သတင်း

ထားဝယ်ထောင်မှ နိုင်ကျဉ်းတစ်ဦး ပြင်ပခေါ်ထုတ် သတ်ဖြတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို ထောင်ပြင်ခေါ်ထုတ်သွားပြီး စစ်တပ်က သတ်ပစ်လိုက်သည်။ ထောင်ပြင်ခေါ်ထုတ်ခံရသည့် အခြားတစ်ဦးလည်း ပျောက်ဆုံးနေသည်။

တနင်္သာရီတိုင်း ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို ထောင်ပြင်ခေါ်ထုတ်သွားပြီး စစ်တပ်က သတ်လိုက်သည်၊ သူနှင့်အတူ ခေါ်ထုတ်ခံရသည့် အခြားအကျဉ်းသားတစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကိုဝင်းသီဟသည် ထောင်ဒဏ် ၇ နှစ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည်။ မတ်လ ၂၃ ရက်တွင် သေဆုံးကြောင်း ထောင်အာဏာပိုင်များက အကြောင်းကြားသော်လည်း အလောင်းပြန်မရဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မတ် ၁၃ မှာ မိသားစုကနေပြီးတော့ ထောင်ဝင်စာသွားတွေ့တယ်၊ အဲဒါက နောက်ဆုံးတွေ့ရတာပါ။ နောက်တစ်ပတ် မတ် ၂၀ ထောင်ဝင်စာ သွားတွေ့တဲ့အချိန်မှာ မတွေ့ရတော့ဘူး။ သေဆုံးကြောင်းကိုတော့ သူ့မိသားစုကို ၂၃ ရက်နေ့မှာ အကြောင်းကြားတယ်။ အလောင်းကတော့ ပြန်မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။

ထောင်ပြင်ပတွင် သတ်ဖြတ်ခံခဲ့ရသည့် ကိုဝင်းသီဟ

အာဏာပိုင်တို့က ကိုဝင်းသီဟကို ထောင်ပြင်ပတွင် သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးသွားသည်ဟု ထားဝယ်အကျဉ်းဦးစီးဌာနက အကြောင်းပြချက်ပေးကြောင်း သိရသည်။

ထိုအကြောင်းပြချက်မှာ ယုတ္တိကင်းမဲ့သည်၊ အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရားသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထောင်က သတင်းအမှောင်ချထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ မတ် (၂၈) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ကိုဝင်းသီဟ၏ ဖြစ်စဉ် အပါအဝင် အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ခေါ်ဆောင် သတ်ဖြတ်မှုများကို စောင့်ကြည့် အရေးယူပေးရန် PPNM က နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)၊ ကုလသမဂ္ဂအဖွဲ့အစည်းများကို တိုက်တွန်းထားသည်။

အကျဉ်းသားကို သတ်ဖြတ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ကိုဝင်းသီဟသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၁(က)၊ ၅၂(ဂ) တို့ဖြင့် စွဲချက်တင် ထောင်ချခံထားရသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်အတွင်းကလည်း ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှ နိုင်ကျဉ်းများ ထောင်ပြင်ခေါ်ထုတ်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်။ ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ကိုဇင်မြင့်ထွန်း(ခ)ရာလေးနှင့် ကိုအောင်မျိုးသူတို့ သေဆုံးကြောင်း မိသားစုဝင်များထံ ဇူလိုင် ၇ ရက်တွင် ထောင်အာဏာပိုင်တို့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုဖြစ်စဉ်သည်လည်း ယခု ကိုဝင်းသီဟ ဖြစ်စဉ်နှင့် အလားတူဖြစ်ပြီး “ထောင်ပြောင်းစဉ် လမ်းတွင် ကားမှောက်ချိန်ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသည်” ဟု ထောင်အာဏာပိုင်တို့က အကြောင်းပြချက်ပေးသည်။

အကျဉ်းထောင် ၃ ခုမှ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို ထောင်ပြောင်းမည်ဆိုကာ ပြင်ပသို့ ခေါ်ထုတ်သတ်ဖြတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက ဩစတြေးလျနိုင်ငံ၊ နိုင်ငံရေးခြားရေးဝန်ကြီးဌာနနှင့် လွှတ်တော်တို့ထံ အကြောင်းကြားစာ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ပေးပို့ဖူးသည်။

ထိုဖြစ်ရပ်များအတွက် စစ်ကောင်စီကို အရေးယူပေးရန် ဩစတြေးလျ ဖက်ဒရယ်လွှတ်တော်၊ ဗစ်တိုးရီးယားပြည်နယ်၊ ဂိုးစတိန်းမဲဆန္ဒနယ် တစ်သီးပုဂ္ဂလအမတ် မစ္စ ဇိုးဒန်နီရယ်က ဩစတြေးလျအစိုးရထံ တောင်းဆိုထားသည်။

ဇန်နဝါရီလကုန်ပိုင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် ဖမ်းဆီးခံရသည့် မနိုဗယ်အေး၊ ကိုအောင်ကိုဟိန်းတို့ကို ဖေဖော်ဝါရီလထဲတွင် စစ်ကောင်စီလက်နက်ကိုင်တို့က ပစ်သတ်ခဲ့သည်ဟု သတင်းဌာနအများအပြားက ရေးသား ဖော်ပြခဲ့ကြသည်။ စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားဆဲဖြစ်သည်။

