လေ့လာသုံးသပ်ချက်

လီလီနိုင်ကျော်အမှု ဖမ်းဆီးခံလူငယ်များ သေဆုံးပုံနှင့် ယုတ္တိမတန်သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်များ

အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးသည် ရန်ကုန်မြို့တစ်နေရာတွင် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယုတ္တိမတန်သော ကွဲလွဲချက် များစွာရှိနေသည်။

လွန်ခဲ့သည့် မေလက ဖြစ်ခဲ့သော လီလီနိုင်ကျော်သတ်ခံရမှုနှင့် ကျူးလွန်သည်ဟူသော သံသယဖြင့် ထိန်းသိမ်းခံထားရသည့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်းနှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့ကို သက်သေခံပစ္စည်းများရှာဖွေရန် လွန်ခဲ့သည့် ရက်သတ္တပတ် ဇူလိုင် ၆ ရက်၌ အပြင်သို့ ခေါ်ဆောင်ချိန်တွင် ၎င်းတို့က “လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွန်းထိုးတိုက်ခိုက်ထွက်ပြေးသဖြင့်” အသေပစ်ခတ်ခဲ့ရပါသည်ဟု စစ်တပ်က ၎င်းနှင့် နီးစပ်သော မီဒီယာများကို သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရတို့မှာ စစ်တပ်ထုတ်ပြန်ချက်အတိုင်း အသက်သေဆုံးခဲ့ခြင်းမဟုတ်ဘဲ စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခြင်း (သို့မဟုတ်) တမင်သက်သက်ပစ်လိုက်ခြင်းက ပိုမိုဖြစ်နိုင်ကြောင်း သံသယဝင်နိုင်သည့် အချက်အလက်တချို့ရှိနေသည်။

ရန်ကုန်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ

အချိန်နှင့်နေရာကွဲလွဲချက်

ဖမ်းဆီးခံထားရသူနှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့်သတင်းကို ပထမဆုံးထုတ်ပြန်သည်က မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန ဖြစ်သည်။ 

ဖြစ်ရပ်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းတွင် “ဇူလိုင် ၇ ရက်၊ ည ၁၁ နာရီဝန်းကျင်” တွင် ဖြစ်ပွားခဲ့ခြင်းဟု VOM က ရေးသားသည်။ သတင်းတွင် – လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက “…….သူတို့နှစ်ယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုးတိုက်ခိုက် ထွက်ပြေးပြီး ရပ်တန့်မှုမရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာလို့ သိရပါတယ်” ပြောသည်ဟုလည်း ပါရှိသည်။

ဆိုလိုသည်က ရန်ကုန်၊ မြောက်ဒဂုံ မောင်းမကန်လမ်းတွင် ဇူလိုင် ၇ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားသည်ဟု သဘောပေါက်နိုင်သည်။ သတင်းဌာနကို ရဲအရာရှိက သတင်းပေးခြင်း ဖြစ်နိုင်သလို ရဲကြေးနန်းကို သတင်းထောက်က ရယူပြီး သတင်းရေးခြင်းလည်း ဖြစ်နိုင်သည်။

ယင်းနောက် စစ်ကောင်စီအားပေး တယ်လီဂရမ်ချန်နယ်များတွင်လည်း အထက်ပါသတင်းနှင့် ထပ်တူးနီးပါးတူသည့် သတင်းထုတ်ပြန်ချက်များ ဆက်တိုက် တက်လာသည်။ သို့သော် အခင်းဖြစ်ပွားသည်က “ ဇူလိုင် ၇ ရက် ည ၁၁ နာရီ” မဟုတ်တော့ဘဲ “ဇူလိုင် ၆ ရက်၊ ည ၁၁ နာရီ” ဖြစ်သွားသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ညပိုင်းမဟုတ်တော့ဘဲ နေ့ဘက်ဖြစ်သွားပြီး “ဇူလိုင် ၆ ရက် နေ့လည် ၁၁ နာရီ” ဟု ဆိုပြန်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ရှေ့နောက်မကိုက်ညီမှုများရှိနေသည်။

