သတင်း

ရခိုင်အမျိုးသမီးအသင်းဥက္ကဋ္ဌ အဖမ်းခံရပြီးနောက် တက်ကြွလှုပ်ရှားသူများ ရှောင်နေရ

ယမန်နေ့ (သြဂုတ် ၁၅) တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ကာ ထောင်တန်းပို့လိုက်ပြီးနောက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများ တိမ်းရှောင်နေရသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ယခုလ ၁၃ ရက်နေ့တွင် စစ်တွေမြို့တစ်နေရာ၌ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့ရာ ဒေါ်ညိုအေးလည်း တက်ရောက်ခဲ့သည်။

ထို့နောက် ယမန်နေ့တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရုံးခန်းသို့ ယူနီဖောင်းဝတ်ရဲများနှင့် အရပ်ဝတ်တချို့ ရောက်လာကာ မေးမြန်းစရာရှိသည်ဆိုကာ အသက် ၆၇ နှစ်အရွယ် ဒေါ်ညိုအေးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

“ဆန်ပြဿနာနေ့ လုပ်တာနဲ့ ပတ်သက်ပြီး နည်းနည်းမေးစရာရှိလို့ စခန်းလိုက်ခဲ့ပါ။ ပြီးရင် ပြန်သွားလို့ရတယ်လို့ ခေါ်သွားတာ။ သူက ကျန်းမာရေးမကောင်းတဲ့ကြားကနေ လိုက်သွားတာ။ ရဲစခန်းရောက်လို့ နည်းနည်းကြာတော့ သူ့ကို အမှုဖွင့်လိုက်တယ်လို့ ကြားတယ်။ ပြီးတော့ အချုပ်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်” ဟု ဒေါ်ညိုအေး၏ သမီးဖြစ်သူက ပြောသည်။

ဒေါ်ညိုအေးကို စစ်တွေ အမှတ် (၁) ရဲစခန်းတွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီးနောက် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မိခင်မှာ သွေးတိုးရောဂါရှိသည့်အပြင် ဖျားနာနေသဖြင့် ကျန်းမာရေး စိုးရိမ်ရသည်ဟု သမီးဖြစ်သူက ပြောသည်။

“ကျွန်မအမေဟာ သွေးတိုးရှိတယ်၊ နှလုံးရှိပါတယ်။ လောလောဆယ်ဖြစ်နေတာက တုပ်ကွေးဖြစ်နေတယ်။ တုပ်ကွေးဖြစ်နေလို့ အစားအသောက် စားမဝင်ဘူး။ အဲဒါကြောင့် ခြေတုန်လက်တုန်ဖြစ်နေတယ်။ ခုလို ဖြစ်သွားတော့ ပိုပြီးစိုးရိမ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်ညိုအေးသည် စစ်ပွဲရပ်တန့်ရေး၊ ရခိုင့်သယံဇာတ ရခိုင်တို့ ရရှိရေး စသည့် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အမျိုးသမီးအရေးကိစ္စရပ်များတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်သည်။

ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့တွင် ဩဂုတ် ၁၃ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- DMG)

၎င်းဖမ်းဆီးခံရမှုသတင်းကြောင့် ဆန်ပြဿနာနေ့အခမ်းအနားပြုလုပ်ခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တချို့နှင့် ထိုပွဲ တက်ရောက်ခဲ့သည့် စစ်တွေမြို့ရှိ လူမှုရေးအဖွဲ့အစည်းများမှ ထင်ရှားသူတချို့လည်း တိမ်းရှောင်နေရသည်ဟု သိရသည်။

ဆန်စပါးရှားပါးမှုကြောင့် ၁၉၆၇ ၊ သြဂုတ် ၁၃ တွင် စစ်တွေမြို့၌ “နှာခေါင်းပိုင်း နေဝင်းအစိုးရ အလိုမရှိ”၊ ”မဆလအစိုးရ အလိုမရှိ”၊ “ဆန်ပြဿနာ ဖြေရှင်းပါ၊ ရခိုင်အရေးတော်ပုံ အောင်ရမည်” ဟု ဆန္ဒပြကြရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

သို့သော် မဆလအစိုးရက ၂၄ ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့ကြောင်း စစ်တွေအခြေစိုက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က ထုတ်ဝေသည့် “စစ်တွေဆန်ပြဿနာ နှစ် ၅၀ ပြည့် မှတ်တမ်း” စာအုပ်တွင် ရေးသားထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ မည်သူမဆို လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ရှိကြောင်း ဖော်ပြထားသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ဝေဖန်သည်။

“အရင်နှစ်တွေကလည်း အောက်မေ့ဖွယ်အခမ်းအနား လုပ်ခဲ့တာပဲ။ သူတို့ (အာဏာပိုင်) ဘာမှမလုပ်ခဲ့ဘူး။ ဒီနှစ် သက်သက် တမင်တကာလုပ်တာနေမှာပေါ့” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထားသော်လည်း စစ်ရေးတင်းမာနေကာ စစ်ကောင်စီက ဒေသခံများကိုလည်း AA သံသယဖြင့် ဖမ်းဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆက်စပ်ဖြင့် ဖမ်းဆီးခြင်းများ၊ အမှုဖွင့် ထောင်ချခြင်းများ ရှိနေသည်။

ရခိုင်ပြည်နယ်သည် ယခုနှစ် မေလအတွင်းက အင်အား အလွန်ပြင်းထန်သော မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသော်လည်း စစ်ကောင်စီ၏ ဟန်ပြလုပ်ဆောင်မှုများကြောင့် လုံလောက်သော ကူညီထောက်ပံ့မှုမရဟု ဒေသခံများက ထုတ်ဖော်ပြောဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button