သတင်း

မန္တလေးတွင် ကိုယ်ပိုင်ကျောင်း တည်ထောင်သူနှင့် ဆရာများ ဖမ်းဆီးခံရ

စစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၁၇) တွင် မန္တလေးမြို့လယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းကို ချိပ်ပိတ်လိုက်ပြီး ကျောင်းတည်ထောင်သူ အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။

နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် ၃၅ ဘီလမ်းနှင့် ၆၁ လမ်းထောင့်ရှိ Golden Gate Private High School ကို စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးနှင့် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျောင်းတည်ထောင်သူ အသက် ၄၅ နှစ် ဝန်းကျင် ဦးမြတ်ကျော် (သင်္ချာဆရာ)၊ ကျောင်းစီမံသူ ဆရာမ ဒေါ်ဖြူဖြူတို့ကို ဖမ်းဆီးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့မှုဖြင့် သူတို့နှစ်ဦးကို ဖမ်းထားသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ယမန်နေ့ ညနေပိုင်းက စွပ်စွဲ ရေးသားထားကြသည်။

ကိုယ်ပိုင်ကျောင်းတည်ထောင်သူသည် “လက်ရှိလည်း ထောက်ပို့လုပ်တယ်” ဟူသော စာသားပါ Golden Gate ကျောင်းပုံကို ပြီးခဲ့သည့် ၁၇ နာရီအတွင်း Facebook အကောင့်တု ၃၀ က အွန်လိုင်းတွင် ဖြန့်ဝေထားကြောင်း တွေ့ရသည်။

“ကျောင်းတည်ထောင်သူဆရာကို ထောက်ပို့လုပ်တယ်လို့ တိုင်ခံရပြီး လာဖမ်းတာ။ ကျောင်းက အခြား ဆရာ၊ ဆရာမတွေရော စုစုပေါင်း ငါးဦးလောက် ဖမ်းခံလိုက်ရတယ်” ဟု အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် အခြား ဆရာ၊ ဆရာမ ၃ ဦး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်လော်ဘီချန်နယ်များ၏ လှုံ့ဆော်မှု

ယမန်နေ့ ညနေတွင် ဦးမြတ်ကျော် ဒူးထောက်နေရပုံ၊ မျက်လုံး အဝတ်စည်းခံထားရသည့် ဆရာမ ဒေါ်ဖြူဖြူ မတ်တတ်ရပ်နေပုံ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကိုယ်ပိုင်ကျောင်းအဆောက်အအုံကို နိုင်ငံပိုင်သိမ်းဆည်းကြောင်း ဆိုင်းဘုတ်ကပ် ချိပ်ပိတ်နေပုံတို့ကို ဖော်ပြထားသည်။ ဓာတ်ပုံတွင် ဖမ်းဆီးခံရသူ ဆရာ၊ ဆရာမ နှစ်ဦးလုံး လက်ထိတ်နောက်ပြန်ခတ်ခံထားရသည်ဟု ယူဆရသည်။

ယင်းညမှာပင် စစ်ကြောရေးလုပ်ဆောင်နေသည်ဟု ယူဆရသည့် အဆောက်အအုံတစ်ခုတွင် ဖုန်း ၂ လုံး၊ ကွန်ပျူတာ၊ ပိုက်ဆံအိတ်တို့ကို ကိုင်ပြီး ထိုင်နေသည့် ဦးမြတ်ကျော်ပုံကို ဖော်ပြခဲ့ကြသည်။

ဦးမြတ်ကျော်သည် PDF ထံ လက်နက်ကိုင်ရန် ဝင်ရောက်သွားသည့် ရူပဗေဒဆရာ ဦးအောင်အောင်နှင့် ဦးပြည်သိန်းကျော်ဆိုသူတို့ကို ဆက်စပ်ထောက်ပံ့နေသည်ဟုလည်း စွပ်စွဲထားကြသည်။

ဆရာမ ဒေါ်ဖြူဖြူကိုလည်း ၂၀၂၁ ခုနှစ်အတွင်း လူမှုကွန်ရက်တွင် အကြမ်းဖက်မှုအားပေးသည့် ရေးသားမှုများ၊ သတင်းမျှဝေမှုများရှိသည်ဟု စွပ်စွဲထားသည်။

၃၅ လမ်းမကြီးအနီး သိန်းသောင်းချီ တန်ကြေးရှိသည့် ကျောင်းအဆောက်အအုံကိုပါ ချိပ်ပိတ်ကာ နိုင်ငံပိုင်သိမ်းဆည်းသည့်ပုံများလည်း ဖော်ပြခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းစက အွန်လိုင်းတွင် ဆန့်ကျင်ရေးသားမိသူတချို့ကို ဖမ်းဆီးရန် စစ်တပ်ဝါဒဖြန့် စာမျက်နှာများက အပြင်းအထန်လှုံ့ဆော်နေကြရာ မန္တလေးမြို့ခံများလည်း ဖမ်းဆီးခံနေရသည်။

