သတင်း

မြစ်ကြီးနားထောင်တွင်းဆန္ဒပြပွဲကို စစ်တပ်ဝင်ပစ်၊ ၄ ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်တွင် ထောင်တွင်းဆန္ဒပြမှု ၂ ရက်ဆက် ဖြစ်ပွားစဉ် စစ်ကောင်စီလက်နက်ကိုင်တို့ ဝင်ပစ်သဖြင့် အများအပြား သေဆုံး ဒဏ်ရာရသွားကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်တွင် ဧပြီ ၁၈ နေ့က စတင်ပြီး ထောင်တွင်းဆန္ဒပြမှု နှစ်ရက်ဆက် ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံအနှံ့မှ အကျဉ်းသား ၃၃၀၀ ကျော်ကို ရွေးချယ်ပြီး ခြွင်းချက်နှင့် ပြန်လွှတ်ပေးခဲ့ရာတွင် မြစ်ကြီးနားအကျဉ်းထောင်မှ အနည်းငယ်သာလွတ်မြောက်ခဲ့သည့်အတွက် အကျဉ်းသားများက နောက်တစ်နေ့တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

ညနေ ၄ နာရီခန့်က စတင်သည့် ဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ အနည်းဆုံး အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့သည်၊ ဒဏ်ရာရသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူ ၅ ဦး ပါဝင်သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့တောင်းဆိုတာမျိုးတွေ လုပ်တာပေါ့၊ အဲဒီကနေမှ ဆန္ဒပြပွဲဖော်ဆောင်တာမှာ အကျဉ်းဦးစီးနဲ့ ပဋိပက္ခဖြစ်တယ်၊ အကျဉ်းဦးစီးကလည်း ခါတိုင်းလိုပဲ သူတို့နှိမ်နင်းပြီး စစ်တပ်ရော ရဲရော ပြန်ဝင်တယ်၊ အဓိကကတော့ ရဲတွေပိုများတယ်၊ သူတို့ဝင်ပြီး ဖြိုခွင်းတဲ့အချိန်မှာ နှစ်ဖက်ထိတွေ့မှုမှာ ကျွန်တော်တို့ ရဲဘော်တွေကျတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် သေဆုံးသူ ၄ ဦးရှိပြီး ၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

မြစ်ကြီးနားအကျဉ်းထောင်အနီး လယ်ကုန်ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧပြီ ၁၈ ရက်က မွန်းလွဲ ၄ နာရီခန့်က ထောင်တွင်းမှ ဆန္ဒပြကြွေးကြော်သံများကြားရပြီးနောက် တစ်ဆက်တည်း သေနတ်သံများ ထွက်ပေါ်လာသည်ဟု ပြောသည်။

“အထဲမှာ သူတို့ အိုးတွေခွက်တွေတီးသံတွေ၊ သံချောင်းခေါက်သံတွေ ကြားရတယ်၊ ပြီးတော့ ကြွေးကြော်သံတွေ ကြားရတယ်၊ ရှေ့ကတိုင်ပေးတဲ့ အသံကို မကြားရဘူး၊ ‘အလိုမရှိ အလိုမရှိ’၊ ‘တို့အရေး တို့အရေး’ လို့ အော်တယ်၊ ပြီးတော့ သေနတ်ပစ်ခတ်သံတွေ ကြားတာပဲ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားနေစဉ် စစ်ကား ၅ စီးခန့် မြစ်ကြီးနားထောင်တွင်းသို့ ဝင်ရောက်သွားပြီးနောက် စုစုပေါင်း သေနတ်သံ အချက် ၆၀ ကျော်ခန့် ကြားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဆန္ဒပြမှုကို ဖြိုခွင်းရန် အင်အား ၇၀ ခန့်ပါသည့် ရဲနှင့် စစ်သားများကို စစ်ကားများနှင့် အကျဉ်းထောင်တွင်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

ပစ်ခတ်ဖြိုခွင်းမှု ပြီးသည့်နောက် အချက်ပေးသံပိတ်ထားသည့် လူနာတင်ကားတစ်စီး အကျဉ်းထောင်ထဲ ဝင်ရောက်သွားသည်၊ အကျဉ်းထောင်အနီးဝန်းကျင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ရှိနေသည်ဟု သိရသည်။

