သတင်း

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသားနောက်တစ်ဦး အသတ်ခံရဟုဆို

နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် တိုက်ပိတ်ခံထားရသည့် တနင်္သာရီတိုင်း ထားဝယ်ထောင်တွင် ထပ်မံ သတ်ဖြတ်ခံရသူမှာ မော်လဝီဆရာတစ်ဦး ဖြစ်သည်ဟု သိရသည်။

တနင်္သာရီတိုင်း ထားဝယ်ထောင်တွင် တိုက်ပိတ်ခံထားရသည့် အကျဉ်းသား ၂၀ ကျော်ထဲမှ နောက်တစ်ဦး ထပ်မံသတ်ဖြတ်ခံရသည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူများက Myanmar Now ကို ပြောသည်။

အသတ်ခံရသူမှာ ပုဒ်မ ၅၁ ၊ ပုဒ်မ ၅၂ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံထားရသော၊ ရန်ကုန်မြို့မှ လာသော အသက် ၂၅ နှစ်အရွယ် အစ္စလာမ်ဘာသာရေးဆရာ ကိုမင်းသူဖြစ်သည်။

မတ် ၁၆ တွင် စစ်ကောင်စီတပ်သားများနှင့် အကျဉ်းထောင်ဝန်ထမ်းများက ထားဝယ်အကျဉ်းထောင်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ကျော်ကို ရိုက်နှက် နှိပ်စက်ကာ တိုက်ပိတ်ထားခဲ့သည်။

တိုက်ပိတ်ခြင်းဆိုသည်မှာ ၎င်းတို့ကို လေနှင့် အလင်းရောင် မဆိုစလောက်သာ အဝင်အထွက်ရှိသော အခန်းကျဉ်းအတွင်း ပိတ်လှောင်ထားခြင်းဖြစ်သည်၊ ထို့နောက် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ ၂ ဦးကို ခေါင်းစွပ်အနက်ရောင်စွပ်ပြီး အကျဉ်းထောင်  ပြင်ပသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

မတ် ၂၃ တွင် ကိုဝင်းသီဟ သေဆုံးသည့် သတင်းကို မိသားစုထံ ထောင်အာဏာပိုင်များက အကြောင်းကြားခဲ့သည်၊ ကိုမင်းသူပါ အသတ်ခံခဲ့ရကြောင်းကို ဧပြီ ၂ ရက်တွင်မှ သိရခြင်းဖြစ်ပြီး သူတို့နှစ်ဦး၏ ရုပ်အလောင်းများလည်း ပြန်မရဟု သူ၏မိသားစုနှင့် နီးစပ်သူက ပြောသည်။

ကိုမင်းသူအတွက် ဂျနာဇာနမာဇ် ခေါ် အစ္စလာမ်ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီ သေသူအတွက် ဝတ်ပြုဆုတောင်းခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

“ပုံမှန်ကတော့ သူ့ကို ရှေ့မှာထားပြီး ကျွန်တော်တို့အနေနဲ့ ဂျနာဇာနမာဇ် ဖတ်ပေးရတယ်။ ဒါပေမဲ့ ခုက အလောင်းလည်း ပြန်မရဘူး။ ဘာမှပြန်မရဘူးဆိုတော့ အရိပ်အမြွက် (အကျည်းချုံး) ပဲ ဖတ်ပေးလိုက်ရတယ်။ သူ့အတွက် အရိပ်အမြွက်ပဲ အကုန်လုပ်ပေးနေရတယ်” ဟု ထိုသူက ပြောသည်။

အသတ်ခံရသူ ၂ ဦး နှင့် ကိုသံတိုင် ဆိုသူတို့သည် ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့က ထားဝယ်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်၊ ကိုသံတိုင်မှာ တိုက်ပိတ်ခံထားရဆဲဖြစ်သည်ဟု သိရသည်။

သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ကိုဝင်းသီဟကို ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားခဲ့သည်ဟု ထားဝယ်အကျဉ်းဦးစီးဌာနက အကြောင်းပြချက်ပေးသည်ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။ ကိုမင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ ထားဝယ်အကျဉ်းဦးစီးဌာန၏ အကြောင်းပြချက်ကို မသိရသေးပေ။

ထို ၂ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်မပြုနိုင်သေးသလို ထောင်အာဏာပိုင်များကိုလည်း ဆက်သွယ်၍ မရသေးပေ။

ထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရားသတ်ဖြတ်လိုက်ခြင်းကို ထားဝယ်အကျဉ်းထောင်က သတင်းအမှောင်ချထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

ထိုအမှုများနှင့် ပတ်သက်ပြီး စောင့်ကြည့် အရေးယူပေးရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)၊ ကုလသမဂ္ဂတို့ကို ထိုထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထားဝယ်ထောင် နောက်ကြောင်း

၂၀၂၃ ဩဂုတ်တွင် ထားဝယ်ထောင်တွင်း မူးယစ်ဆေး ပျံ့နှံ့နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း ဦးဆောင်သည့် အဖွဲ့က ထောင်တွင်း ဝင်ရောက် စစ်ဆေးခဲ့ရာမှ ရာထူးအကြီးဆုံး ၂ ဦးဖြစ်သော ထောင်ပိုင် အောင်နိုင်ဖေ၊ ဒုထောင်ပိုင် သူရိန်ထွန်းတို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဝန်ထမ်းအားလုံးနီးပါး ထောင်ပြောင်းရွှေ့ခံခဲ့ရသည်။

ထားဝယ်ထောင်ကို Google မှ တွေ့မြင်ရစဉ်။

အသက် ၄၀ ဝန်းကျင်အရွယ် စစ်အရာရှိဟောင်း ဉာဏ်လင်းအောင်မှာ ထားဝယ်ထောင်ပိုင် ဖြစ်လာပြီးနောက် နိုင်ကျဉ်းများ အပေါ် ဖိနှိပ်မှု ပြင်းထန်လာခြင်းဖြစ်သည်ဟု ထားဝယ်ထောင်နှင့် နီးစပ်သူများက ပြောသည်။

ထို့နောက် မတ် ၁၆ တွင် စစ်ကောင်စီတပ်သားများနှင့် အကျဉ်းထောင်ဝန်ထမ်းတို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ  အကျဉ်းသားများထံတွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် အကျဉ်းသား ၂၀ ကျော် တိုက်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။

တိုက်ပိတ်ခံထားရသည့် နိုင်/ကျဉ်းတို့၏  နေအိမ်တချို့ကိုလည်း စစ်တပ်က ဖိအားပေး စောင့်ကြည့်နေသည့်အတွက် စိုးရိမ်နေရသည်ဟု နိုင်/ကျဉ်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ငါတို့ မိသားစုဝင်တွေကိုလည်း ဘယ်နေ့၊ ဘယ်အချိန်မှာ လာခေါ်ပြီးတော့ ခုလိုမျိုး ဥပဒေမဲ့ သတ်ဖြတ်သွားမလဲ၊ လုပ်သွားမလဲ ဆိုပြီး စိတ်ပူနေရတာပေါ့” ဟု သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများမှာ အခြား ရာဇဝတ်မှုအကျဉ်းသားများနှင့် ရောနှောနေထိုင်နေရသည်ဟုလည်း မကြာသေးမီက ထားဝယ်ထောင်မှ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသအသီးသီးတွင် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများ ကျူးလွန်နေရာ အပြစ်မဲ့ပြည်သူ ၄၈၃၀ သတ်ဖြတ် ခံထားရသည်၊ ဆက်လက် ဖမ်းဆီးခံထားရသူ ၂၆၄၇၇ ဦးထိ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေအသင်း (AAPP) က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button