အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ပါတီထောက်ခံသူ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီး ထောင် ၁၅ နှစ်ချခံရ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတစ်ဦးဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ‘မေမြို့အိမ်’ စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ခြောက်လအကြာတွင် ထောင် ၁၅ နှစ်ချမှတ်လိုက်ကြောင်း မန္တလေးရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။ 

ပရဟိတလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးလည်းဖြစ်သော အသက် ၃၅ နှစ်အရွယ် မပိုပြည့်သူမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် ဖမ်းဆီးခံရခြင်းဖြစ်ကာ ယခုလ ၁၃ ရက်တွင် ပုဒ်မလေးခုဖြင့် ထောင်ချခံရခြင်းဖြစ်သည်။

“၅၀၅-က အတွက်က ၃ နှစ်။ မတရားအသင်း၁၇(၁)အတွက်က ၂ နှစ်။ အကြမ်းဖက် ၅၂ (က) က ၅ နှစ်။ ၅၂ (ခ) က ၅ နှစ် စုပေါင်းပြီးချလိုက်တာ” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုအမှုများ စီရင်ချက်ချပြီးသော်လည်း ပြင်ဦးလွင်ခရိုင်တရားရုံးတွင်လည်း အမှုထပ်မံရင်ဆိုင် ရန်ရှိနေသည်ဟု ယင်းရှေ့နေက ဆိုသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တစ်မှုထင်တယ် ကျန်သေးတာ။ ခရိုင်ရုံးမှာလို့ သိရတယ်။ သူ့ရဲ့ရှေ့နေ မဟုတ်တော့ ဘာအမှုလဲ အတိအကျတော့ မသိဘူးဗျ” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သူဟု စွပ်စွဲကာ မပိုပြည့်သူကို စစ်ကောင်စီက ပြင်ဦးလွင်အထွက် နောင်ချိုမြို့ရှိ နေအိမ်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ပြင်ဦးလွင်က စားသောက်ဆိုင်ကိုလည်း ချိပ်ပိတ်သေးတယ်လို့ ကြားတယ်။ အဲဒီနောက် စစ်ကြောရေးကနေလွန်တော့ တရားရင်ဆိုင်နေရင်း အခုအမိန့်ချလိုက်တာပေါ့။ ကျန်းမာရေးတော့ ကောင်းတယ်ကြားပါတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူသည် ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ခြင်း၊ ကလေးသူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ ဆေးကုသရန် ခက်ခဲသူများကို ဆေးဝါးနှင့် ဆေးကုသစရိတ်ထောက်ပံ့ ခြင်း စသည့်ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

NLD ပါတီထောက်ခံသူတစ်ဦးဖြစ်သောကြောင့် စစ်ကောင်စီ အပြစ်ရှာခြင်းဖြစ်နိုင်သည်ဟု မပိုပြည့်သူ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“အစ်မက စိတ်ထား အရမ်းကောင်းတာ။ အလှူအတန်းလည်း အရမ်းရက်ရောတာ။ ပါတီထောက်ခံသူဖြစ်တာနဲ့ပဲ မတရားအငြိုးထားပြီး အမှုစွဲဆိုခံရတာ” ဟု ၎င်းက ပြောသည်။

မပိုပြည့်သူ အဖမ်းခံရပြီး တစ်လနီးပါးအကြာ နိုဝင်ဘာလယ်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ ပရဟိတအသင်းရုံးတစ်ခုကို စစ်တပ်က ဝင်စီးကာ အသင်းဥက္ကဋ္ဌဖြစ်သူ အမျိုးသမီးကို ဖမ်းဆီးခဲ့သည်။

ရွှေမဟာနွယ်ပရဟိတအသင်းဉက္ကဋ္ဌ အသက် ၄၃ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းကို အာဏာဖီဆန်ရေးလှုပ် ရှားမှု (CDM) ပါဝင်သူဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရွှေမဟာနွယ်ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအသင်းသည် ပရဟိတကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းအပြင် စစ်ဘေးရှောင်နှင့် မိဘမဲ့ကျောင်းများအတွက် အဝတ်အထည်နှင့်ဆေးဝါးများ ရှာဖွေလှူဒါန်းပေးနေသောအသင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအသင်းဥက္ကဋ္ဌဖြစ်သူ မနွယ်နွယ်ဝင်းမှာ လက်ရှိအချိန်ထိ အိုးဘိုထောင်တွင်း တရားရုံး၌ အမှုရင်ဆိုင် နေရဆဲဖြစ်သည်ဟု သိရသော်လည်း အသေးစိတ် မသိရပေ။

စစ်ကောင်စီ၏လက်ထက်တွင် နိုင်ငံတဝန်းရှိ ပြည်သူများ ဘေးဒုက္ခမျိုးစုံကြုံနေရပြီး အသက်အန္တရာယ် မလုံခြုံမှုများပါ နေ့စဉ်ခံစားနေကြရသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

“ပရဟိတသမားမှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးလူမျိုးစုံပါပဲ။ ဘေးဒုက္ခတွေကြုံနေရတယ်။ စားဝတ်နေရေးတွေ ခက်ခဲကျပ်တည်းလာတယ်။ ခုလမ်းသွားရင်းတောင် ဘယ်အချိန်ပစ်သတ်ခံရမလဲ စိုးထိတ်နေရတဲ့ အခြေအနေပေါ့နော်။ ဒို့ဘဝတွေလုံခြုံမှုမ ရှိတော့ဘူ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ  စစ်ကောင်စီလက်ထဲတွင် မပိုပြည့်သူကဲ့သို့ မတရားချုပ်နှောင်ခံထားရသူ  ၁၀၆၅၀ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။  ၎င်းတို့အနက်မှ ၁၀၆၇ ဦး  ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ မေ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles