သတင်း

နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းတွင် နိုင်/ကျဉ်းများလွတ်ရန် မိသားစုဝင်များမျှော်လင့်

သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တိုင်း အကျဉ်းသားများကို ပြန်လွှတ်လေ့ရှိရာ ဧပြီ ၁၇ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာရန် မိသားစုဝင်များက မျှော်လင့်နေသည်။

နှစ်စဉ် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တိုင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လေ့ရှိရာ ဧပြီ ၁၇ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာရန် မိသားစုဝင်များက မျှော်လင့်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူ ၂၆၅၂၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၀၃၅၁ ဦးမှာ ယနေ့တိုင် အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

“လွတ်ငြိမ်းရှိတယ် ကြားတယ်။ မျှော်လင့်တာကတော့ လွတ်စေချင်တာပေါ့၊ ပါစေချင်တာပေါ့။ ဒါပေမဲ့ အခြေအနေအရ မပါနိုင်ဘူးထင်တော့ စိတ်တော့လျှော့ထားတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးစ မတ်လဆန်းပိုင်းကတည်းက သပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံရသော ကိုဝေယံဖြိုးမိုးကို စစ်ကောင်စီက အမှု ၅ မှုဖြင့် ထောင်ဒဏ် ၇ နှစ် ၂ လ ချမှတ်ထားကာ အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်ကြေညာကာ အကျဉ်းသား ၉ သောင်းနီးပါးကို ပြန်လွှတ်ခဲ့သည်။

သို့သော် AAPP ၏စာရင်းအရ ၃ နှစ်ကျော်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၈၀၀ ကျော်သာ လွတ်ငြိမ်းချမ်းသာများတွင် ပါဝင်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ပြန်လွတ်အကျဉ်းသားပမာဏ၏ ၆ ရာခိုင်နှုန်းကျော်သာ ရှိသည်ကို တွေ့ရသည်။

ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားအများစုမှာလည်း နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ တစ်မှုတည်းဖြင့် ထောင်ဒဏ်ကျခံရကာ ပြစ်ဒဏ်ရက်စေ့ခါနီးသူများဖြစ်သည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်ကောင်စီသည် သံတမန်ရေးအရ​ တရားဝင်မှုပြသရမည့် နိုင်ငံတကာအစည်းအဝေးများရှိမနေခြင်း၊ ပုဒ်မ ၅၀၅ တစ်မှုတည်းဖြင့် ဖမ်းဆီးထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားများကို ရှေ့လွတ်ငြိမ်းများတွင် ပြန်လွှတ်ခဲ့ခြင်းတို့ကြောင့် ယခုတစ်ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းနိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ခံ ​ကိုသိုက်ထွန်းဦးက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေဆိုတာ စစ်ကောင်စီရဲ့ ပြန်ပေးဆွဲခံထားရတဲ့သူတွေ၊ လက်ရှိ စစ်ကောင်စီရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်သော်လည်းကောင်း၊ ဖိအားလျော့ကျဖို့သော်လည်းကောင်း ဒီလိုအခြေအနေမှသာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ။ ဒါတောင် နိုင်ကျဉ်းက အပြပဲ၊ အခြားရာဇဝတ်မှုပဲ များတယ်၊ ဒီနှစ်ကတော့ ကျွန်တော့်တစ်ဦးတည်းအမြင်အရ သိပ်မမျှော်လင့်ထားဘူး”

စစ်ကောင်စီသည် ပြည်တွင်းပြည်ပ ဖိအားများရင်ဆိုင်ရချိန်တိုင်း အကျဉ်းသားများလွှတ်ပေးလေ့ရှိပြီး နိုင်ငံရေးအကျဉ်းသားများကို ပါသည်ဆိုရုံ ဟန်ပြထည့်လွှတ်ပေးလေ့ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရအရေးပါသော ယခင် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ၊ ပါတီဝင်များနှင့် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသောလူငယ်များကိုမူ ချန်လှပ်ခဲ့လေ့ရှိသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ချခံထားရသော မိတ်ဆွေများကို လွတ်ငြိမ်းပါလာရန် မမျှော်လင့်သော်လည်း ပုဒ်မ ၅၀၅ နိုင်ငံရေးအကျဉ်းသားမိတ်ဆွေများ ပါလာရန် မျှော်လင့်နေသည်ဟု ပဲခူးမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက ပြောသည်။

“၅၀၅ နဲ့ လွတ်နီး (လွတ်ရက်စေ့ခါနီး) သမားတွေရှိတယ်။ ၇ လပိုင်း ၈ လပိုင်း လွတ်မယ့်သူတွေရှိတယ်။ ၆ လပိုင်းထဲလည်း ၃ ယောက်လောက် အသိရှိတယ်။ သူတို့ကိုတော့ မျှော်ပါတယ် ထည့်ပေးမယ်ဆိုရင်တော့ ပါနိုင်တယ်။ မနှစ်ကလို လုပ်သွားရင်တော့ အခြေအနေမကောင်းဘူးပေါ့”

ယမန်နှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါလိမ့်မည်ဟု ပဲခူးထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ မျှော်လင့်ခဲ့ကြသော်လည်း တဦးမျှ မပါခဲ့ပေ။

“ကျွန်တော်တို့တုန်းကလည်း မျှော်ခဲ့တာပဲ ကိုယ်ချင်းစာတယ်” ဟု ပဲခူးမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက ပြောသည်။

AAPP ၏စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်၍ ဖမ်းဆီးထောင်ချခံထားရသူများထဲမှ ၁၆၆ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲတွင် သတင်းသမား ၅၀ ခန့် ပါဝင်နေသေးပြီး ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ကိုဟံသာငြိမ်းနှင့် Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်တို့မှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် မိုခါမုန်တိုင်းဒဏ်ကျရောက်နေသည့် ရခိုင်ပြည်နယ်အခြေအနေများကို သွားရောက်မှတ်တမ်းတင်စဉ် ဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးစက ၎င်းတို့ကို ဆန့်ကျင်သူများကို နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲထောင်ချလေ့ရှိသည်။ လက်နက်ကိုင်တော်လှန်ရေးအရှိန် ကောင်းလာပြီးနောက်ပိုင်းတွင်မူ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတစ်ခုခုဖြင့် တရားစွဲအရေးယူမှုများပြားလာသည်။

Show More

Related Articles

Back to top button