အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် စစ်ကောင်စီက ပရဟိတအသင်းကို ဝင်စီးပြီး အသင်းဥက္ကဋ္ဌကို ဖမ်းဆီး

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၅) ညနေပိုင်းက ပရဟိတအသင်းတစ်ခု၏ ရုံးခန်းကို ဝင်စီးပြီးနောက် အသင်းဥက္ကဋ္ဌဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးနှင့် အသင်းတာဝန်ရှိသူက ပြောသည်။ 

ဖမ်းဆီးခံရသူမှာ ရွှေမဟာနွယ်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၂၅ လမ်းနှင့် အရှေ့မြို့ပတ်လမ်းထောင့် သရက်ကုန်းကွက်သစ်ရပ်ကွက်ရှိ ရွှေမဟာနွယ်ပရဟိတအသင်းရုံးကို အရပ်ဝတ်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“CDM တွေ PDF တွေကို ထောက်ပံ့တယ်စွပ်စွဲပြီး ဖမ်းသွားတာ။ ရုံးထဲကိုလည်း မွှေနှောက်ရှာတယ်။ မိဘမဲ့ကျောင်းတို့ စစ်ဘေးရှောင်တို့အတွက် အလှူခံရထားတဲ့အဝတ်ထုပ်တွေကိုလည်း ဖောက်ပြီး ရှာသွားတယ်” ဟု ထိုပရဟိတအသင်းနှင့် နီးစပ်သည့် လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရွှေမဟာနွယ်ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအသင်းသည် ပရဟိတကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများအပြင် လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများနှင့် မိဘမဲ့ကျောင်းများအတွက် အဝတ်အထည်နှင့် ဆေးဝါးများ ရှာဖွေလှူဒါန်းပေးနေသည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ခုဆို ဆောင်းရာသီရောက်လာတော့ စစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့က အလှူခံတာပါ။ ဒါကို သူတို့ (စစ်ကောင်စီ) က စွပ်စွဲပြီးဖမ်းတာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီက အသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် အသင်းရုံးသို့ ဒုတိယအကြိမ်ရောက်ရှိလာကာ အသင်းသားနှစ်ဦးကို ရှာဖွေခဲ့ကြောင်း အထက်ပါ အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

“ခုဆို အသင်းလည်း ရပ်နားထားရပြီ။ အားလုံးလည်း ရှောင်တိမ်းနေရတယ်။ ကျွန်တော်တို့က ပရဟိတသမားတွေပါ။ ခုလိုမျိုးမတရားသဖြင့် ဖမ်းဆီးစွပ်စွဲတာတော့ ရှုတ်ချပါတယ်” ဟု ၎င်းက ပြောသည်။ 

အသက် ၄၃ နှစ်အရွယ် ရွှေမဟာနွယ်ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို နန်းတွင်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း ကြားသိရသဖြင့် မိသားစုနှင့် နီးစပ်သူများက စိုးရိမ်ပူပန်နေသည်ဟု ဆိုသည်။

မန္တလေးတွင် အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက မကြာခဏ အကြမ်းဖက်ဖမ်းဆီးနေသည့်ပြင် လမ်းသွားလမ်းလာများကိုပါမချန် သံသယရှိသူ မည်သူမဆို မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံနေရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလဆန်း ၆ ရက်က မတ္တရာမြို့နယ် ကင်းရွာမှ ကျူရှင်ဆရာတစ်ဦးဖြစ်သူ ကိုသိန်းဇော်ကို PDF ထောက်ပံ့သူဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ နောက်သုံးရက်အကြာတွင် ၎င်း၏ နေအိမ်ကို လိုက်ပြခိုင်းကာ အပြန်လမ်းတွင် သတ်ဖြတ်ပြီး အလောင်းကို ရွာသုသာန်အနီးတွင် စွန့်ပစ်ခဲ့သည်။ 

အောက်တိုဘာ ၁၉ ရက်ကလည်း ပြင်ဦးလွင်မြို့နယ်၌ ပရဟိတလုပ်ကိုင်သူတစ်ဦးဖြစ်သည့် “မေမြို့အိမ်” စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို CDM နှင့် PDF များကို ထောက်ပံ့သူဟုစွပ်စွဲကာ ဖမ်းဆီးပြီးနောက် စစ်ကောင်စီက ပုဒ်မများတပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button