သတင်း

မန္တလေးထောင်မှ လွတ်လာသည့် ပရဟိတအသင်းဥက္ကဋ္ဌ ပြန်အဖမ်းခံရ

မကြာသေးမီကမှ မန္တလေးမြို့၊ အိုးဘိုထောင်မှ လွတ်လာသည့် လူမှုရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦး ယမန်နေ့ (ဩဂုတ် ၉) က လူများ ဖမ်းဆီးခံလိုက်ရကြောင်း ၎င်း၏ မိတ်ဆွေများက ပြောသည်။

ရွှေမဟာနွယ်ပရဟိတအသင်း၏ ဥက္ကဋ္ဌ အသက် ၄၅ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်း ချမ်းမြသာစည်မြို့နယ် နေအိမ်မှ ဆေးရုံသို့ ဆိုင်ကယ်ဖြင့် နေ့လယ်ခန့်တွင် ထွက်သွားကြောင်း၊ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီးရန် လှုံ့ဆော်သည့် ဟန်ငြိမ်းဦးအမည်ခံ အွန်လိုင်းစာမျက်နှာတွင် ရေးသားချက်ကို ဖတ်ပြီးမှ ဖမ်းဆီးခံရသည်ဟု နားလည်မိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သွေးသွားလှူတဲ့အချိန်ပေါ့။ အဲဒီ ၁ နာရီနောက်ပိုင်း ကျွန်တော်တို့နဲ့ လုံးဝ အဆက်အသွယ်မရတော့ဘူး။ ဖုန်းကလည်း စက်ပိတ်သွားတယ်။ အဲဒါကိုလည်း ကျွန်တော်တို့က ဖမ်းခံရတယ် မသိသေးဘူး။ ဟန်ငြိမ်းဦးတယ်လီဂရမ်ကနေ တင်လာတော့မှ သိရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သူများစီစဉ်သည်ဟု လေ့လာသူများက ယူဆသည့် တယ်လီဂရမ်စာမျက်နှာများတွင် ယမန်နေ့နံနက်က ထိုသို့ ဖမ်းဆီးရန် လှုံ့ဆော်အပြီး နာရီပိုင်းအတွင်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ဒေါ်နွယ်နွယ်ဝင်းသည် ဩဂုတ် ၈ ရက်နေ့က ပြုလုပ်သော ၈ လေးလုံးအရေးတော်ပုံ (၃၅) နှစ်ပြည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုတွင် ပါဝင်သည်ဟူသော စွပ်စွဲရေးသားမှုတွင် ဖော်ပြခဲ့သည့်ဓာတ်ပုံတွင် အနက်ရောင်အကျီ ဝတ်ဆင်ထားသည့် ဆံပင်ကုပ်ဝဲနှင့် အမျိုးသမီးတစ်ဦး (၃၅) နှစ်ပြည့် ၈ လေးလုံး အထိမ်းအမှတ်စာသားပါ စာရွက်ဖြူ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

“အဲဒီပုံ တင်ပြီး ဖမ်းသွားတာပဲ။ သူတို့ တင်တဲ့ပုံက မဟုတ်ဘူး။ အဲဒါကိုမှ ပုံအမှားကြီးတင်ပြီးတော့ တကယ်ယုံပြီးတော့ လာဖမ်းတာက နည်းနည်းစိတ်ပျက်စရာကောင်းပါတယ်။ ဒါကြီးကို အမှန်ယူပြီး လုပ်နေရင် အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့က သူတို့ချောက်တွန်းသမျှ ခံနေရမှာပဲ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“ပထမအကြိမ် သူ လုပ်တယ်…လွတ်လာတယ်။ နောက်ထပ် သူ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားတာ မရှိဘူး။ ပရဟိတအလုပ်တွေပဲ လုပ်တယ်”

အဆိုပါဓာတ်ပုံရှင်သည် ဒေါ်နွယ်နွယ်ဝင်း မဟုတ်ကြောင်း ၎င်း၏မိတ်ဆွေ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“သူတို့ဖော်ပြထားတဲ့ ပုံထဲမှာက ဆံပင်တိုတယ်။ ဆံပင်ပုံစံလည်း လုံးဝမှ မတူဘူး။ မျက်နှာအနေအထားလည်း မတူဘူး။ ပြီးတော့ အစ်မက သူ့ဖေ့ဘုတ်မှာလည်း ဒီပုံတင်ခဲ့ခြင်းမရှိဘူး။ သူ ထောင်က ထွက်လာပြီး ပရဟိတအလုပ်တွေနဲ့ပဲ အေးအေးဆေးဆေးနေတယ်။ ဒါ သက်သက်ချောက်တွန်းခံရတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဒေါ်နွယ်နွယ်ဝင်းဟု ဆိုကာ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖမ်းဆီးရန် ဖော်ပြခဲ့သည့် ဓာတ်ပုံ။

၎င်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဒေါ်နွယ်နွယ်ဝင်းသည် ထောင်မှ ထွက်လာအပြီး နှလုံးအားနည်းခြင်း၊ ဆီးချိုရောဂါနှင့် အစာအိမ်ရောင်ရောဂါတို့ ရှိသဖြင့် ဆေးကုသမှုခံယူနေရသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းအပြီး ၉ လအကြာ ၂၀၂၁ နိုဝင်ဘာ ၁၅ ညနေတွင် အောင်မြေသာစံမြို့နယ်၊ သရက်ကုန်း ကွက်သစ်ရပ်ကွက်၊ ၂၅ လမ်းနှင့် အရှေ့မြို့ပတ်လမ်းထောင့်ရှိ ရွှေမဟာနွယ်ပရဟိတအသင်းရုံးကို ဝင်ရောက်စီးနင်းကာ အသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို ဖမ်းဆီးခဲ့သည်။

ထို့နောက် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရပြီး ၂၀၂၃ မေ ၄ က စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ဒေါ်နွယ်နွယ်ဝင်း ဖမ်းဆီးမခံရမီ ၂၀၂၁ အောက်တိုဘာ ၁၉ ကလည်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်သည့် ပြင်ဦးလွင်မြို့မှ “မေမြို့အိမ်” စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူ ဖမ်းဆီးခံရကာ အကြမ်းဖက်ပုဒ်မများ အပါအဝင် ပုဒ်မအများအပြားဖြင့် တရားစွဲဆိုခံထားရသည်။ အသက် ၃၅ နှစ်အရွယ် အဆိုပါအမျိုးသမီးသည်လည်း ထောင်ဒဏ်၂၈ နှစ် ချခံထားရပြီး စစ်ကောင်စီ၏ တရားရုံးတွင် အမှုတချို့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်ဟု သိရသည်။

အိုးဘိုအကျဉ်းထောင်တွင် ဆရာဝန်၊ ရှေ့နေ၊ ဆရာ၊ ဆရာမများ၊ ပရဟိတသမားများ၊ သံဃာများ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ ရာနှင့်ချီ ထိန်းသိမ်းခံထားရသည်။

အဆိုပါထောင်နှင့် နန်းတွင်းစစ်ကြောရေးသည် ရက်စက်ဖိနှိပ်ရာတွင် နာမည်ကျော်ပြီး အသက်သေဆုံးသူ၊ ဒဏ်ရာရသွားသူ အများအပြားရှိခဲ့သည်။

စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများသည် ယခုနောက်ပိုင်း ပိုအားကောင်းလာပြီး စစ်တပ်ကို ဆန့်ကျင်သူဟု ယူဆပါက ဓာတ်ပုံများ၊ နေရပ်လိပ်စာများ တင်၍ ဖမ်းဆီးသင့်ကြောင့် လှုံ့ဆော်မှုများ ဆက်တိုက် လုပ်နေကြသည်။

အာဏာသိမ်းပြီးကာစအချိန်၌ ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများကိုပါ ယခုကာလတွင် ဖော်ထုတ်ရေးသားကာ ဖမ်းဆီးရန် လှုံ့ဆော်နေရာ အနုပညာရှင်များအပါအဝင် အလွှာအသီးသီးမှ ပါဝင်သလို ရဲများကလည်း ထိုချန်နယ်များကို သတင်းအခြေခံ၍ ချက်ချင်းဆိုသလို လိုက်လံဖမ်းဆီးနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ဩဂုတ် ၉ အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄၂၃၈ ဦးထက်မနည်းရှိပြီး ထိုအထဲမှ ၁၉၇၃၃ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button