သတင်း

အကျဉ်းသား ၃၀၀၀ ကျော်ကို နိုင်/ကျဉ်း အနည်းငယ်နှင့်ရောကာ စစ်တပ်ပြန်လွှတ်

နိုင်ငံအနှံ့ထောင်များမှ အကျဉ်းသား ၃၃၀၃ ဦးကို ယနေ့ (ဧပြီ ၁၇၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် စစ်ကောင်စီကပြန်လွှတ်ပေးရာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သည်ဟု သိရသည်။

လူသတ်မှု၊ မုဒိမ်းမှု၊လက်နက်မှုများ၊ မူးယစ်ဆေး ဝါးမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ အမှုများမှလွဲ ကျန်ပုဒ်မတစ်ခုခုဖြင့် အကျဉ်းကျနေသူများ၏ ကျန်ရှိ ထောင်ဒဏ် ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုသည်ဟု စစ်ကောင်စီ ၏ ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်၍ ဖမ်းဆီးခံရသူအများစုသည် စစ်ကောင်စီထုတ်ပြန်ချက်ပါချန်လှပ်ခဲ့သော ဥပဒေပုဒ်မ များဖြင့်သာ တရားစွဲထောင်ချခံထားရသည်။ ထို့ကြောင့်နိုင်ကျဉ်းအများစုသည် ထောင်ဒဏ် ရက် ၆ ပုံ ၁ ပုံ လျော့ပေါ့ခံစားခွင့် ရကြမည်မဟုတ်ပေ။

နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ တစ်မှုတည်းဖြင့် တရားစွဲထောင်ချခံထားရသည့်၊ လွတ်ရက်နီးနေသည့် နိုင်ကျဉ်းများလည်း  ယနေ့လွတ်ငြိမ်းတွင် မပါဝင်သည်ကို တွေ့ရသည်။

ချွင်းချက်ဖြင့် ပြန်လွှတ်ပေးရာတွင် စစ်တပ်က ရည်ရွယ်သည်မှာ နိုင်ကျဉ်း ပါဝင်မှု နည်းပါးစေရေး ဖြစ်သည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)မှ တာဝန်ခံ ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

“နိုင်ငံရေးအကျဉ်းသားတွေမပါအောင် ဘယ်လိုချန်ရမလဲဆိုတာ သေချာခေါင်းစဉ်တွေ (အမှုတွေ) ရွေးထည့် ထားတာ။ လျှော့ရက်တောင်မပေးဘူးဆိုတာ လက်နက်ကိုင်တော်လှန်သူတွေကို ဘယ်လောက်မုန်း နေလဲမြင်ရတယ်၊ တစ်ရက်တောင်မပေးဘဲ သီးသန့်ပယ်ထားတာဖြစ်လို့ သူတို့ရဲ့ (စစ်ကောင်စီရဲ့) အင်အားချိ နဲ့မှု၊ စိုးရိမ်မှုကို မြင်ရတယ်”ဟု သူက ပြောသည်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ အကျဉ်းသား ၉၀၀ ကျော်ပြန်လွတ်လာသည့်အနက် နိုင်ကျဉ်း အမျိုးသား ၁၀ ဦး၊အမျိုးသမီး ၈ ဦးသာပါဝင်လာသည်ဟု PPNM က ပြောသည်။ ယနေ့ ညနေ ၅ နာရီထိ ၎င်းတို့အဖွဲ့အတည်ပြုနိုင်သည့်စာရင်းအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၁၃ ခုမှ နိုင်ကျဉ်း ၈၁ ဦး ပြန်လွတ်လာသည်။

ပြည်ထောင်မှ ၁ ဦး၊ မြစ်ကြီးနားထောင်မှ ၃ ဦး၊ မြိတ်ထောင်မှ ၁ ဦး၊ ထားဝယ်ထောင်မှ ၁ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ ပုသိမ်ထောင်မှ ၄ ဦး၊  သာယာဝတီထောင်မှ ၂ဦး၊ သရက်ထောင်မှ ၁၁ ဦး၊ စစ်တွေ ထောင်မှ ၁၀ ဦး၊ မိတ္ထီလာထောင်မှ ၂ ဦး၊ ရမည်းသင်းထောင်မှ ၁၉ ဦးနှင့် ကျိုက် မရောထောင်မှ ၃ ဦး ပြန်လွတ်လာသည်။

စစ်ကိုင်းတိုင်းအတွင်းမှ အကျဉ်းထောင်များမှ ပြန်လွတ်လာသည့်အထဲ နိုင်ငံရေးအကျဉ်းသားများ ပါမပါ၊ မသိရသေးပေ။

