သတင်း

စစ်တွေတွင် နိုင်ကျဉ်း ၁၀ ဦး ပြန်လွတ်၊ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ပါဝင်

ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတက်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူ ဒေါ်ညိုအေးသည် စစ်တွေထောင်တွင် ၉ လကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည်။

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး အပါအဝင် နိုင်ကျဉ်း ၁၀ ဦး ဧပြီ ၁၇ ရက်တွင် လွတ်မြောက်လာကြောင်း သိရသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထောင်ချခံထားရသူများ ဖြစ်သည်ဟု သိရသည်။

“၅၀၅ (က) က ၁၀ ယောက် လွတ်ပါတယ်။  ၁၀ ယောက်ထဲမှာ ကျွန်မတစ်ယောက်ပဲ အမျိုးသမီးပေါ့။ အကုန်လုံး တော်တော်လေးကို ကြံ့ကြံခံ နေနိုင်တဲ့လူတွေပေါ့။  ပုဏ္ဏားကျွန်းဘက်က ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ၊ ရင်းနှီးတဲ့ ကလေးတွေ၊ စစ်တွေက ကလေးတွေ ပါပါတယ်” ဟု အသက် ၆၈ နှစ်အရွယ် ဒေါ်ညိုအေးက Myanmar Now ကို ဧပြီ ၁၇ ညနေပိုင်းတွင် ပြောသည်။

“သူတို့က ကျွန်မကို ဒီကနေ့ ၉ နာရီထိုးလောက်မှ လာပြီး ပြောတာပေါ့။ ကျွန်မကို လွတ်ပါပြီဆိုတဲ့အကြောင်းကို လာပြောတာပါ။ ကျွန်မကတော့ လွှတ်ဖို့ မလွှတ်ဖို့လည်း မသိဘူးပေါ့လေ။ သူတို့ ဘာမှလည်း မပြောပြထားဘူး။ ကျွန်မက ၉ လအထိ နေခဲ့ရတာ။ လျှော့ရက်တွေနဲ့ ထောင်ထဲမှာ တစ်သတ်မတ်တည်းဆေးကုနေရတော့ ဆေးမှတ်တမ်းတွေအရ၊ အသက်ကလည်း ကျွန်မ အကြီးဆုံးဖြစ်နေတော့ အမည်တပ်ပြီးတော့ကို သူတို့ လွှတ်ပေးတာပါ”

၂၀၂၃ ဩဂုတ် ၁၅ ရက်တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးခန်း၌ ဒေါ်ညိုအေး ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၂၃ ဩဂုတ် ၁၃ ရက်နေ့က စစ်တွေမြို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ရာ ဒေါ်ညိုအေး တက်ရောက်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်ညိုအေးသည် စစ်ပွဲရပ်တန့်ရေး၊ ရခိုင့်သယံဇာတ ရခိုင်တို့ ရရှိရေး စသည့် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အမျိုးသမီးအရေးကိစ္စရပ်များတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်သည်။

ဆန်စပါးရှားပါးမှုကြောင့် ၁၉၆၇ ၊ သြဂုတ် ၁၃ တွင် စစ်တွေမြို့၌ “နှာခေါင်းပိုင်း နေဝင်းအစိုးရ အလိုမရှိ”၊ ”မဆလအစိုးရ အလိုမရှိ”၊ “ဆန်ပြဿနာ ဖြေရှင်းပါ၊ ရခိုင်အရေးတော်ပုံ အောင်ရမည်” ဟု ဆန္ဒပြကြရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

သို့သော် မဆလအစိုးရက ၂၄ ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့ကြောင်း စစ်တွေအခြေစိုက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က ထုတ်ဝေသည့် “စစ်တွေဆန်ပြဿနာ နှစ် ၅၀ ပြည့် မှတ်တမ်း” စာအုပ်တွင် ရေးသားထားသည်။

ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူ ဒေါ်ညိုအေးက ဆေးဝါးကုသမှုခံယူမည်ဟု ပြောသည်။

“ကျွန်မ အသည်းမှာ အဆီဖုံးနေတယ်။ ဆီးချို တက်တယ်ပေါ့။ သွေးတိုးနဲ့ဆိုတော့ ထောင်ထဲမှာ ဒဏ်ခံရတော့ ထောင်ထဲမှာက စားရေးသောက်ရေးက ကျပ်တည်းတော့ နည်းနည်းဒဏ်ရှိလာတာပေါ့” ဟု ဒေါ်ညိုအေးက ဆိုသည်။