သတင်းသုံးခုတွင် ကွဲလွဲချက်ကိုယ်စီ ရှိနေသော်လည်း “ဖြစ်ပွားသည့်နေရာ” နှင့် “သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်” ဆိုသည်ကတော့ တူညီသည်။ အခင်းဖြစ်ပွားသည်ဆိုသည့် ရန်ကုန်၊ မြောက်ဒဂုံ မောင်းမကန်လမ်း ဆိုသည်က ပျားပန်းခတ်အောင် လူအသွားအလာများသည့် နေရာမဟုတ်သော်လည်း အသွားအလာရှိနေသည့် နေရာဖြစ်သည်။ နေ့ (သို့မဟုတ်) ည တစ်ချိန်ချိန် ပစ်ခတ်မှုဖြစ်ပါက သေနတ်သံများအကြောင်း ဒေသခံများ ကြားနိုင်လောက်သည့် နေရာဖြစ်သည်။

ထွက်ပြေးရန်ဆိုသည်ကလည်း စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို လက်ထိတ်၊ သံကြိုး စသည်တို့ဖြင့် တုပ်နှောင်လာမည်မှာ အသေအချာပင်ဖြစ်သလို ထွက်ပြေးခဲ့သည်ဆိုပါကလည်း လူနေရပ်ကွက်များ၊ လယ်ကွင်းပြင်များအကြား အလွယ်တကူ ပြန်လည်ဖမ်းမိနိုင်သည့် နေရာဖြစ်သည်။

စစ်ကြောရေးမှာ ၁ လတာ

သေဆုံးသွားသူများကို လွန်ခဲ့သည့် တစ်လကျော် ဇွန်လ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ရက်စက်ကြမ်းကြုတ်သော စစ်ကြောရေးငရဲခန်းသို့ စစ်ကောင်စီက ပို့ဆောင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ သို့သော် ၁ လ နှင့် ၂ ရက်ကြာမှ သက်သေခံပစ္စည်းအကြောင်း ဝန်ခံသည်ဆိုသည်က ယုတ္တိမတန်သော အချက်ပင်ဖြစ်သည်။ စစ်ကြောရေးစခန်းမှ လက်မရွံ့ငရဲသားများသည် လိုချင်တာ မရပါက ရက် ၃၀ လောက်စောင့်လောက်အောင် သဘောကောင်းသူများ မဟုတ်ကြ။

တိုက်ဆိုင်နေသည့်ရက်စွဲများ

ထိုလူငယ်နှစ်ဦး သတ်ခံလိုက်ရသည့် ဇူလိုင် ၆ ရက်နေ့သည် ဒေါ်လီလီနိုင်ကျော် သေဆုံးပြီး တစ်လတိတိပြည့်သည့် နေ့ဖြစ်သည်။ ဒေါ်လီလီနိုင်ကျော်သည် မေ ၃၀ တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ဆေးရုံတွင် အသက်လုရင်း ဇွန်လ ၆ ရက်တွင် ကွယ်လွန်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၆ သည် သတ်ဖြတ်မှုသံသယဖြင့် ထိန်းသိမ်းခံထားရသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မဝမ်းကွဲတို့ သတ်ဖြတ်ခံရပြီး တစ်လတိတိပြည့်သည့် နေ့လည်းဖြစ်သည်။

ထိုအမျိုးသမီးနှစ်ဦးသည် ဇွန်လ ၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ထန်းတပင်မြို့နယ်ရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ် (သို့မဟုတ်) စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသူများက ဒေါ်လီလီနိုင်ကျော်အတွက် လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုကြသည့်နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက နှုတ်ပိတ်ခြင်းဖြစ်သည်ဟုလည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ရေးသားကြသည်။

ဒေါ်လီလီနိုင်ကျော်၊ နေပြည်တော်နှင့် မော်စကိုအဆက်အစပ်

ဒေါ်လီလီနိုင်ကျော်သည် စစ်ကောင်စီအတွက် စစ်သီချင်းတစ်ပုဒ်ထုတ်ရန် စီစဉ်နေရင်း သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ စစ်သီချင်းသစ်အတွက် နေပြည်တော်က စစ်ဗိုလ်ချုပ်များသာမက မော်စကိုနှင့် ရန်ကုန်က ရုရှားစစ်ဘက်နှင့် သံတမန်များလည်း ပါဝင်ပတ်သက်နေသည်။

ဒေါ်လီလီနိုင်ကျော်၏ “ကျီစားသလား” သီချင်းသည် အရပ်သားများအကြားတွင် နာမည်ကျော်သည့် သင်္ကြန်သီချင်းဖြစ်ပြီး စစ်ကောင်စီအတွက်ကတော့ သင်္ကြန်သီချင်းထက် ဒေါ်လီလီနိုင်ကျော်စီစဉ်သည့် စစ်သီချင်းများကို ပိုမိုသဘောကျသည်။