ထောင်တွင်းဆန္ဒပြမှု ဒုတိယနေ့တွင် နံနက် ၁၀ နာရီခန့်မှ ၁၁ နာရီခွဲခန့်အထိ ထောင်တွင်းမှ ကြွေးကြော်သံများ ထွက်ပေါ်လာကြောင်း၊ ပစ်ခတ်သံများကိုမူ မကြားရကြောင်း အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။

မြစ်ကြီးနားထောင်ရှေ့လမ်းမကြီးကို စစ်တပ်က ယနေ့ (ဧပြီ ၂၀) နံနက်မှစတင်ကာ ပိတ်ထားလိုက်သည်၊ ထောင်ရှေ့တွင်လည်း စစ်သားနှင့် ရဲများရှိနေသည့်အပြင် မီးသတ်ကားတစ်စီး ရပ်ထားသည်ကိုလည်း တွေ့ရသည်ဟု အဆိုပါမြို့ခံ အမျိုးသားက ပြောသည်။

အကျဉ်းသားများကွန်ရက်မှ တာဝန်ခံ ကိုသိုက်ထွန်းဦးကလည်း ထောင်တွင်းဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု အတည်ပြုထားပြီး ဧပြီ ၁၉ မွန်းလွဲပိုင်းတွင် ထောင်သို့ လူနာတင်ကားများနှင့် မီးသတ်ကားများ ရောက်သွားသည်ဟု ၎င်းက ပြောသည်။

“၁ နာရီကနေ ၃ နာရီဝန်းကျင်မှာ လူနာတင်ကားတွေအပြင် မီးသတ်ကားတွေပါ ထောင်ထဲကို ဝင်တယ်တဲ့၊ ပြီးတော့ ခေါ်ထုတ်သွားတဲ့ (အကျဉ်းသား) အရေအတွက်ကလည်း များတယ်ပေါ့နော်၊ ဒါပေမဲ့ သေဆုံးအလောင်းလား၊ ဒဏ်ရာရလား မသိရဘူးပေါ့နော် ကားတွေနဲ့ ခေါ်ထုတ်သွားတယ်လို့ပဲ သိရတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ထောင်တွင်းမှ သယ်ထုတ်သွားသည့် အကျဉ်းသားများကို ဆေးရုံသို့ မပို့ဘဲ စစ်တပ်ဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထောင်တွင်း၌ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေနိုင်ပြီး အကျဉ်းသားသေဆုံး၊ ဒဏ်ရာရမှုလည်း ဆက်လက်တိုးမြင့်လာနိုင်သည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

မြစ်ကြီးနားထောင်ဆူပူမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယနေ့ထုတ်ပြန်ခဲ့ရာ အကျဉ်းထောင်ရှိ အမျိုးသားအပြစ်ကျဆောင် (၆) နှင့် (၇)မှ အကျဉ်းသားများမှာ လွတ်ငြိမ်းသက်သာခွင့်ကို မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးကြရခြင်းမှာ အကျဉ်းသားများကြောင့် ဖြစ်သည်ဟုလည်း အပြစ်တင်ထားသည်။

ဆန္ဒပြသူတို့က ထောင်လုံခြုံရေးဝန်ထမ်းများကို ရန်မူသည့်အတွက် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် နှိမ်နင်းခဲ့ရာ အကျဉ်းသား ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်က ဆိုထားသည်။

ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား ၃၀၀၀ ကျော် လွတ်မြောက်လာရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်သာ ပြန်လည်လွတ်မြောက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ကျဉ်းအနည်းငယ်ထဲတွင် ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်၊ NLD အစိုးရလက်ထက်က လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ ပါဝင်သည်။ သို့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၄ နာရီ မပြည့်မီ ပြန်ဖမ်းသွားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာမှာပင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြကြရာ စစ်တပ်က ဆန္ဒပြသူထောင်သောင်းနှင့်ချီပြီး ဖမ်းဆီးခဲ့သည်။ လမ်းပေါ်တွင် ပစ်သတ်ခံရသူတချို့လည်း ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ နိုင်ကျဉ်းအရေအတွက် ၂၀၃၄၉ ဦး ရှိနေပြီး ထိုအထဲမှ ၈၉၃၀ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်ဟု သိရသည်။

စစ်ကောင်စီကမူ ထိုအဖွဲ့က ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှန်ကန်မှု မရှိဟု တုံ့ပြန်ဖူးသည်။

Show More

Related Articles

Back to top button