က) တစ်ခါတည်းဝင်လာတာ။ ဝင်နေတုန်း ညီမတစ်ဝမ်းကွဲတော်သူက သူ့အစ်မဆီကို ဖုန်းလှမ်းဆက်တာ။ ဟိုမှာက ဝင်ပြီးဖမ်းနေပြီ။ ဖုန်းကခေါ်နေတာ အကြိမ်ကြိမ်ခေါ်ချိန်မှာ ဒီဖုန်းက ဘယ်သူတုန်း။ ဒီဖုန်းရှိတဲ့သူအိမ်ကို လိုက်ပြခိုင်းပြီး တစ်ခါတည်း ဆွဲခေါ်သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့သုံးဦးကို စစ်ကိုင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို အတိအကျ မသိရသေးပေ။ ယမန်နေ့ (အောက်တိုဘာ ၅ ရက်) တွင် မိသားစုဝင်များနှင့် တွေ့ခွင့်ပေးသည်ဟု သိရသည်။

ဖမ်းရသည့် အကြောင်းရင်းကို အာဏာသိမ်းဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

CDM ဝန်ထမ်းနှစ်ဦးကို စစ်ဆေးရာတွင် လက်ကိုင်ဖုန်းအတွင်း တော်လှန်ရေးအင်အားစုများအကြောင်း ပြောဆိုထားသော မှတ်တမ်းများတွေ့ရသည်ဟုဆိုကာ ညီမဝမ်းကွဲဖြစ်သူကိုပါ ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်တပ်၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများက ရေးသားကြသည်။

ဆောက်လုပ်ရေးအင်ဂျင်နီယာများဖြစ်ကြသည့် ဦးအောင်ဆန်းဝင်းနှင့် ဇနီး ဒေါ်မျိုးစုသက် (ဓာတ်ပုံ – ပေးပို့)

စက်တင်ဘာလကုန်ပိုင်းကစတင်ကာ မန္တလေးမြို့တစ်ဖက်ကမ်း ဧရာဝတီမြစ်သာ ခြားသည့် စစ်ကိုင်းမြို့ပေါ်တွင် အဖမ်းအဆီးများစိပ်လာပြီး ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာမတစ်ဦးနှင့် နာမည်ကြီး ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးတို့လည်း ဖမ်းဆီးခံခဲ့ရသည်။

တော်လှန်ရေးအင်အားစုများနှင့် ဆက်နွှယ်သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကိုင်းမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အသက် ၅၇ အရွယ် ကျောင်းအုပ် ဒေါ်ထားထားဦးကို စက်တင်ဘာ ၂၁ တွင် ဖမ်းဆီးကာ ကျောင်းကို ချိပ်ပိတ်ခဲ့သည်။

ထို့အတူ စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ ဈေးလမ်းရှိ Hello ဖုန်းဆိုင်၏ ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် ကိုဝေဖြိုး စက်တင်ဘာ ၁၉ ညပိုင်းတွင် အဖမ်းခံရသည်၊ နောက်တစ်နေ့တွင် ပြန်လွတ်လာသော်လည်း နာရီပိုင်းအတွင်း ထပ်မံ အဖမ်းခံရပြန်ကာ ၎င်း၏ ဖုန်းဆိုင်လည်း ချိပ်ပိတ်ခံရသည်။

စစ်ကိုင်းမြို့နယ်သည် စစ်ကောင်စီကို လက်နက်ကိုင်ခုခံသည့် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းလျက်ရှိသည်။ စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွင် အဖမ်းအဆီးကြမ်းနေသလို ကျေးရွာများကို မကြာခဏစီးနင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသူပေါင်း ၄၁၄၁ ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၉၆၆၁ ဦးရှိကာ ၇၆၆၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ၂၀၂၃ အောက်တိုဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုကိန်းဂဏန်းသည် လက်လှမ်းမီသရွေ့ လေ့လာစုံစမ်းထားသည့် အချက်အလက်များအပေါ် အခြေခံသဖြင့် ဖမ်းဆီး၊ သတ်ဖြတ်ခံရသူ အရေအတွက်မှာ ပိုမို များပြားနိုင်သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button