သူက မြန်မာစစ်တပ်အတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ်ကို ၂၀၁၈ ခန့်က သီဆိုပေးခဲ့ဖူးပြီး ထိုသီချင်းသည် စစ်တပ်ထောက်ခံသူများအကြားတွင် ထင်ရှားသည်။

“တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်…..မြန်မာ့သတ္တိ ကမ္ဘာက သိအောင် ငါတို့တိုက်ခိုက်မယ်” ဟု အစချီထားသည့် “တူယှဉ်ကာတိုက်စို့” ဆိုသည့် ရဲဘော်သုံးကျိပ်ခေတ် စစ်ချီသီချင်းနှင့် အခြားဖန်တီးမှုများပေါင်းကာ ဒေါ်လီလီနိုင်က စစ်သီချင်းတစ်ပုဒ် ထုတ်လုပ်ခဲ့သည်။ “တူယှဉ်ကာတိုက်စို့”  စစ်သီချင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီကာလများက ဂျပန်စစ်ချီတေးဖြစ်သည့် Aiba shingunka (March of the beloved horse) ကို မြန်မာစာသား ထည့်ထားခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဒေါ်လီလီနိုင်ကျော်ထုတ်လုပ်မည့် နောက်ထပ်စစ်သီချင်းက ရုရှားစစ်သီချင်းကို မှီငြမ်းပြီး မြန်မာစာသားဖြင့် သီဆိုရန်ဖြစ်သည်။ ထိုသီချင်းအတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းသာမက ရန်ကုန်ရှိ ရုရှားသံရုံးမှတစ်ဆင့် ရုရှားအစိုးရနှင့် စစ်တပ်အထိ ခွင့်ပြုချက်ယူခဲ့ရကြောင်း ဒေါ်လီလီနိုင်၏ မိတ်ဆွေ၊ ဂီတပညာရှင် ဦးဝင်းမော် (ရွှေသံစဉ်) က သူပိုင်ရုပ်သံ The Voice of Myanmar Nation မှ ဇွန်လ ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ဦးဝင်းမော်သည် ၁၉၉၆ နှင့် ၂၀၀၇ ရွှေဝါရောင် အရေးအခင်းတို့တွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး စစ်တပ်၏ အာဏာသိမ်းမှုကိုတော့ ထောက်ခံသူဖြစ်သည်။

ရုရှားနှင့် မြန်မာ စစ်တပ်အတွက် ပထမဆုံးဖြစ်လာမည့် စစ်သီချင်းကို အသံသွင်းပြီးသော်လည်း မထုတ်လွှင့်ခင် ဒေါ်လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်က ရုရှားကို မျက်နှာလုပ်နေရသည့် စစ်ကောင်စီအတွက် မျက်နှာပျက်စရာ ဖြစ်လာသည်။

သတ်ဖြတ်မှုကို အောင်ပွဲခံခြင်းနှင့် နာဇီတို့၏ လုပ်ရပ်များ

စစ်ကောင်စီ၏ ယုတ္တိမတန်သောထုတ်ပြန်ချက်အပြီး စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များက သတ်ဖြတ်မှုကို အောင်ပွဲခံကြသည်။ စစ်တပ်၏ အာဘော်များကို ဖော်ပြနေသည့် “တပ်ကြပ်ကြီးဖိုးစီ” တယ်လီဂရမ်ချန်နယ်က နောက်ပိုင်းဖမ်းမိသူများကို သတ်ဖြတ်ရန်နှင့် ထောင်ထဲတွင် ဖမ်းဆီးထားပါက နိုင်ငံနစ်နာကြောင်း ရေးသားသည်။

တော်လှန်အာခံသူများကို ဖမ်းမိချိန်တွင် သတ်ဖြတ်ပစ်ပြီး အပြတ်ရှင်းပြစ်သည့် နည်းလမ်းကို ပြီးခဲ့သည့်နှစ် ယခုကဲ့သို့အချိန် ဇူလိုင်လတွင် စစ်ကောင်စီက စတင်ပြုလုပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် အရပ်သားများဖြစ်သည့် ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို တိတ်တဆိတ် ကြိုးစင်တင်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ရပ်အပြီး စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော နောက်ထပ်လုပ်ရပ်တစ်ခု ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ခဲ့သည်။ ယခုအခါတွင်တော့ စစ်ကောင်စီသည် အတိုက်အခံများကို ကြိုးစင်မတင်ဘဲ တိတ်တဆိတ်သတ်ဖြတ်သည့်နည်းလမ်းကို သုံးလာသည်။