မိသားစုပို့ပေးသမျှကို မျှချွေစားရသည်ဟု ၎င်းက ဆက်ပြောသည်။

“ထောင်မှာဆို ကော်ဖီမစ်တစ်ထုပ် ၇၀၀ နှုန်းလောက်၊ စစ်တွေမှာ ၅၀၀၊ ၆၀၀ ဖြစ်နေတော့လေ။ ပေါင်မုန့်တွေ ရှာမရဘူး။ ဘီစကစ်တွေ ရှားပါးတယ်။ ဆန်ကို ဒီတိုင်းပြုတ်ထားတာ၊ ဆားလည်းမပါ၊ ဆန်ပြုတ်လို မနက်ပိုင်း ကျွေးတာတစ်ခုရယ်၊ မနက်ပိုင်းထမင်းဆိုလည်း ဘာမှ မရှိတော့ဘူးပေါ့၊ ပဲရေကျဲပဲပေါ့၊ ပြီးတော့ ညဘက်ဆိုလည်း ငါးခြောက်ဆိုရင် တော်တော်လေးသုံးစားမရတဲ့ ငါးခြောက်မျိုး၊ တစ်ယောက် ၂ ကောင်လောက်စီ” ဟု သူက ဆိုသည်။

ဆက်လက်၍ စစ်တွေထောင်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်မှ ဝန်ကြီးတချို့ အပါအဝင် အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူခံထားရသူ ၁၀၀ ခန့် ရှိနိုင်ကြောင်း၊ အခြားနိုင်ကျဉ်း ၈၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

“၁၇ (၁) တွေကတော့ ဘယ်သူမှ မလွတ်ပါဘူး။ အမျိုးသမီးတွေထဲမှာ ဆိုရင်တော့ ၁၇ (၁) က ၅ ယောက်၊ ၆ ယောက် လောက်ရှိတယ်။ ၅၀၅ (က) က ၂ ယောက် စွပ်စွဲခံထားရတာရှိတယ်။ အွန်လိုင်းထက်ကနေ စကားပြောမိလို့ပေါ့။ အမျိုးသမီးတစ်ယောက်ကတော့ အွန်လိုင်းမှာ AA တိုက်တာခိုက်တာတွေ တက်လာတော့ အောင်မြင်ပါစေလို့ စကားတစ်လုံး ရေးလိုက်လို့ ၅၀၅ (က) နဲ့ စွပ်စွဲခံထားရတဲ့ အသက် ၄၀ အရွယ် ကျော်ကျော်လောက်တစ်ယောက်ပေါ့။ နောက် ကောင်မလေးတစ်ယောက်က အွန်လိုင်းကပဲ စကားပြောတာပေါ့။ အဲဒါတွေကို မိသွားတဲ့အတွက် တစ်ယောက် ပါ” ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၇ တွင် အကျဉ်းသား ၃၃၀၃ ဦးကို ခြွင်းချက်နှင့် ပြန်လွှတ်ပေးခဲ့ရာ ထိုအထဲတွင် နိုင်ကျဉ်းတချို့လည်း ပါဝင်သည်။

ထို့ပြင် နိုင်ငံခြားသားအကျဉ်းသား  ၃၆ ဦးကိုလည်း လွှတ်ပေးခဲ့သည်။ ထို့ကြောင့် အကျဉ်းသားစုစုပေါင်း ၃၃၃၉ ဦး ဖြစ်သည်ဟု သိရသည်။

နောက်တစ်ကြိမ် ထပ်မံအရေးယူခံရပါက ယခုကျခံရန် ကျန်ရှိသော ထောင်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော “စည်းကမ်းသတ်မှတ်ချက်ဖြင့်” ထောင်မှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း အကျဉ်းသား ရာနှင့်ချီ ပြန်လွှတ်ခဲ့ရာ AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ၃ နှစ်နီးပါး စစ်တွေထောင်၌ ချုပ်နှောင်ခံရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများ အပါအဝင် ၂၆ ဦး လွတ်မြောက်ခဲ့သည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက ‘ပြစ်ဒဏ်လွတ်ငြိမ်းခွင့်’ ခေါင်းစဉ်ဖြင့် အကျဉ်းသားများကို အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာ ပါဝင်ခဲ့သည်။

ယမန်နေ့က လွှတ်ပေးခဲ့သူ ၃၃၃၉ ဦးအနက် ကချင်ပြည်နယ်မှ ၇၀ ဦး၊ ကယားပြည်နယ် မှ ၁ ဦး၊ ကရင်ပြည်နယ် မှ ၄၀ ဦး၊ စစ်ကိုင်းတိုင်းမှ ၉၈ ဦး၊ တနင်္သာရီတိုင်းမှ ၇၃ ဦး၊ ပဲခူးတိုင်းမှ ၃၆၁ ဦး၊ မကွေးတိုင်းမှ ၁၅၈ ဦး၊ မန္တလေးတိုင်းမှ ၅၃၀ ဦး၊ မွန်ပြည်နယ်မှ ၂၀၄ ဦး၊ ရခိုင်ပြည်နယ်မှ ၂၄၇ ဦး၊ ရန်ကုန်တိုင်းမှ ၉၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၁၆၁ ဦး၊ ဧရာဝတီတိုင်းမှ ၂၇၀ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၁၉၀ ဦး ပါဝင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီ ၁၂ စာရင်းအရ နိုင်ကျဉ်းအရေအတွက် ၂၀၃၅၁ ဦး ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button