စစ်ကိုင်းမြို့မှ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကို စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် ဖမ်းဆီးလိုက်ပြီး နောက်တစ်နေ့တွင် ထိုကျောင်းကို ချိပ်ပိတ်လိုက်သည်။
စာသင်ကျောင်းရှေ့ ချိတ်ဆွဲထားသည့် စစ်ကောင်စီ၏ သတိပေးချက်တွင် ထိုကျောင်းသည် စစ်ကောင်စီက အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲ ဖော်ပြထားသည်။
စစ်တပ်ဝါဒဖြန့် Telegram နှင့် Facebook စာမျက်နှာများတွင်လည်း အသက် (၅၇) အရွယ် ကျောင်းအုပ် ဒေါ်ထားထားဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်သည့် စစ်ကိုင်းဖက်ဒရယ်ကျောင်းတွင် စာသင်ပေးနေသည့် အထောက်အထားများ တွေ့ရှိသည်ဟု စွပ်စွဲထားကြသည်။
ဝါဒဖြန့်စာမျက်နှာများတွင် စွပ်စွဲရေးသားမှု၊ ဖမ်းဆီးမှုများမှာ အချိတ်အဆက်ရှိရှိ လုပ်ဆောင်နေသော စစ်ကောင်စီ၏ လုပ်ငန်းစဉ် ဖြစ်ဖွယ်ရှိကြောင်း၊ သတင်းထုတ်ပြန်သည့်အခါ ပြည်သူတို့၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြတတ်ကြောင်း လေ့လာသူတို့က ဆိုသည်။
ဝါဒဖြန့်စာတွင် ကျောင်းအုပ်ကြီးနှင့် ပတ်သက်ပြီး ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
“သတင်းတွေကတော့ ဆရာမကြီးကို မဟုတ်မမှန် ရေးသားထားတာတွေ ရှိနေတယ်။ ဆရာမကြီးက သူ့ကျောင်းက ကလေးတွေရော ဝန်ထမ်းတွေရောအပေါ်မှာ တကယ်ကို စေတနာကောင်းပြီး မေတ္တာထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်” ဟု ထိုသူက ပြောသည်။
ဒေါ်ထားထားဦးကို စတင် ဖမ်းဆီးစဉ်က မိသားစုဝင်များလည်း အဖမ်းခံခဲ့ရသည်ဟု စစ်ကိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“လာဖမ်းတုန်းက သားသမီးတွေနဲ့ ချွေးမ အပါအဝင် မိသားစုဝင်တွေကိုပါ အကုန် ဖမ်းသွားတယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာ မိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ဆရာမကြီးကိုတော့ ဆက်ဖမ်းထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။
လက်ရှိတွင် ကျောင်းအုပ်ဆရာမကြီးကို စစ်ကောင်စီက မည်သည့်နေရာတွင် ထိန်းသိမ်းထားပြီး မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို မသိရှိရသေးပါ။ Myanmar Now က ပိုမို သိရှိနိုင်ရန် မိသားစုဝင်များကို ဆက်သွယ်နေဆဲဖြစ်သည်။
စစ်ကိုင်းမြို့၊ သာစည်ရပ်တွင် တည်ရှိသော ထိုစာသင်ကျောင်းတွင် ကျောင်းသူကျောင်းသားအရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ၊ ကလေးများ ပညာသင်နေဆဲကာလတွင် စစ်ကောင်စီက ကျောင်းကို ချိပ်ပိတ်ခြင်း ဖြစ်သည်။
ဒေါ်ထားထားဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဆွေမျိုးတော်စပ်သူဟု မြို့ခံတချို့က ဆိုကြသည်။ ဝန်ကြီးချုပ်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ အမှု ၇ ခု ဖန်တီးပြီး ထောင်ဒဏ် ၂၁ နှစ် ချထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မန္တလေးမြို့လယ်ရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းကို ချိပ်ပိတ်ပြီး ကျောင်းတည်ထောင်သူများကို ဖမ်းဆီးခဲ့သည်။
စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ပိုးတန်းရပ်၊ ဈေးလမ်းရှိ Hello Mobile ဖုန်းဆိုင်ကို ချိပ်ပိတ်ပြီး ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာရာ လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရသူများကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတပ် အမှုဖွင့်သလို အိမ်၊ လုပ်ငန်းတို့ကိုလည်း ချိပ်ပိတ်လေ့ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ လက်လှမ်းမီသမျှ လေ့လာချက်အရ အာဏာသိမ်းမှုဆန့်ကျင်သူဟု စွပ်စွဲပြီး စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားသူအရေအတွက် ၁၉၂၆၀ ထက်မနည်း ရှိသည်ဟု သိရသည်။ အရေအတွက်အမှန်မှာ ထို့ထက် ပိုများနိုင်သည်ဟု အသင်း၏ စက်တင်ဘာ ၂၂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)