အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြေးနီစီမံကိန်းတာဝန်ကျ ရဲတစ်ဦး သေနတ်နှစ်လက်နှင့်အတူ ဘက်ပြောင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တာဝန်ကျသည့် ရဲတပ်သားတစ်ဦး ယနေ့ (ဩဂုတ် ၂၄) ရက် နံနက်ပိုင်းတွင် သေနတ်နှစ်လက်နှင့်အတူ တော်လှန်ရေးအဖွဲ့များထံ ​ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော သမန်းကျားအဖွဲ့နှင့် ချိတ်ဆက် ဘက်ပြောင်းလာသည့် ရဲတပ်သားသည် စက်ကလေး ခေါ် အူဇီအမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား ရိုင်ဖယ် ၁ လက်၊ ကျည်ဆန်များ၊ စကားပြောစက် ၁ လုံး ယူဆောင်လာသည်ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ပြည်သူကို နှိပ်စက်ညှဉ်းပန်းနေသော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို လက်မခံနိုင်သဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းဖြစ်သည်ဟု ထိုရဲတပ်သားက ဆိုသည်။

“သင်တန်းဆင်းပြီးကတည်းက ရှေ့တန်းကို ရောက်တာ။ ဝမ်ပေါင်ကို ရောက်တာ။ ကင်းစောင့်ရတယ်။ ဂိတ်စောင့်ရတယ်။ စစ်ကြောင်းနဲ့ မလိုက်ရဘူး” ဟု ၎င်းက ပြောသည်။

ထိုရဲတပ်သား ထွက်ပြေးလာပြီးနောက် စီမံကိန်းအတွင်းရှိ စစ်တပ်က အနီးရှိ ဖောင်းကတာကျေးရွာကို ယနေ့ နံနက်ပိုင်း၌ ဝင်ရောက်ရှာဖွေခဲ့သည်ဟု သမန်းကျားအဖွဲ့ထံမှ သိရသည်။

လက်နက်များနှင့်အတူ ဘက်ပြောင်းလာသည့် ထိုရဲတပ်သားကို ဆုကြေးငွေပေးရန် စီစဉ်ထားသည်ဟုလည်း သမန်းကျားအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကြေးနီစီမံကိန်းမှ ရဲတပ်သား ယူဆောင်လာသည့် ကျည်ဆန်နှင့် လက်နက်များ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆားလင်းကြီးမြို့နယ်တွင် လက်ရှိအချိန်ထိ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ရှိသည်ဟု သိရသည်။

စစ်တပ်နှင့် တရုတ်ကုမ္ပဏီများ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် တပ်စွဲထားကြောင်း၊ ယင်းမာပင်ခရိုင် ရဲတပ်ရင်း (၂၈) မှ ရဲအင်အား ၁၈၀ နီးပါးနှင့် စစ်သား ၃၀ မှ ၅၀ ကြား ပါဝင်ကြောင်း၊ စီမံကိန်းအနီးဝန်းကျင်ကို စစ်ကြောင်းထိုးသည့်အခါ စစ်သားများဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တချို့သာ ပါဝင်လေ့ရှိကြောင်း ဘက်ပြောင်းလာသည့် ရဲတပ်သားထံမှ သိရသည်။

ကြေးနီစီမံကိန်းတွင် နေရာယူထားသည့် စစ်တပ်က ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်ကြီးပစ်နည်း သင်တန်းပေးလေ့ရှိပြီး သင်တန်းတစ်သုတ်လျှင် ရဲနှင့် ပြည်သူ့စစ် ၁၅ ဦးခန့် ပါဝင်သည်ဟုလည်း ၎င်းရဲတပ်သားက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စီမံကိန်းအနီးဝန်းကျင်ရှိ ရွာများကို မကြာခဏ စစ်ကြောင်းထိုးကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလေ့ရှိသည်။

စစ်တပ်ကြောင့် ရွာပေါင်း ၁၃ ရွာမှ အိမ်ခြေ ၄၄၄ လုံး ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့နယ်သည် ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းရာမြို့နယ်တစ်ခုဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသည့် မြို့နယ် ၄၀ ထဲတွင် ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button