ယနေ့ လွတ်လာသူများထဲတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် များသည်လည်းကောင်း၊တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)အသီးသီးမှ ကျောင်းသားခေါင်းဆောင် များသည်လည်းကောင်း ပါဝင်လာခြင်းမရှိဟု သမဂ္ဂအဖွဲ့များကအတည်ပြုပြောသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့အကျဉ်းထောင်တွင် လွတ်ရက်စေ့ခါနီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများရှိနေသော်လည်း ယနေ့လွတ်ငြိမ်းတွင်ပါဝင်လာခြင်းမရှိဟု မြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း အမျိုးသားတစ်ဦးကပြောသည်။

“ ၆ ပုံ ၁ ပုံလျှော့ပေးမယ်ဆို ၆ လကျန်တွေအကုန်လွတ်ရမှာ အဲဒီလူတွေလည်းလွတ်မလာဘူး ချွင်းချက် ထဲ​၅၀၅ သမားတွေမပါဘဲနဲ့ဘာလို့မပါလည်းမသိဘူး” ဟုသူကပြောသည်။

ပုသိမ်ထောင်မှအကျဉ်းသား ၅၀ ဝန်းကျင်ပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသား ၄ ဦး ပါဝင် လာသည်ဟု ပုသိမ်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းအမျိုးသားတဦးကပြောသည်။

“ပုသိမ်က ၂ ဦး၊ ကျုံပျော်က ၂ ဦးပါလာပါတယ်၊ ၂ ဦးက ပုဒ်မ ၅၀၅ နဲ့ ၃၃၂ တို့နဲ့ ထောင် ၅ နှစ်စီချခံထား ရသူတွေပါ” ဟုသူကပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထိ ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သား ၆၀၀ ဝန်းကျင်ရှိနေသည်ဟုမြို့ခံနိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်မှ လွတ်လာသူများထဲတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဒေါက်တာ ခလမ်ဆမ်ဆွန်၊ NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း တို့ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အတည်ပြုသည်။ 

ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလက ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှု ၊ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံရကာ ထောင်ဒဏ် ၆ လချမှတ်ခံခဲ့ရသည်။  ဝန်ကြီး ၂ ဦးမှာ အာဏာသိမ်းသည့်ညကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသူများဖြစ် သည်။

ရခိုင်ပြည်နယ်၊ စစ်တွေထောင်မှ   ထင်ရှားသည့် ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးပြန်လွတ်သည်။ သူသည် ၂၀၂၃ ခုနှစ် ဩဂုတ်လက စစ်တွေမြို့တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထောင်ချခံခဲ့ရသည်။

မန္တလေးအိုးဘိုထောင်မှ  နေပြည်တော်ဒက္ခိဏသီရိမြို့နယ် လွှတ်တော်အမတ်ဦးသန့်ဇင်ထွန်း ပြန် လွတ်လာသည်ဟု AAPP ကပြောသည်။ ဦးသန့်ဇင်ထွန်းသည် အာဏာသိမ်းပြီးမကြာခင်မှာပင် ဖမ်းဆီးခံခဲ့ရသောသူ့ကို CDM ဝင်ရန်ဝန်ထမ်းများကိုလှုံ့ဆော်သည်ဆိုကာ ပုဒ်မ ၅၀၅ –  ဖြင့် တရားစွဲ ကာ ထောင် ၃ နှစ်ချမှတ်ခံခဲ့ရငသူဖြစ်သည်။

ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ယမန်နေ့ညက  ရာသီဥတုပူပြင်းသည်ဆိုသော အကြောင်းပြချက်ဖြင့် နေရာပြောင်းရွှေ့ချုပ်နှောင်လိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက   သတင်းဌာနများကို ဖြေကြားထားသည်။  

ထိုသို့ ဖြေဆိုရာတွင် “အကျယ်ချုပ်” “နေအိမ်” ဆိုသည့် စကားလုံးများ ပါဝင်ခြင်း မရှိသလို မည်သည့်ထောင်သို့ ပြောင်းလိုက်သည်ကိုလည်း ဖော်ပြမထားပေ။ 

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့သာမက သက်ကြီးအကျဉ်းသားများကို အပူဒဏ်သက်သာစေရေး   ဆောင်ရွက်ပေးနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အသက် ၇၃ နှစ်အရွယ် သမ္မတဦးဝင်းမြင့်သည် တောင်ငူထောင်တွင် ချုပ်နှောင်ခံနေရစဉ် မိသားစု ထောင်ဝင်စာတွေ့ခွင့် ရရှိထားသည်။

လာမည့်နှစ် ဇွန်လတွင် အသက် ၈၀ ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး မိသားစု၊ ရှေ့နေတို့နှင့် တွေ့ဆုံခွင့်၊ စကားပြောခွင့် ပိတ်ပင်ခံထားရသည်။

နေပြည်တော်ရှိ စစ်ရုံး၊ လေယာဉ်ကွင်းတို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရက်များမကြာမီ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေရာပြောင်း ချုပ်နှောင်ကြောင်း စစ်တပ်က အရိပ်အမြွက် ထုတ်ပြောလာသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button