
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် ကပ်လျက်ရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို ယခုလလယ်မှစတင်၍ စစ်ကြောင်းထိုးနေရာ အရပ်သား ၂ ဦး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး အသတ်ခံလိုက်ရသည်။
စက်တင်ဘာ ၁၅ မှစတင်၍ စစ်တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် မြို့အနောက်တောင်ဘက် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။
စက်တင်ဘာ ၁၈ နံနက်တွင် မြို့အနောက်ဘက် တဲကြီးကျေးရွာအနီးတွင် ရှိသော ကျေးရွာအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စခန်းငယ်တစ်ခုကို ထိုစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာပကဖ နှစ်ဦး သေဆုံးခဲ့သည်ဟု ထိုဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မွန်းလွဲပိုင်းတွင် တဲကြီးကျေးရွာမှ နေအိမ်အချို့ကို စစ်တပ်က မီးရှို့ခဲ့ပြီး ထွက်ပြေးသည့် ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကာကွယ်ရေးအဖွဲ့စခန်းကို စီးပြီးတော့ ဝိုင်းဖမ်းတာမှာ အများစုက လွတ်သွားတယ်။ နှစ်ယောက်ကတော့ ကျဆုံးသွားခဲ့တယ်။ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး ညနေပိုင်းကျတော့ ရွာသားနှစ်ယောက်ကိုလည်း XXX တွေက ပစ်သတ်လိုက်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
စခန်းစီးနင်းခံရမှုကြောင့် လက်နက်အများအပြားလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်တပ်၏ ဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် တဲကြီးကျေးရွာ တော်လှန်ရေးတပ်ဖွဲ့စခန်းကို စီးနင်းစဉ် တိုက်ပွဲဖြစ်ပြီး၊ နှစ်ဦး သေဆုံးကာ စခန်းအတွင်းမှ လက်လုပ်သေနတ် ၂၇ လက်၊ လက်လုပ်ဗုံးပစ်လောင်ချာ ၂ လက်၊ ဗုံးသီးများ၊ မိုင်းများနှင့် ခဲယမ်းအများအပြားကို ရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။
သို့ရာတွင် တဲကြီးရွာသားနှစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို ဖော်ပြထားခြင်း မရှိပေ။
အင်အား ရာဂဏန်းရှိသော အထက်ပါစစ်ကြောင်းသည် လတ်တလောတွင် တဲကြီးရွာအပါအဝင် စစ်ကိုင်းမြို့ အနောက်ဘက်ကျေးရွာများ၌ ဖြန့်ခွဲကာ နေရာယူတပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် လတ်တလောတွင် သတ်ဖြတ်ခံရသူများအခြေအနေ၊ အမည်၊ အသက်တို့ကို မသိရပေ။

စစ်ကိုင်းမြို့အနောက်ဘက် သလွန်ဖြူကျေးရွာသို့ အလည်အပတ်ရောက်နေသော မန္တလေးမြို့ တံတားဦးလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့် ဇနီး ပြီးခဲ့သည့် စက်တင်ဘာ ၁၃ က ပစ်ခတ် သတ်ဖြတ်ခံရပြီးနောက် မြို့အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ဒုရဲအုပ် သန်းမင်းစိုးသည် ယောက္ခမများရှိရာ သလွန်ဖြူကျေးရွာသို့ လာရောက်စဉ် လမ်းခရီးတွင် အသတ်ခံရခြင်းဖြစ်သည်။
စစ်ကိုင်းမြို့ပေါ်ထိ တက်ဖမ်း
စစ်ကောင်စီတပ်သည် ဒေသခံ ရွာသူရွာသားအများအပြားကို ဖမ်းဆီးစစ်ဆေးနေသလို ထိုစစ်ကြောင်းကြောင့် အနောက်ဘက်ကျေးရွာများမှ ထွက်ပြေး၍ စစ်ကိုင်းမြို့ပေါ်သို့ စစ်ရှောင်ကြသူများကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများအဆိုအရ သိရသည်။
စစ်ကောင်စီက စစ်ကိုင်းမြို့ပေါ်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်အရပ်သား ၇ ဦးကို ယမန်နေ့ (စက်တင်ဘာ ၁၈) တွင် မြို့ပေါ်၌ ဝင်ရောက် ဖမ်းဆီးခဲ့သည်။
“ရွာတွေကို ဝင်တဲ့အချိန် ရွာသားတွေကို ဖမ်းတာအပြင် မနေ့ကဆို မြို့ပေါ် ရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို လိုက်ရှာဖမ်းတာတွေ လုပ်တယ်။ တည်းခိုခန်းတစ်ခုမှာ စစ်လာရှောင်တဲ့သူ ၇ ဦးကို ဖမ်းသွားတယ်” ဟု စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နှင့် ကပ်လျက်မှ ကျေးရွာများအပြင် စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား၏ အနောက်ဘက်မှ ကျေးရွာများကို ည အပြင်မထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ကြောင်း ကောလာဟလ ပြန့်နှံ့ခဲ့၍ စစ်ကိုင်းမြို့ပေါ် လူထုမှာ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းလည်း မြို့ခံများက ဆိုသည်။
“ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်တစ်ကြောလုံးကို အပြင်မထွက်ရအမိန့်ထုတ်တယ်ဆိုပြီး သတင်းတွေ ပြန့်လာတာ၊ အဲ့လိုပြန့်လာတော့ မြို့ပေါ်က လူတွေကလည်း မာရှယ်လော (ညမထွက်ရအမိန့်) ထုတ်တယ်ဆိုပြီး၊ ကြောက်လန့်တကြားနဲ့ ဈေးဆိုင်တွေ ပိတ်ကြ၊ ကျောင်းက ကလေးတွေ ပြန်ခေါ်ကြနဲ့ ဖြစ်ကုန်တာ၊ လမ်းပေါ် လူကိုမရှိဖြစ်သွားတယ်” ဟု စစ်ကိုင်းမြို့မှ ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။
ငါးထပ်ကြီးဘုရားဝန်းကျင်ကျေးရွာများမှ မြို့ပေါ်တွင် ကျောင်းတက်နေကြသည့် ကျောင်းသားများကို မိဘများက မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ပြန်လည်ခေါ်ဆောင်ကြရာမှ မြို့ပေါ်လူထုကပါ စိုးရိမ်ကြောက်လန့်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ယနေ့တွင်မူ စစ်ကိုင်းမြို့ပေါ်တွင် အခြေအနေပြန်လည်တည်ငြိမ်နေပြီး၊ မြို့ခံလူထု သွားလာနေကြကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နှင့် တစ်ဆက်တည်းတွင် ရှိကြသည့် ကြွယ်လူး၊ ညောင်ကုန်း၊ သလွန်ဖြူ၊ ပေါက်လှ၊ ဒေါင်းမ၊ တဲကြီး၊ ဆင်မြေ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်မှာ စစ်ကိုင်းမြို့ပေါ်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ ဘုရားများအတွင်း စစ်ရှောင်နေကြရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)