
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်မှုမှ တိမ်းရှောင်နေသူဟု စစ်ကောင်စီကာ စွပ်စွဲ ဖမ်းဆီးလိုက်ပြီး ဆိုင်ကို ချိပ်ပိတ်လိုက်သည်ဟု သိရသည်။
ပိုးတန်းရပ်ကွက်၊ ဈေးလမ်းရှိ “Hello Mobile” ဆိုင်၏ ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် ကိုဝေဖြိုး စက်တင်ဘာ ၁၉ ညပိုင်းတွင် အဖမ်းခံရသည်၊ နောက်တစ်နေ့တွင် ပြန်လွတ်လာသော်လည်း နာရီပိုင်းအတွင်း ထပ်မံ အဖမ်းခံရပြန်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တံခါးတွေကို ဖျက်တဲ့အတွက် ဖွင့်ပေးလိုက်တယ်။ အဲဒီမှာ ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို ဖမ်းသွားတယ်။ နောက်တစ်နေ့ မနက်အစောမှာ ပြန်လွှတ်ပြီး ၉ နာရီမှာ ပြန်လာဖမ်းပြန်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။
ဖမ်းဆီးရသည့် အကြောင်းရင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စက်တင်ဘာ ၂၀ ညပိုင်းတွင် ၎င်း၏ မိုဘိုင်းဖုန်းဆိုင်ကို ချိပ်ပိတ်ခဲ့သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်မူ ကိုဝေဖြိုးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ)နှင့် ၅၂(က) အမှုတို့ဖြင့် တိမ်းရှောင်နေသူတစ်ဦးဖြစ်ပြီး လိုအပ်သော အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ယနေ့နံနက်တွင် ရေးသားထားကြသည်။
အဆိုပါစွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း အထက်ပါမြို့ခံက ဆက်ပြောသည်။
“သူ့စီးပွားရေး သူလုပ်ပြီး ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေးနေတဲ့လူပါ။ သူတို့စွပ်စွဲတာ မမှန်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ ဘာမှမလုပ်ပါဘူး” ဟု ၎င်းက ဆိုသည်။
မြို့ခံနောက်တစ်ဦးကလည်း ထိုဖမ်းဆီးမှု၏ နောက်ကွယ်တွင် အခြားရည်ရွယ်ချက် ရှိနိုင်သည်ဟု ခန့်မှန်းသည်။
“သူ့ဆိုင်ကိုသူ ဦးစီးပြီး စီးပွားရေးလုပ်နေတဲ့သူ။ ဘယ်မှလည်း မတိမ်းရှောင်ခဲ့ဘူး။ လာဖမ်းတာတောင် ဆိုင်ကို လာဖမ်းခဲ့တာပဲလေ” ဟု အဆိုပါ ဒေသခံက ပြောသည်။
“ဒါ ပိုင်ဆိုင်မှုတွေကို လိုချင်တယ်၊ ငွေညှစ်ချင်တယ်လို့ပဲ ယူဆရပါတယ်။ နောက်ပြီး လက်ရှိမှာ သူတို့ ပြောပြောနေတဲ့ အကြမ်းဖက်ဆိုတာက တကယ်တမ်း သူတို့ပဲ မဟုတ်ဘူးလား။ စစ်ကိုင်းတစ်ခွင် ပြဲပြဲစင်အောင် အကြမ်းဖက်၊ သတ်ဖြတ်၊ လုယက်နေတာက သူတို့စစ်ကောင်စီပဲ မဟုတ်ဘူးလား”
လက်ရှိတွင် ကိုဝေဖြိုး စစ်ကိုင်းမြို့ အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံနေရသည်ဟု မြို့ခံများက ပြောကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဒုရဲအုပ်ဇနီးမောင်နှံ အသတ်ခံထားရသည့် စစ်ကိုင်းမြို့ အနောက်ဘက် ကျေးရွာများတွင် စစ်ကောင်စီက အင်အား ၁၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာ ၁၅ မှစတင်၍ စစ်ကြောင်းထိုးနေရာ သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူ အများအပြားရှိနေသည်။
စစ်ကြောင်းဝင်ရောက်နေဆဲဖြစ်သည့်အတွက် ဖမ်းဆီးသတ်ဖြတ်မှုများကို အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးသော်လည်း စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် ၇ ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်ဟု စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now က ၄ ဦး၏ ဖြစ်ရပ်ကို အတည်ပြုနိုင်ခဲ့သည်။
ယခုအခါ စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကိုင်းမြို့နယ် ညောင်ကုန်းရွာ၊ ညောင်ကုန်းရွာစာသင်ကျောင်း၊ သလွန်ဖြူရွာ၊ စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရားအနီး ရွှေဘုံသာကျောင်းတို့တွင် အထိုင်ချ တပ်စွဲထားသည်၊ စစ်ကိုင်းမြို့ အနောက်ဘက်ရွာများကို ထွက်ပေါက်မရှိစေရန် ပိတ်ဆို့ထားပြီး ရှာဖွေဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)