နိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ ခေါ်ထုတ်သွားပြီး အကြောင်းမျိုးစုံပြ၍ သတ်ဖြတ်နေသည့် မြန်မာစစ်ကောင်စီထံ ငွေကြေးနှင့် စစ်လက်နက်ပစ္စည်းများ မစီးဆင်းနိုင်ရေးအတွက် ပိတ်ဆို့ အရေးယူပေးရန် ဩစတြေးလျ ဖက်ဒရယ်လွှတ်တော်၊ ဗစ်တိုးရီးယားပြည်နယ်၊ ဂိုးစတိန်းမဲဆန္ဒနယ် တစ်သီးပုဂ္ဂလအမတ် မစ္စ ဇိုးဒန်နီရယ်က ဩစတြေးလျအစိုးရထံ ယနေ့ (ဇူလိုင် ၁၁) တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၃ ခုမှ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက ထောင်ပြောင်းမည်ဆိုကာ ပြင်ပသို့ ခေါ်ထုတ်ပြီး ပစ်သတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက ဩစတြေးလျနိုင်ငံ၊ နိုင်ငံရေးခြားရေးဝန်ကြီးဌာနနှင့် လွှတ်တော်သို့ အကြောင်းကြားစာ ပို့ပြီးနောက်တွင် ဇိုးဒန်နီရယ်က ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာတွင် စစ်ကောင်စီကို တရားစီရင်နိုင်ရေး၊ မြန်မာစစ်ခေါင်းဆောင်များအပေါ် ဆယ်စုနှစ်ကျော်ကြာ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်း အဆုံးသတ်နိုင်ရေးတို့အတွက် မြန်မာလူထုကို ကိုယ်စားပြုသည့် ၎င်းတို့ကို ပိုမိုထောက်ပံ့ကူညီပါရန် NUG က တောင်းဆိုထားသည်။
ဂိုးစတိန်းမဲဆန္ဒနယ်အမတ် ဇိုးဒန်နီရယ်ကလည်း ထိုဖြစ်ရပ်များမှာ စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး နောက်ထပ်ဖြစ်လာနိုင်သည့် စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုံစမ်းရန် အစိုးရကို တောင်းဆိုထားသည်။
စစ်တပ် ထိန်းချုပ်ထားသည့် လုပ်ငန်းများမှတစ်ဆင့် စစ်ကောင်စီထံ စီးဆင်းမည့် ဝင်ငွေလမ်းကြောင်းများကို ပိတ်ဆို့ခြင်းအပြင် အိမ်နီးချင်းနိုင်ငံများတွင် ငွေကြေးခဝါချနိုင်ခြေများကိုပါ ရပ်တန့်နိုင်ရန် လိုအပ်သည်ဟု ဇိုးဒန်နီရယ်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ဇွန် ၂၇ ရက်က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ထောင်ပြင်ပ ခေါ်ထုတ်ပြီးနောက် ၃၇ ဦး ပျောက်ဆုံးနေကာ ၂ ဦး သေဆုံးသွားပြီဟု အတည်ပြုနိုင်ကြောင်း က ဇူလိုင် ၁၀ တွင် ထုတ်ပြန်ထားသည်။
ပဲခူးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း ဆိုသူတို့ သေဆုံးသွားပြီဟု မိသားစုထံ စစ်ကောင်စီက အကြောင်းကြားထားကြောင်း Myanmar Now ကလည်း သတင်းဖော်ပြပြီးဖြစ်သည်။
NUG ဩစတြေးလျကိုယ်စားလှယ်ရုံးက သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လွှတ်တော်သို့ ပေးပို့သည့် စာတွင် ပါဝင်သော မုံရွာထောင်နှင့် တောင်ငူထောင်တို့တွင် ရှိနေသည့် နိုင်ကျဉ်းများကို စစ်ကောင်စီက အလားတူပြုမူ သတ်ဖြတ်မှုများနှင့် ပတ်သက်၍မူ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်တပ်နှင့် နီးစပ်သည့် အဆိုတော် လီလီနိုင်ကျော်ကို ဇွန်လက ရန်ကုန်မြို့၌ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသော အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်းနှင့် ၃၀ အရွယ် ကိုကျော်သူရတို့ကိုလည်း စစ်ကောင်စီက အထက်ပါအတိုင်း ယုတ္တိမတန်သော အကြောင်းပြချက်ပေးကာ သတ်ဖြတ်ခဲ့သေးသည်။
လီလီနိုင်ကျော် သေဆုံးမှု တစ်လပြည့်သည့်နေ့ ဇူလိုင် ၆ ရက် နေ့လယ် ၁၁ နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် မောင်းမကန်လမ်း တစ်နေရာတွင် သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေး၍ ပစ်ခတ်လိုက်ရသည်ဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ မျိုးစုံလုပ်နေသည်ဆိုသော်လည်း မြန်မာစစ်တပ်က ကုန်ကျစရိတ်ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ နေ့စဉ် လုပ်ဆောင်နေဆဲဖြစ်ကာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)