သြဂုတ်လ ဒုတိယပတ်အတွင်း စစ်ကောင်စီက မန္တလေးမြို့ရှိ အာဏာသိမ်းမှုဆန့်ကျင်သူဟု ယူဆရသူ ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးလိုက်ရာ ထိုအထဲတွင် အသက် ၇၀ ကျော် အမျိုးသမီးကြီးတစ်ဦးနှင့် သမီး ၃ ဦး ပါဝင်သည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ (ဩဂုတ် ၁၃) မွန်းလွဲ ၃ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၃၀ (လမ်း ၈၀ နှင့် ၈၁ လမ်းကြား) ရှိ “အောင်မြန်မာ” စက္ကူနှင့် စာရေးကိရိယာအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၇၀ ကျော်အရွယ် ဒေါ်မြင့်မြင့်သန်းနှင့် အသက် ၅၀ ဝန်းကျင်အရွယ် သမီး ၃ ဦးကို ဖမ်းဆီးသွားသည်။
အွန်လိုင်းသတင်းတစ်ပုဒ်အောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ချစ်ခင်လေးစားကြောင်း၊ အန္တရာယ်ကင်းစေရေးအတွက် သတိရှိစေလိုကြောင်း ဒေါ်မြင့်မြင့်သန်းက မှတ်ချက်ရေးသားခဲ့သည်၊ ဖမ်းဆီးရမည်ဟု စစ်တပ်ဝါဒါဖြန့်စာမျက်နှာများက လှုံ့ဆော်ခဲ့ကြပြီးနောက် နာရီပိုင်းအကြာ နေအိမ်နှင့် စတိုးဆိုင် ဝင်ရောက်စီးနင်းခံရခြင်းဖြစ်သည်ဟု အဆိုပါမြို့နယ်နေ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ရန်ကုန်မှာ စစ်ကောင်စီရဲ့ အိမ်တံခါးတွေခေါက်ဖို့ စေလွှတ်လိုက်ပြီဆိုတဲ့သတင်းပေါ့။ အဲဒီအောက်မှာ အန်တီကြီးက စောင့်ကြိုနေပါတယ်။ အန္တရာယ်ကင်းဖို့ သတိရှိကြပါ။ အားလုံးကို ချစ်ခင်လေးစားလျက်ပါ ဆိုပြီး ကွန်းမန့်ရေးတာ။ အဲဒီကွန်းမန့်ကို သူတို့တင်ပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ကြတယ်။ အဲဒီနောက် ဆိုင်နဲ့ အိမ်ကို ဝင်စီးတာ။ သမီးတွေကိုပါ ဖမ်းသွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးက ပြောသည်။
PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ လမ်းမကြီးပေါ်ရှိ တိုက်အိမ်နှင့် စတိုးဆိုင်ကိုပါ ချိပ်ပိတ်သွားသည်ဟု ယင်းအမျိုးသမီးက ဆိုသည်။
“ပြီးတော့ နေအိမ်ထဲက ရှာတွေ့တယ်ဆိုပြီး NLD အင်္ကျီတွေနဲ့ ဓာတ်ပုံရိုက်တယ်။ သုံးထပ်တိုက်နဲ့ စတိုးဆိုင်ကို ဗီနိုင်းကပ်ပြီး ချိပ်ပိတ်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ဒါကြီးက ဖြစ်လည်းမဖြစ်သင့်ဘူး။ ဒီလိုမှတ်ချက်ရေးသားတာလေးတောင် သူတို့ သဘောထားမကြီးနိုင်အောင် ကြောက်လန့်နေကြတာက ရှက်ဖို့ အတော်ကောင်းပါတယ်။ ပြီးတော့ နောက်လူတွေ မလုပ်တော့အောင် သက်သက်လုပ်ပြတယ်၊ အကြောက်တရားပေးတယ်လို့ မြင်ပါတယ်”
စစ်ကောင်စီ၏ စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်နေသော တယ်လီဂရမ်စာမျက်နှာများတွင် စတိုးဆိုင်ရှင် ဒေါ်မြင့်မြင့်သန်းနှင့် သမီးသုံးဦးတို့သည် NUG, CRPH, PDF များကို ငွေကြေးရိက္ခာများ ထောက်ပံ့နေသောကြောင့် ကာလပေါက်ဈေး သိန်းနှစ်သောင်းခွဲရှိသည့် ၎င်းတို့၏ ပေ ၃၀ နှင့် ၈၀ မြေကွက်ပေါ်ရှိ စတိုးဆိုင်၊ ခြံအပါ RC သုံးထပ်တိုက်တို့ကိုပါ ချိပ်ပိတ်သိမ်းဆည်းသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် ဩဂုတ် ၁၂ တွင်လည်း ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်ကွက်မှ ကွမ်းယာရောင်းသည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးရှာရှာရီတို့ကို ဖမ်းဆီးခဲ့သည်။ စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်တွင် စော်ကား ပုတ်ခတ်မှုဖြင့် ဖမ်းသည်ဟု ဆိုသည်။
ဩဂုတ် ၉ နှင့် ၁၀ တွင်လည်း စစ်ကောင်စီတပ်က ချမ်းမြသာစည်၊ အောင်မြေသာစံမြို့နယ်များမှ ဘီယာဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့ကို လမ်းများပိတ်ဆို့၍ စီးနင်းခဲ့ပြီး ထိုဆိုင်နှစ်ခုမှ ဆိုင်ထိုင်နေသူများထဲမှ အမျိုးသား စုစုပေါင်း ၆ ဦးကို ဆဲဆိုရိုက်နှက်ကာ ဦးခေါင်းကို အိတ်အမည်းများစွပ်ပြီး ဖမ်းဆီးသွားသည်။
ထို ၆ ဦး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း၍မရသေးပေ။
ထိုကဲ့သို့ ဝတ်စုံပြည့်၊ လက်နက်ပြည့်ဖြင့် ရုပ်ရှင်ဆန်ဆန်ဖမ်းဆီးသွားခြင်းမှာ လူထုကို အကြောက်တရားပေးရန် ဇာတ်လမ်းဆင်ရိုက်ကူးခြင်းဖြစ်သည်ဟုလည်း မြို့ခံအချို့က ယူဆနေကြပြီး စစ်ကောင်စီကမူ မြို့ပြပြောက်ကျားများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းနောက် ယနေ့ (ဩဂုတ် ၁၄) နံနက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တာရပ်ကွက်၊ ၈၉ လမ်း (၄၂ လမ်းနှင့် ၄၃ လမ်း) တွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း လက်နက်ကိုင်သင်တန်းဆင်းတစ်ဦးဖြစ်သည်ဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာသည်မှာ မကြာသေးသည့် “ရွှေမဟာနွယ်” သွေးနှင့် ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို သြဂုတ် ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
အထက်ပါ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီအတွက် ဝါဒါဖြန့်သူများက ပုံနှင့်တကွ ဖော်ပြနေကြသော်လည်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိပေ။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းတမ်းရာတွင် နာမည်ကျော်သည့် မန္တလေး အိုးဘိုထောင်တွင် ဆရာဝန်၊ ရှေ့နေ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရဟန်းများ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ ဒေသခံ ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားကြရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)