အကျဉ်းသား ၂၀ ကျော်လည်း တိုက်ပိတ်ခံထားရ

ပြီးခဲ့သည့် မတ် ၁၆ တွင် စစ်ကောင်စီတပ်သားများနှင့် အကျဉ်းဝန်ထမ်းများက ထားဝယ်အကျဉ်းထောင်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။ အကျဉ်းထောင်အတွင်း ဖုန်းတွေ့ရှိသည်ဆိုကာ အကျဉ်းသား ၂၀ ကျော်ကို ရိုက်နှက် နှိပ်စက်ကာ တိုက်ပိတ်ထားခဲ့သည်။

ထိုနေ့ဖြစ်စဉ်တွင် ကိုဝင်းသီဟ အပါအဝင် အကျဉ်းသား ၂ ဦးကို ခေါင်းစွပ်အနက်ရောင် စွပ်ပြီး အကျဉ်းထောင်ပြင်ပသို့ ခေါ်ဆောင်သွားခဲ့သည်။

ကိုဝင်းသီဟနှင့်အတူ  အကျဉ်းထောင်ပြင်ပသို့ ခေါ်ဆောင်သွားခြင်းခံရသည့် အကျဉ်းသားနောက်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ တိုက်ပိတ်ခံထားရသည့် အကျဉ်းသား ၂၀ ကျော်သည်လည်း ရိုက်နှက်၊ နှိပ်စက်ခံရပြီး အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြသည်၊ ထောင်ဝင်စာလည်း တွေ့ခွင့်မရသေးပေ။

တိုက်ပိတ်ခံထားရသူများတွင် ထားဝယ်မြို့ခံ နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦး၊ ကိုသံတိုင်၊ ကိုခမ်းမွီးတို့ပါဝင်ပြီး မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ ကိုမောင်မောင်ပိုင်တို့ ပါဝင်သည်ဟု သိရသည်။

တိုက်ပိတ်ခံထားရသည့် နိုင်/ကျဉ်း မိသားစုဝင်များ၏ နေအိမ်တချို့ကိုလည်း အာဏာသိမ်းစစ်တပ်က ဖိအားပေး စောင့်ကြည့်နေသည်၊ ၎င်းတို့၏ မိသားစုဝင်များအတွက် စိုးရိမ်နေရသည်ဟု နိုင်/ကျဉ်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ငါတို့ မိသားစုဝင်တွေကိုလည်း ဘယ်နေ့၊ ဘယ်အချိန်မှာ လာခေါပြီးတော့ ခုလိုမျိုး ဥပဒေမဲ့ သတ်ဖြတ်သွားမလဲ၊ လုပ်သွားမလဲ ဆိုပြီး စိတ်ပူနေရတာပေါ့။ အခုအခြေအနေက သူတို့ လက်ခုပ်ထဲကရေ ဖြစ်နေရတာ”

ထားဝယ်ထောင်ရှိ အကျဉ်းသား ၂၀ ကျော် တိုက်ပိတ်ခံထားရကြောင်း Myanmar Now က မတ်လ ၂၁ ရက်တွင် ဖော်ပြပြီးဖြစ်သည်။ ထိုဖော်ပြချက်နှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် သတင်းစာက ငြင်းဆိုထားသည်၊ အကျဉ်းသားများထံမှ ဖုန်းတွေ့ရှိသည် ၈ ဦးကို တိုက်ပိတ်အပြစ်ပေးထားသည်၊ ရိုက်နှက်ထိုးကြိတ်ခြင်းမရှိဟု ဝါဒဖြန့်ထားသည်။

ထားဝယ်အကျဉ်းထောင်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည်လည်း အကြောင်းပြချက်မဲ့ တိုက်ပိတ်ခံထားရသည်၊ နိုင်ငံရေးအကျဉ်းသားများမှာ အခြားရာဇဝတ်မှုအကျဉ်းသားများနှင့် ရောနှောနေထိုင်နေရသည်ဟု မကြာသေးမီက ထားဝယ်ထောင်မှ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

၂၀၂၃ ဩဂုတ်တွင် ထားဝယ်ထောင်တွင်း မူးယစ်ဆေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း ဦးဆောင်သည့်အဖွဲ့က ထောင်တွင်း ဝင်ရောက် စစ်ဆေးခဲ့ရာမှ ထားဝယ်ထောင်ပိုင်နှင့် ဒုထောင်ပိုင်တို့ ဖမ်းဆီးအရေးယူခဲ့သည်။

ထားဝယ်ထောင်ပိုင် အောင်နိုင်ဖေနှင့် ဒုထောင်ပိုင် သူရိန်ထွန်းတို့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဝန်ထမ်းအားလုံးနီးပါး ထောင်ပြောင်းရွှေ့ခံခဲ့ရသည်။

အသက် ၄၀ အရွယ် စစ်မှုထမ်းဟောင်း ဉာဏ်လင်းအောင်မှာ ထောင်ပိုင်အသစ်ဖြစ်လာပြီး နိုင်/ကျဉ်းများအပေါ် ဖိနှိပ်မှု ပြင်းထန်လာသည်ဟု ထားဝယ်ထောင်နှင့် နီးစပ်သူများက ပြောသည်။

နိုင်ငံအနှံ့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၂၈၆ ဦးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး သတ်ဖြတ်ခဲ့သည့် အရပ်သားအရေအတွက် ၄၇၉၇ ဦး ရှိသည်ဟုလည်း AAPP က ဆိုသည်။

ထိုကိန်းဂဏန်းများ မှန်ကန်မှုမရှိဟု စစ်ကောင်စီက တုံ့ပြန်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button