အလားတူ မန္တလေးမြို့ရှိ ကာလပေါက်ဈေး တန်ကြေးရှိသော အဆောက်အအုံများ၊ လုပ်ငန်းများကို ပစ်မှတ်ထားကာ ချိပ်ပိတ်သိမ်းယူရန် လှုံ့ဆော်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း နာရီပိုင်းအတွင်း ဝင်ရောက်ဖမ်းဆီး သိမ်းယူနေသည်။

၂၀၁၆ တွင် စတင်တည်ထောင်ခဲ့သော Golden Gate အထက်တန်းကျောင်းသည် အခြေခံပညာ ပဉ္စမတန်းမှ ဒသမတန်းအထိ သင်ကြားပေးနေသည့် ကိုယ်ပိုင်ကျောင်းဖြစ်သည်ဟု သိရသည်။

စစ်တပ် အာဏာသိမ်းပြီးကာစ အစောပိုင်းကာလတွင် ကျောင်းပိတ်ထားပြီး ယခုနှစ်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများကို စစ်ကောင်စီက တွန်းအားပေး ဖွင့်လှစ်ခိုင်းစေခြင်းကြောင့် ပြန်လည်ဖွင့်လှစ်ထားသောကျောင်း ချိပ်ပိတ်ခံရသည့်အတွက် ထိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနစ်နာကြောင်း ကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မတရားလုပ်တာလို့ပဲ မြင်ပါတယ်။ သူတို့မှာ ဘာမှ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားပါ။ အခုဆို ကျောင်းမှာ တက်နေတဲ့ ကလေးတွေ၊ ကလေးမိဘတွေဆိုရင်လည်း ပိုက်ဆံတွေနစ်နာ၊ ကျောင်းတက်လက်စနဲ့ ဆိုတော့ သူတို့တွေ ပညာရေးလည်း ထိခိုက်တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု မသိရဘဲ မိသားစုနှင့်ပါ အဆက်အသွယ်မရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကောင်စီသည် ယခုလအတွင်း မန္တလေးမြို့ရှိ အာဏာသိမ်းမှုဆန့်ကျင်သူဟု ယူဆရသူ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် သူ၏ အသက် ၅၀ ဝန်းကျင်အရွယ် သမီးသုံးဦးတို့လည်း ပါဝင်သည်။

၎င်းတို့ကိုလည်း PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ လမ်းမကြီးပေါ်ရှိ သိန်းသောင်းချီ တန်ကြေးရှိသည့် သုံးထပ်တိုက်နေအိမ်နှင့် လုပ်ငန်းတို့ကိုပါ ချိပ်ပိတ် သိမ်းဆည်းထားသည်။

ယမန်နှစ်၊ ဩဂုတ် ၂၁ ရက်ကလည်း စစ်ကောင်စီသည် မန္တလေးမြို့မှ “မြန်မာသူရ”ကျောက်မျက်ကုမ္ပဏီပိုင်ရှင်၊ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရကို ဖမ်းဆီးခဲ့ပြီး PDF လှူဒါန်းထောက်ပံ့မှုစွဲချက်ဖြင့် ၎င်း၏ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။

လွတ်မြောက်နယ်မြေရောက် မန္တလေးဒေသခံ ဆန္ဒပြလူငယ်တစ်ဦးက စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က နိုင်ငံအနှံ့ စစ်ရေးအရ အားနည်း အထိနာနေပြီ။ မြေပြင်မှာ ယှဉ်မတိုက်နိုင်တော့ လေကြောင်းကိုပဲ အားကိုးနေရတာက သက်သေပဲ။ ဒီတော့ သူတို့အုပ်စိုးမိတဲ့ မြို့ပြတွေမှာ ဒီထက် မအုံကြွလာအောင်၊ ပိပြားနေအောင် ရက်ရက်စက်စက်တွေ လုပ်ပြနေတာပေါ့။ ဒါကို တောင့်ခံထားကြပါ။ သွေးမအေးကြပါနဲ့။ တော်လှန်ရေးကို ပါဝင်လို့ရတဲ့ နည်းလမ်းနဲ့ ပါဝင်ပေးကြပါ။ အောင်ပွဲက သိပ်မကြာတော့ပါဘူး”

စစ်ကောင်စီကမူ ၎င်းတို့သည် ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း မကြခဏ ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button