စစ်ကောင်စီက တိတ်တဆိတ် ကြိုးစင်တင်သတ်ဖြတ်လိုက်သည့် ကိုဖြိုးဇေယျာသော်

၂၀၂၃ ဇူလိုင်တွင် ဒေါ်လီလီနိုင်ကျော်အမှုတွဲဖြင့် ဖမ်းဆီးခံရသူများ၏ သတင်းအပြင် နောက်ထပ်ဖမ်းဆီးခံရသူများ သတ်ဖြတ်ခံရသည့် သတင်းများလည်း ရှိနေသေးသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် နှင့် အမှုတွဲတစ်ဦးဖြစ်သူ ကိုအောင်မျိုးသူတို့ကို ထောင်ပြောင်းစဉ် ထွက်ပြေးသောကြောင့် ပစ်သတ်လိုက်ကြောင်း စစ်ကောင်စီ၏ အကြောင်းကြားစာကို မိသားစုက ဇူလိုင် ၅ ရက်နေ့တွင် ရရှိခဲ့ကြောင်း သိရသည်ဟု ရန်ကုန်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ထောင်ပြောင်းစဉ် နိုင်ကျဉ်းများ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရသည်ဟူသည့် အကျဉ်းထောင်ဦးစီးအရာရှိ၏ အကြောင်းကြားစာကို ယုံကြည်မှုမရှိဟု ကိုအောင်မျိုးသူ၏ မိသားစုဝင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“ထောင်ပြောင်းတယ်ဆိုတာက ခြေချင်းက ၂ ယောက်ကို တစ်ကွင်းခတ်တာ၊ တစ်ယောက်ကို တစ်ကွင်းခတ်တာမဟုတ်ဘူး။ အဲ့ဒီတော့ ထွက်ပြေးဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်ကတော့ အဲ့ဒီဖြစ်စဉ်ကို လုံးဝမယုံဘူး” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းခြင်း၊ ထောင်ပြင်ခေါ်ထုတ်စစ်ဆေးရာမှ သေဆုံးခြင်းတို့အတွက် စစ်ကောင်စီ၏ ဖာထေးပြောဆိုချက်များကို အယုံအကြည်မရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“ဒီကိစ္စက ပြန်ခေါ်ထုတ်ပြီး စစ်ဆေးတာ မဟုတ်ပါဘူး။ မျက်ကွယ်ရာခေါ်ပြီး သတ်ဖြတ်တယ်လို့ ပြောရမှာပဲ။ ဒါက ဖက်ဆစ်တပ်က လုပ်တဲ့ ဖက်ဆစ်လုပ်ရပ်တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ တော်လှန်ရေးသမားကို သတ်ရုံနဲ့တော့ တော်လှန်ရေးကို ရပ်လို့ရမှာမဟုတ်ဘူး ဒါက သေချာပါတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) ကတော့ ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးအထိ ရှိပြီး သတင်းလည်း ပျောက်နေသည်ဟု ဆိုသည်။

AAPP-B ၏ စာရင်းအရ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ ဦးရှိပြီး ၁၁၅ ဦးမှာ စစ်ကောင်စီ လက်ထဲရောက်နေသည်။

AAPP-B ၏ စာရင်းအရ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ ဦးရှိပြီး ၁၁၅ ဦးမှာ စစ်ကောင်စီလက်ထဲရောက်နေသည်။

ဆန့်ကျင်သူများကို သတ်ဖြတ်ရာတွင် စစ်တပ်၏ မရိုးနိုင်သော ဆင်ခြေဖြစ်သည့် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရသည်ဆိုသည့် လုပ်ရပ်ကြောင့် ဖမ်းဆီးခံရသူများ သေဆုံးသည့်သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဖမ်းဆီးခံထားရသူများကို သတ်ဖြတ်ရာတွင် စစ်ကောင်စီ၏ အကြောင်းပြချက်မျိုးထက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လိုက်ခြင်းက ပိုမိုဖြစ်နိုင်ကြောင်း စစ်ကောင်စီ၏ ယုတ္တိမတန်သော ထုတ်ပြန်ချက်များတွင် တွေ့နေရသည်။

စစ်ကောင်စီ၏ တရားလက်မဲ့ သတ်ဖြတ်မှုများကို ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့် ထပ်တူဖြစ်နေပါသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဝေဖန်ထားသည်။

Show More

Related Articles

Back to top button